သမ္မတ Yoon ကိုတရားစွဲဖို့ တောင်ကိုရီးယား လွှတ်တော်ဆုံးဖြတ်

စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် (Woohae Cho/Pool via REUTERS)

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို တရားစွဲဖို့ လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတကို တရားစွဲသင့်မသင့် လွှတ်တော်မှာ ဒီနေ့ မဲခွဲခဲ့တာမှာ အနိုင်ရဖို့ လိုအပ်‌တဲ့မဲ ၃ ပုံ ၂ ပုံကို ကပ်ရသွားပြီး တရားစွဲဖို့ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမတ်တွေ စုစုပေါင်းထည့်ခဲ့တဲ့ မဲ ၃၀၀ မှာ မဲ ၂၀၄ မဲ ရရှိပြီး၊ သမ္မတ Yoon Suk Yeol ကို တရားစွဲရေး အဆိုကို အတည်ပြုနိုင်ပြီလို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကန့်ကွက်မဲ ၈၅ မဲ ရခဲ့သလို၊ ကြားနေမဲ ၃ မဲနဲ့ ပယ်မဲ ၈ မဲ ဖြစ်တယ်လို့ နောက်ဆုံးရလာဒ်ကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာသွားတာဖြစ်ပါတယ်။

သမ္မတရဲ့ အာဏာရ People Power Party ပါတီဝင် လွှတ်တော်အမတ်တချို့က အတိုက်အခံပါတီဘက်ကလိုက်ပြီး ထောက်ခံမဲ ထည့်ခဲ့ကြပါတယ်။ အခုလို လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် သူ့အနေနဲ့ ရာထူးကနေ ယာယီဘေးဖယ်ပေးမယ်လို့ သမ္မတ Yoon Suk Yeol ရုပ်မြင်သံကြားက‌နေ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် အနာဂတ်လမ်းက ဘယ်တော့မှ ရပ်သွားမှာ မဟုတ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

သမ္မတကို တရားစွဲမယ်လို့ လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်နိုင်တဲ့အတွက် တောင်ကိုရီးယားဖွဲ့စည်းပုံအရ ဝန်ကြီးချုပ် Han Duck-soo က ယာယီသမ္မတ ဖြစ်လာပါတယ်။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံတရားရုံးက နောက်ဆုံးအတည်ပြုချက် ချရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်က မြောက်ကိုရီးယားရန် စိုးရိမ်ရတယ်လို့ဆိုပြီး သမ္မတ Yoon Suk Yeol က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။ ဒါပေမဲ့ ဒီကြေညာချက်ကို လွှတ်တော်အမတ်တွေ နာရီပိုင်းအတွင်း မဲခွဲပယ်ချခဲ့တာကြောင့် စစ်အုပ်ချုပ်ရေးဟာ ၆ နာရီသာ ကြာခဲ့ပါတယ်။