စပိန်နိုင်ငံမှာ လူပေါင်း ၂၁၀ ထက်မနည်း သေဆုံးတဲ့အထိ သမိုင်းဝင် ရေကြီးခဲ့တဲ့ Valencia ဒေသကို တပ်ဖွဲ့ဝင် ၁ သောင်းကျော် စေလွှတ်မယ်လို့ ဝန်ကြီးချုပ်က ဒီနေ့ ကြေညာပါတယ်။
ဥရောပမှာ ရာစုနှစ်အတွင်း ဒုတိယ သေဆုံးမှုအများဆုံး ရေကြီးမှုဖြစ်ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် တပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်လို့ ဝန်ကြီးချုပ် Pedro Sanchez က ဒီနေ့ ရုပ်မြင်သံကြားပေါ်မှာ မိန့်ခွန်းပြောစဉ် ကြေညာခဲ့တာပါ။ တပ်ဖွဲ့ဝင် ၅ ထောင်ထက်မနည်း စေလွှတ်ပေးဖို့ Valencia ဒေသခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို အစိုးရက လက်ခံခဲ့တဲ့အပြင် ရဲနဲ့ အရပ်သားလုံခြုံရေးတပ်ဖွဲ့ဝင် ၅ ထောင်ကို နောက်ထပ် စေလွှတ်မယ်လို့ သူ့ကို အသိပေးခဲ့တယ်လို့ ဝန်ကြီးချုပ်က မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။
နေရာတော်တော်များများကို အကူအညီတွေရောက်ဖို့ ကြန့်ကြာနေတာ သူသိကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ရေကြီးမယ့်အကြောင်း ကြိုတင်သတိပေးပေမဲ့ လုံလောက်မှု မရှိဘူးလို့ ဝေဖန်ခံနေရသလို၊ မုန်တိုင်းဒဏ်ခံထားရသူတချို့ကလည်း ကူညီကယ်ဆယ်ရေးတွေ နှေးလွန်းတယ်လို့ ဝေဖန်နေကြချိန် အခုလို တပ်ဖွဲ့ဝင် အမြောက်အများကို စေလွှတ်မှာ ဖြစ်ပါတယ်။
နိုင်ငံအရှေ့ပိုင်း Valencia ဒေသမှာ အင်္ဂါနေ့ ညနေပိုင်းက ၈ နာရီအတွင်း တနှစ်လုံးစာရွာတဲ့ မိုးပမာဏရွာသွန်းခဲ့လို့ ဆယ်စုနှစ်နဲ့ချီအတွင်း သေဆုံး ပျက်ဆီးမှု အများဆုံး ရုတ်တရက်ရေကြီးမှု ဖြစ်ခဲ့တာပါ။ ရေပြန်ကျသွားတာ ၃ ရက်ကျော်သွားပြီ ဖြစ်ပေမဲ့ ရေလှိုင်းကြီးတွေနဲ့အတူ ပါလာတဲ့ ရွှံတွေ၊ မော်တော်ကားတွေ၊ အပျက်အဆီးတွေ အပုံလိုက်ကို ဒေသခံတွေ ရှင်းလင်းနေကြရသလို၊ အပျက်အဆီးပုံတွေကြားမှာ အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ လိုက်လံရှာဖွေနေကြပါတယ်။
ရေဘေးဒဏ်ခံထားရတဲ့ တချို့ မြို့တွေ ရွာတွေမှာ သောက်သုံးရေ လျှပ်စစ်မီးတွေ ပြတ်တောက်နေဆဲဖြစ်တာမို့ အဲဒီဒေသတွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ အကူအညီတွေ ပေးဝေနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ ပရဟိတ ကူညီသူ စပိန်ပြည်သူ တော်တော်များများလည်း ရေဘေးပြည်သူတွေအတွက် ဝိုင်းဝန်းကူညီနေကြပါတယ်။