သီရိလင်္ကာ ရွေးကောက်ပွဲ လက်ရှိသမ္မတ ရှုံးနိမ့်

ရွေးကောက်ပွဲ ရှုံးနိမ့်သူ လက်ရှိသမ္မတ Mahinda Rajapaksa ။

သီရိလင်္ကာနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လုံးဝမထင်မှတ်ပဲ လက်ရှိသမ္မတ Mahinda Rajapaksa ရှုံးနိမ့်သွားပြီး၊ ဝန်ကြီးဟောင်း Maithripala Sirisena အနိုင်ရသွားပါတယ်။ နိုင်ငံကို ရေရှည် အုပ်ချုပ်လာခဲ့တဲ့ သမ္မတ Rajapaksa ကလည်း ခုလို ရွေးကောက်ပွဲမှာ သူရှုံးသွားတာကို ဒီနေ့မနက်မှာပဲ သမ္မတအိမ်တော်က အထွက်မှာ လက်ခံအတည်ပြုပေးခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကလည်း ကြာသာပတေးနေ့ကလုပ်တဲ့ ရွေးကောက်ပွဲမှာ သမ္မတလောင်း Sirisena အနေနဲ့ မဲ ၅၁.၂ ရာခိုင်နှုန်းနဲ့ ကပ်နိုင်သွားပြီး၊ Mr. Rajapaksa ကတော့ ၄၇.၅% မဲနဲ့ ကပ်ရှုံးသွားခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အနိုင်ရသွားတဲ့ သမ္မတလောင်း Sirisena က “ဒီအောင်ပွဲအရသာကို သိရိလင်္ကာနိုင်ငံသားတွေ ခံစားနိုင်အောင် လုပ်ပေးရမယ်၊ ဒါကြောင့်မို့ လူတွေကို နာကျဉ်ထိခိုက်စေတာ၊ စော်ကားတာတွေ ရှောင်ရှားပေးရမယ်၊ အခုလုပ်ငန်းစဉ်ရှေ့ဆက်သွားနိုင်အောင် မေတ္တာ၊ဂရုဏာရှေ့ထားပြီး ဝိုင်းကူညီပေးကြဖို့ အားလုံးကို တိုက်တွန်းလိုတယ်” လို့ ထုတ်ပြောခဲ့ပါတယ်။

တကယ်တော့ မကြာခင် သတင်းပတ်တွေ မတိုင်ခင်အထိ သမ္မတ Rajapaksa အနေနဲ့ ဒီရွေးကောက်ပွဲမှာ အလွယ်တကူ အနိုင်ရပြီး တတိယအကြိမ်မြောက် သမ္မတသက်တမ်း ဆက်ထမ်းဆောင်နိုင်ဖို့ အများက မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလမှာ Mr. Sirisena အနေနဲ့ Mr. Rajapaksa နဲ့ ခွဲထွက် တစင်ထောင်ကာ အခြားနှုတ်ထွက်လိုတဲ့ အမတ်တွေနဲ့ပေါင်းပြီး တိုင်းရင်သားလူနဲစု မွတ်ဆလင်တွေရဲ့ ထောက်ခံမှုရအောင်လုပ်နိုင်ခဲ့တာမို့ ရွေးကောက်ပွဲတိုက်ပွဲပြင်းလာကာ ခုလိုအခြေအနေ ပြောင်းသွားခဲ့တာပါ။