ကိုးရီးယား နစ်မြုပ်သင်္ဘော ပြန်ဆယ်ရေး သမ္မတ စဉ်းစားပေးမည်

ပြီးခဲ့တဲ့နှစ် ဧပြီလလယ်က နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား ခရီးသည်တင်သင်္ဘော Sewol ပေါ်မှာ လိုက်ပါသေဆုံးသွးသူများ။

တောင်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၃ဝဝ ကျော် သေဆုံးခဲ့ရတဲ့ ဖယ်ရီသင်္ဘော Sewol မနှစ်က နစ်မြုပ်သွားခဲ့ရာက ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ ဝမ်းနည်း ကြေကွဲစွာ တောင်းဆိုချက်အရ အဲဒီ သင်္ဘောကို ပြန်လည်ဆယ်ယူဖို့စဉ်းစားနေကြောင်း တောင်ကိုရီးယားသမ္မတ Park Geun-Hye က တနင်္လာနေ့မှာ ပြောပါတယ်။

ကျောင်းသား ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ သင်္ဘောကို ပြန်လည်ဆယ်ယူဖို့ တောင်းဆိုနေတဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထောက်ခံသူများ။

အခုချိန်ထိ ပျောက်ဆုံးနေသေးတဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေရဲ့တောင်းဆိုချက်အရ ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်ကို ရယူပြီး အဲဒီ သင်္ဘောကို ပြန်ဆယ်ဖို့စဉ်းစားနေကြောင်း သမ္မတပြောတာကို ကိုးကားပြီး သမ္မတရဲ့ အင်တာနက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သင်္ဘောက သယ်ဆောင်နိုင်တဲ့ ခရီးသည်အရေအတွက်ထက်ကျော်ပြီး အထက်တန်းကျောင်းသား လူငယ် ၃၂၅ ဦးအပါအဝင် ခရီသည် စုစုပေါင်း ၄၇၆ ဦး တင်လာတဲ့ အဲဒီ Sewol ဖယ်ရီသင်္ဘောဟာ တိုင်းပြည်အနောက်တောင်ဘက် ကမ်းလွန်မှာ မနှစ် ဧပြီလ ၁၆ ရက်နေ့က နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေထဲက ၇၅ ဦးသာ အသက်ရှင် ကျန်ရစ်ပါတယ်။

သေဆုံးသွားကြတဲ့ သူတို့ရဲ့သားသမီးတွေအတွက် ဝမ်းနည်းကြေကွဲနေတဲ့ ကျောင်းသားမိဘတချို့က ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ကတုံး တုန်း ထားကြပြီး အများစုကတော့ အဝါရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူတို့မြို့ Ansan ကနေ ၂၁ မိုင်ဝေးတဲ့ ဆိုးလ်မြို့ကို လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ သူတို့ကိုထောက်ခံသူတွေကလည်း ဆိုးလ်မြို့မှာ သူတို့နဲ့အတူ တနင်္ဂနွေနေ့က ချီတက် ဆန္ဒပြခဲ့ပြီး အစိုးရအနေနဲ့ အဲဒီသင်္ဘောကို ဆယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။