တောင်ကိုရီးယား K-pop ဖြေဖျော်ပွဲ Kim Jung Un တက်ရောက်အားပေး

တနင်္ဂနွေနေ့က Pyongyang မှာ ရှားရှားပါးပါးကျင်းပခဲ့တဲ့ K-pop လို့ခေါ်တဲ့ တောင်ကိုရီးယား Pop အဆိုတော်လေးတွေရဲ့ ပွဲကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ သူ့ဇနီးတို့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

၂ နာရီကြာ ဖျော်ဖြေပွဲကို ကြည့်ရှုပြီးတဲ့ နောက်မှာ Kim ဟာ ဖျော်ဖြေရေးစင်နောက်မှာ တောင်ကိုရီးယား အဆိုတော်လေးတွေကို တွေ့ဆုံပြီး သူတို့နဲ့ ဓါတ်ပုံတွဲရိုက်ခဲ့ပါတယ်။

ဒါဟာ ဆယ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား ဂီတပညာရှင်တွေ မြောက်ကိုရီးယားကို သွားရောက် ဖျော်ဖြေတာ ဖြစ်ပါတယ်။ ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေကြား သမိုင်းဝင်တွေ့ဆုံပွဲမလုပ်ခင် ဆက်ဆံရေး ကောင်းမွန်လာခဲ့ချိန်မှာ သွားရောက်တာလည်း ဖြစ်ပါတယ်။

နံမယ်ကျော် တောင်ကိုရီးယား pop အဆိုတော်မလေးတွေရဲ့ Red Velvet အဖွဲ့အပါအဝင် တောင်ကိုရီးယား အနုပညာရှင်အဖွဲ့ဟာ တနင်္ဂနွေနေ့မှာ မြောက်ကိုရီးယားမြို့တော် Pyongyang ကို လေယာဉ်နဲ့လာခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတပွဲ အင်္ဂါနေ့မှာ တပွဲ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီ Red Velvet အဖွဲ့နဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက ဘယ်လိုတုန့်ပြန်ကြမယ် ဆိုတာကို တောင်ကိုရီးယား သတင်း မီဒီယာတွေ အဓိက အာရုံစိုက်နေကြပါတယ်။

Your browser doesn’t support HTML5

တောင်ကိုရီးယား K-pop ဖြေဖျော်ပွဲ Kim Jung Un တက်ရောက်အားပေး