တမီးသူပုန်နှိမ်နှင်းခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ထောင်ဒဏ် ၃ နှစ်တိုး

တမီးသူပုန်နှိမ်နှင်းခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ထောင်ဒဏ် ၃ နှစ်တိုး

သီရီလင်္ကာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးအပေါ် မှားယွင်းစွာ စွပ်စွဲပြောဆိုခဲ့တယ်ဆိုတဲ့ အမှုနဲ့ စစ်တပ် အကြီးအကဲဟောင်းလည်းဖြစ်၊ အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်သူ ဆာရာ ဖွန်စီကာ (Sarath Fonseka) ကို သီရိလင်္ကာတရားရုံးတစ်ခုကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ သတင်းဌာနတစ်ခုရဲ့ မေးမြန်းခန်းထဲမှာ မစ္စတာ ဖွန်စီကာရဲ့ မှတ်ချက်ပေး ပြောဆိုချက်တွေဟာ အဲ့ဒီအချိန်က ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဒီကနေ့ပဲ သီရိလင်္ကာ တရားရုံးချုပ်ကနေ ဆုံးဖြတ်ခဲ့တာပါ။

သီရိလင်္ကာနိုင်ငံမှာ ၂၅ နှစ်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ဆုံးခန်းတိုင်မယ့်အချိန် တမီးကျားသူပုန်တွေကို သတ်ဖို့ ကာကွယ်ရေးဝန်ကြီး ဂိုတာဟာယာ ရာဂျာပက်ခ်ဆာ (Go tab ha ya Rajapaksa) က အမိန့်ပေးခဲ့တယ်ဆိုပြီး မစ္စတာ ဖွန်စီကာ က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဝန်ကြီး ဂိုတာဟာယာ ရာဂျာပက်ခ်ဆာ (Go tab ha ya Rajapaksa) ဟာ သီရိလင်္ကာသမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ နဲ့ ညီအစ်ကို တော်စပ်သူ ဖြစ်ပါတယ်။

မစ္စတာ ဖွန်စီကာ ဟာ လောလောဆယ်မှာလည်း လက်နက်တွေ စုဆောင်းတယ်ဆိုတဲ့ အမှုနဲ့ ထောင်ဒဏ် လပေါင်း ၃၀ ကျခံနေရတာဖြစ်ပြီး ဒီအမှုကြောင့် လွှတ်တော်အမတ်နေရာကို ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။ ၂၅ နှစ်ကြာ ပြည်တွင်းစစ်ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် မေလက တမီးကျားသူပုန်တွေကို အနိုင်တိုက်နိုင် ခဲ့တဲ့အတွက် မစ္စတာ ဖွန်စီကာကို အတော်လေး အမှတ်ပေးခဲ့ကြတာပါ။

မစ္စတာ ဖွန်စီကာ ကိုရော သမ္မတ ရာဂျာပက်ခ်ဆာ ကိုပါ သီရိလင်္ကာနိုင်ငံက အဓိက လူမျိုးစုဖြစ်တဲ့ ဆင်ဟာလီစ် (Sinhalese) တွေကနေ သူရဲကောင်းတွေအဖြစ် နှစ်ယောက်စလုံးကို ဂုဏ်ပြုခဲ့ကြပေမဲ့လည်း မကြာခင်မှာတော့ နိုင်ငံရေး အမြင်သဘောထားတွေ ကွဲလွဲရာက လမ်းခွဲလာခဲ့ကြတာပါ။ နောက်ပိုင်းမှာ မစ္စတာ ဖွန်စီကာ ဟာ စစ်တပ်ကနေ ထွက်ပြီး သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။