တောင်ကိုရီးယား ငါးဖမ်းလှေ မြောက်ကိုရီးယား ဖမ်း

မြောက်ကိုရီးယားက သတ်မှတ်ထားတဲ့ စီးပွားရေးဇုန်နားက ဂျပန် ပင်လယ်ပြင်ထဲမှာ တောင်ပိုင်းက ငါးဖမ်းလှေတစင်းနဲ့ သင်္ဘောသား ၇ ယောက်ကို မြောက်ကိုရီးယားက ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ပြောပါတယ်။

တောင်ကိုရီးယား ၄ ယောက်နဲ့ တရုတ် ၃ ယောက် ပါဝင်တဲ့ ငါးဖမ်းလှေ ဒေဆန်း ၅၅ (Daeseung 55) ကို မြောက်ကိုရီးယား ဆိပ်ကမ်းမြို့ ဆောင်ဂျင်း (Songjin) ကို ဆွဲသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ခုလို ဖမ်းဆီးတဲ့အချိန်မှာ ငါးဖမ်းလှေက ဘယ်နေရာမှာ ငါးဖမ်းနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိပါဘူးလို့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ပြောပါတယ်။ ဒါပေမဲ့ ၄၁ တန်ရှိတဲ့ ငါးဖမ်းလှေဟာ နှစ်နိုင်ငံ ပူးတွဲ ငါးဖမ်းနိုင်တဲ့ နေရာမှာ အဆွဲမခံရခင်က ငါးဖမ်းနေတာ ဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းဌာန ယုံဟပ်ပ် (Yonhap) က ဆိုပါတယ်။

တောင်ကိုရီးယား စစ်သင်္ဘော ချိုနန်းကို မတ်လအတွင်းတုန်းက မြောက်ကိုရီးယားက တော်ပီဒိုနဲ့ ပစ်ခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က စွပ်စွဲခဲ့ပြီးကတည်းက နှစ်နိုင်ငံကြား နယ်စပ်မှာ တင်းမာမှုတွေ ရုတ်ချည်း တိုးများလာခဲ့ပါတယ်။ အဲဒီ သင်္ဘောသား ၄၆ ယောက် သေခဲ့တဲ့ ချိုနန်းသင်္ဘော နစ်မြုပ်သွားတဲ့ ကိစ္စမှာ သူ ဘာမှမပါဘူးလို့ မြောက်ကိုရီးယားက အခိုင်အမာ ပြောပါတယ်။