ပြင်သစ်အိုပင်းဖလား Nadal ၉ ကြိမ်မြောက် စံချိန်တင်

စပိန် တင်းနစ် ချံပီယံRafael Nadal ၂၀၁၄ ခုနှစ် ပြင်သစ် Open ဆု ရရှိသွားစဉ်။ (ဂျွန် ၈၊ ၀၁၄)

ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲမှာ စပိန်နိုင်ငံသား နဒါးလ်က ဗိုလ်စွဲပြီး ၉ ကြိမ်မြောက် စံချိန်တင်လိုက်ပါတယ်။ ပြင်သစ် OPEN တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်းဖိုင်နယ်ကို တနင်္ဂနွေနေ့က ကစားခဲ့တာမှာ ကမ္ဘာ့အဆင့် ၁ ရာဖဲလ် နဒါလ်း (Rafael Nadal) နဲ့ အဆင့် ၂ နိုဘက် ဂျိုကိုဗစ်ချ် (Novak Djokovic) ကို ၃-၆ ၊ ၇-၅၊ ၆-၂၊ ၆-၄ နဲ့ အနိုင်ရပြီးတော့ ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ နဒါးလ်အတွက်တော့ ပြင်သစ်OPENကို ၉ ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဂရန်းစလမ်း (Grand Slam) ဆုဖလား စုစုပေါင်း ၁၄ ကြိမ် ရသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် OPEN ကို အခုလို နိုင်လိုက်တဲ့အတွက် သူဟာ အမျိုးသားဘက်မှာ ဂရန်းစလမ်းပြိုင်ပွဲရဲ့ ပြိုင်ပွဲ အမျိုးအစား တခုတည်းမှာ ၉ ကြိမ်ဗိုလ်စွဲပြီး ၊ အများဆုံးစံချိန်တင်လိုက်နိုင်ပါတယ်။

ဒီလိုပွဲမျိုးမှာ အချိန်တိုင်း အရေးကြီးပါတယ်။ ဂျိုကိုဗစ်ချ် နဲ့ ကစားရတာဟာ တကယ့်စိန်ခေါ်မှုကြီးပါ။ သူနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်စလုံး ကျနော်ရှုံးခဲ့တယ် ။ ဒီနေ့ သူရှုံးသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒီပြိုင်ပွဲကို သူနိုင်ဖို့ထိုက်တန်ပါတယ်လို့ နှစ်သိမ့်စကားပြောသွားပါတယ်။

ဂျိုကိုဗစ်ချ်ကတော သြစတြေးလျ၊ ဝင်ဘယ်လ်ဒန် နဲ့ အမေရိကန်OPEN ဂရန်းစလမ်းတွေကို အနိုင်ရဖူးပေမယ့်၊ ပြင်သစ်OPEN ကိုတော့ အခုချိန်ထိ ဗိုလ်မစွဲဖူးသေးပါဘူး။