ဆူဒန်အကြမ်းဖက်မှု အဆုံးသတ်ရေး အမေရိကန် သံတမန်ရေး ကြိုးပမ်း

South Sudan's President Salva Kiir gestures during a news conference in Juba, Dec. 18, 2013.

တောင်ဆူဒန်နိုင်ငံတွင်းက အရှိန်မြင့်လာတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းသက်စေ အောင်လို့ အမေရိကန်ပြည်ထောင်စုက သံတမန်ရေး ကြိုးပမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ တချိန်တည်းမှာပဲ လိုအပ်ချက်ရှိလာရင် ဆောင်ရွက်နိုင်ဖို့ ဒေသတွင်း တပ်တွေ နေရာချထားမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။

တောင်ဆူဒန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Donal Booth ဟာ တနင်္လာနေ့တုန်းက တောင်ဆူဒန်သမ္မတ Salva Kiir နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ နှစ်ဖက် ဆွေးနွေးမှုဟာ ပွင်းပွင်းလင်းလင်းရှိခဲ့တယ်လို့ အမေရိကန်အထူး ကိုယ်စားလှယ်က ပြောပါတယ်။ သမ္မတ Kiir ဟာ အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့အတွက် ဒုသမ္မတဟောင်း Riek Machar နဲ့ တွေ့ဆုံမှုတွေ စတင်လိုတယ်လို့လည်း အမေရိကန်အထူး ကိုယ်စားလှယ် Booth က သတင်းထောက်တွေကို တယ်လီဖုန်းကတဆင့် ပြောပါတယ်။

စစ်တပ်ကနေ အာဏာသိမ်းဖို့ကြိုးပမ်းရာကနေ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာလို့ Dinka လူမျိုးနွယ်စုဝင်ဖြစ်တဲ့ Mr.Kirr က ပြောပါတယ်။ ဒီကိစ္စမှာ ဒုသမ္မတဟောင်းဖြစ်တဲ့ Nuer လူမျိုးနွယ်စုဝင် Machar မှာ တာဝန်ရှိတယ်လို့ သူက အပြစ်ဖို့ထားပါတယ်။ ဒု သမ္မတဟောင်း Machar ကတော့ ဒီဇင်ဘာ ၁၆ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ဦးဆောင်တယ်ဆိုပြီး စွပ်စွဲခံရပြီး ကတည်းက လူမြင်ကွင်းကနေ ပုန်းအောင်းနေပါတယ်။

တောင်ဆူဒန်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူရာနဲ့ချီသေဆုံးခဲ့ပြီး လူပေါင်း ၆ သိန်းထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။