တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပြင် ဗီယက်နမ် စစ်ရေးလေ့ကျင့်မည်

တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပြင် ဗီယက်နမ် စစ်ရေးလေ့ကျင့်မည်

တောင်တရုတ်ပင်လယ် အတွင်းမှာ တကယ့်ကျည်အစစ်တွေကို သုံးပြီး ရေတပ် စစ်ရေးလေ့ကျင့်မှု လုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံက စီစဉ်နေပါတယ်။ အာရှဒေသမှာ ဒေသတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာနဲ့ အလားအလာရှိတဲ့ သယံဇာတတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ပိုဖြစ်လာနေတဲ့ တချိန်တည်းမှာပဲ ဗီယက်နမ်နိုင်ငံက အခုလို စစ်ရေးလေ့ကျင့်တာတွေ လုပ်ဖို့ ပြင်ဆင်နေတာပါ။

စစ်ရေးလေ့ကျင့်တာတွေကို တနင်္လာနေ့မှာ လုပ်သွားမှာဖြစ်ပြီး အရပ်ဘက် သင်္ဘောတွေကို ကွမ်နမ်ခရိုင် အနားက ရေပိုင်နက် အတွင်းမှာ မနေကြဖို့ ဗီယက်နမ် အစိုးရက သတိပေးထားပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ ရေပိုင်နက်ကို ကျူးကျော်တယ်ဆိုပြီး ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အပြန်အလှန် စွပ်စွဲခဲ့ကြပြီးတဲ့နောက် အခုလို စစ်ရေးလေ့ကျင့်တာတွေ ဖြစ်လာခဲ့တာပါ။

ဗီယက်နမ်ဟာ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်ခဲ့တဲ့အတွက် တောင်တရုတ် ပင်လယ်ထဲက ရေပိုင်နက် အငြင်းပွားနေတဲ့ နေရာမှာ ရှိနေတဲ့ တရုတ် ငါးဖမ်းသမားတွေရဲ့ အသက်အန္တရာယ် ရှိနေတယ်လို့ တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ စွပ်စွဲလိုက်ပါတယ်။

တရုတ် ငါးဖမ်းစက်လှေဟာ ဗီယက်နမ် ရေပိုင်နက်ထဲက ရေနံရှာဖွေရေး သင်္ဘောကို အတင်း တိုးဝင်ခဲ့တယ်လို့ ဗီယက်နမ် အစိုးရက ကြာသပတေးနေ့ နှောင်းပိုင်းမှာ ပြစ်တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လေး (Hong Lei) ကတော့ တရုတ် ငါးဖမ်းသင်္ဘောဟာ ဗီယက်နမ် သင်္ဘောရဲ့ ကြိုးတွေနဲ့ ငြိပြီး တနာရီလောက် မျောပါသွားတယ်လို့ ပြောပါတယ်။ ဗီယက်နမ်ဟာ တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ တရားမဝင် ရေနံရှာဖွေတာတွေ လုပ်နေပြီး အဲဒီချိုးဖောက်မှုတွေ အားလုံးကို ရပ်တန်းကရပ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။