သီရိလင်္ကာတိုက်ခိုက်မှုတွေကို အဓိကကြိုးကိုင်သူအဖြစ် မသင်္ကာရတဲ့ မွတ်ဆလင်တရားဟောဆရာသေဆုံး

သီရိလင်္ကာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ သောကြာနေ့ ဝတ်ပြုချိန်မတိုင်ခင် ကိုလံဘိုမြိုကဗလီရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူထားစဉ်။ (ဧပြီ ၂၆၊ ၂၀၁၉)

သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုက်ခိုက်မှုတွေကို အဓိက ကြိုးကိုင်သူအဖြစ် မသင်္ကာတဲ့ အစွန်းရောက် မွတ်ဆလင်တရားဟောဆရာ Zahran Hashim ဟာ သေဆုံးသွားတယ်လို့ သမ္မတ Maithripala Sirisena ကပြောကြားခဲ့ပါတယ်။

နိုင်ငံအရှေ့ပိုင်းက အစွန်းရောက် တရားဟောဆရာဟာ နောက်ထပ် အသေခံဗုံးခွဲသူ တယောက်နဲ့အတူ Shangri-La ဟိုတယ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားတယ်လို့ သမ္မတက သတင်းထောက်တွေကို ဒီကနေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး လွတ်မြောက်နေသူတွေကိုလည်း သိရီလင်္ကာ လုံခြုံရေးတွေ လိုက်လံ ရှာဖွေနေကြပါတယ်။

အသေခံဗုံးခွဲမှုတွေကြောင့် လူပေါင်း ရာနဲ့ချီသေဆုံးခဲ့ပြီးနောက် အစ္စလာမ်ဘာသာဝင်တွေ သောကြာနေ့ ဝတ်ပြုပွဲ အတွက် နိုင်ငံတဝန်းဗလီတွေနားမှာ လုံခြုံရေး ထောင်နဲ့ချီ ချထား ပါ တယ်။ မွတ်ဆလင် အစွန်း ရောက်တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မှာ စိုးရိမ်တဲ့ အတွက် ဒီနေ့သောကြာနေ့ဝတ်ပြုပွဲကို မတက်ကြသူ မွတ်ဆလင်တော်တော် များများ လည်း ရှိပါတယ်။ နိုင်ငံတဝန်း မွတ်ဆလင်တွေသာမက ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ေ တွနဲ့ ဟိန္ဒူဘာသာဝင်တွေအားလုံး လုံခြုံရေးစိုးရိမ်နေကြတယ်လို့ ဗလီတက်သူ တယောက်က ပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာ နောက်ထပ် တိုက်ခိုက်မှုတွေဖြစ် လာနိုင်တယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေပြောကြားထား တာကြောင့် ဘာသာရေး အဆောက်အဦးတွေကို ဒီကနေ့ April ၂၆ ကနေ April ၂၈ ရက်အထိ ရှောင်ကြဖို့ အမေရိကန်သံရုံးက အကြံပြုထားပါတယ်။

ခရစ်ယာန်ဘာသာဝင်တွေရဲ့ Easter တနင်္ဂနွေဘာသာရေးပွဲတော်နေ့တုန်းက ကိုလံဘိုမြို့တော်က ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုဟာ သူတို့ လက်ချက်လို့ IS စစ်သွေးကြွအဖွဲ့က ပြောကြားထားပါတယ်။ တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ အစောပိုင်းကတော့ သေဆုံးသူ အရေ အတွက်ကို ၃၅၀ ကျော်လို့ပြောထားပေမယ့် သေဆုံးသူစာရင်းကို ၂၅၀ ထက်မနည်းလို့ တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြင်ဆင် ထုတ်ပြန်ပါတယ်။ အလောင်းတချို့ကို ၂ ခါပြန် ရေတွက်မိခဲ့တာကြောင့်လို့ အစိုးရက ပြောပါတယ်။

Your browser doesn’t support HTML5

သီရိလင်္ကာတိုက်ခိုက်မှုတွေကို အဓိကကြိုးကိုင်သူအဖြစ် မသင်္ကာရတဲ့ မွတ်ဆလင်တရားဟောဆရာသေဆုံး