တောင်−မြောက်ကိုရီးယား ဆက်သွယ်လမ်း မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး 

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံဆက်သွယ်တဲ့လမ်းကို မြောက်ကိုရီးယားဘက်က ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း တောင်ကိုရီးယားကထုတ်ပြန်ခဲ့သည့် ဗွီဒီယိုမှမှတ်တမ်းပုံ (အောက်တိုဘာ ၁၅၊ ၂၀၂၄)

တောင်နဲ့ မြောက်ကိုရီးယား ဆက်သွယ်ထားတဲ့ လမ်းတစိတ်တပိုင်းကို မြောက်ကိုရီးယားက ဒီကနေ့ ဖောက်ခွဲ ဖျက်ဆီး လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ အနောက်ပိုင်း နယ်စပ်မြို့ Kaesong နားက လမ်းတခုမှာ ပေါက်ကွဲမှုဖြစ်တာကို တွေ့ရပါတယ်။

မြောက်ကိုရီးယားက အပျက်အစီးတွေကို ထရပ်ကားတွေ၊ တူးဖော်ရေး စက်တွေနဲ့ ရှင်းလင်းနေတာကိုလည်း တွေ့ရပါတယ်။ မကြာသေးခင်ကလည်း မြို့တော် ပြုံယမ်းကို တောင်ကိုရီးယားဘက်က ဒရုန်းတွေနဲ့ ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုပြီး နှစ်ဘက် တင်းမာမှုတွေ ရှိနေတာပါ။

မကျေနပ်မှုတွေကို အခြေခံပြီး တချိန်က တောင်-မြောက်ဆက်သွယ်တဲ့ အသုံးမပြုတော့တဲ့ မြောက်ဘက်ခြမ်း လမ်း အစိတ်အပိုင်းတွေကို မြောက်ကိုရီးယားက အခုလို ဖောက်ခွဲဖျက်စီးခဲ့တဲ့ အပေါ် တောင်ကိုးရီးယားက ပြစ်တင်ရှုတ်ချပါတယ်။ ဒီလုပ်ရပ်က အရင်က နှစ်နိုင်ငံ သဘောတူညီချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ တောင်-မြောက် ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပါတယ်။ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ဒီလမ်းဟာ အသုံးမပြုတာကြာပြီ ဖြစ်ပေမဲ့လို့၊ နှစ်နိုင်ငံ ပေါင်းစည်းရေး အထိမ်းအမှတ် သင်္ကေတတခု ဖြစ်ပါတယ်။

ဒါကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယား စစ်တပ်က တောင်ဘက်လမ်းပိုင်းမှာ ပစ်ခတ်မှုတချို့ လုပ်ခဲ့သလို အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့လည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောဆိုတာပါ။ ဘယ်လို ပစ်ခတ်မှုဆိုတာကို အသေးစိတ် မပြောပေမဲ့ မြောက်ကိုရီးယားဘက်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို ဟန့်တားဖို့ ဖြစ်နိုင်တယ်လို့ တော့ ခန့်မှန်းကြပါတယ်။ မြောက်ကိုရီးယားဘက်က ဒါကို ဘယ်လို တုံ့ပြန်တယ် ဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။

Your browser doesn’t support HTML5

တောင်−မြောက်ကိုရီးယား ဆက်သွယ်လမ်း မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး