Your browser doesn’t support HTML5
လူသားတွေကြား ခါးသည်းတဲ့ ကွဲပြားမှုတွေ မြင်နေရတဲ့ ၂၀၁၇ မှာ ထူးထူး ခြားခြားပဲ စင်္ကြာဝဠာရဲ့ ဖြစ်စဉ် တခုဖြစ်တဲ့ နေကြပ်တာကို သြဂုတ်လ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံသား သန်း ၁၅၀ ကျော် စိတ်လှုပ်ရှားမှုအပြည့်နဲ့ အတူတကွ ကိုယ်တိုင်ခံစား ကြည့်ရှုခဲ့ကြသလို သုတေသနတွေလည်း လုပ်နိုင်ခဲ့တာပါ။
“အမေရိကန်နိုင်ငံမှာ ၁၉၇၉ ခုနှစ်က လုံးဝနေကြပ်ခဲ့ပါတယ်။ ဆိုတော့ ၃၅ နှစ်လောက် မှာမှ ဒီတခါ လုံးဝနေကြပ်တာကို တွေ့ရပါတယ်။ သိပ္ပံတွေ့ရှိချက် တခုအနေနဲ့ မှတ်တမ်း တင်ကြပါတယ်။ နေကြပ်တဲ့အချိန်မှာ နေရဲ့အပြင်ဆုံး အကာမှာရှိတဲ့ အမီးဇုန်းကြီးတွေ တောက်နေတဲ့ ဆိုလာဆဲလ်ကို သုတေသန လေ့လာဖို့အတွက် အမေရိကန် NASA နဲ့ အခြားသုတေသန ဌာနတွေက လုပ်ခဲ့ကြပါတယ်။ နေကြပ်တာက ၂၀၂၄ ခုနှစ်မှာ တခါ လုံးဝနေကြပ်ဦးမှာပါ။ မြန်မာပြည်မှာတော့ လုံးဝနေကြပ်မှာက ၂၀၇၀ - နောက်လာမယ့် အနှစ် ၅၀ မှာတခါ နေကြပ်တဲ့ဟာကို မြန်မာပြည်သူပြည်သားတွေ မြင်ရမှာဖြစ်ပါတယ်။”
လူသားတွေ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာတဲ့သမိုင်းကို ပြောတဲ့အခါ တွေ့လာတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ သက်တမ်းမှတ်တိုင်တွေ ထူကြပါတယ်။ သမိုင်းဦးလူသား Homo sapiens တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ သိန်းလောက်က အာဖရိကတိုက်မှာ နေထိုင်ခဲ့ တယ်လို့ နှစ်ပေါင်းများစွာ လက်ခံလာခဲ့တာဟာ ၂၀၁၇ မှာတော့ မော်ရိုကိုမှာ သက်တမ်း ၃ သိန်းခွဲရှိတဲ့ သမိုင်းဦးလူသား ၅ ယောက်ရဲ့ အရိုးစတွေကြောင့် ပြောင်းလဲ သွားခဲ့ပါတယ်။
ဒီနှစ်ထဲမှာပဲ ရှေးအကျဆုံး အဏုဇီဝ ရုပ်ကြွင်းတွေကိုရော အကြီးမားဆုံး ရုပ်ကြွင်းတွေကိုပါ တွေ့ရှိခဲ့တာပါ။
“ကမ္ဘာဦးအစ လွန်ခဲ့တဲ့နှစ်သန်း ၄,၅၀၀ လောက်မှာ ရှိနိုင်ခဲ့တဲ့ သက်ရှိသတ္တဝါ မိုက်ခရို ရုပ်ကြွင်းတွေဟာ အလွန်သေးလှပြီးတော့ ဒီဇီဝရုပ်ကြွင်းတွေကို ကနေဒါနိုင်ငံ ကွိဘက် ဒေသက ရေအိုင်တွေရဲ့ အောက်ကထွက်တဲ့ ရေပူစမ်း နေရာတွေမှာ တွေ့ခဲ့ပါတယ်။ ဒါဟာ ရှေးအကျဆုံး သက်ရှိလို့ မှန်းဆကြပါတယ်။ တချိန်တည်းမှာပဲ သေးတာအပြင် ဒိုင်နိုဆောလို အကောင်ကြီးတွေရဲ့ ရုပ်ကြွင်းတွေလည်း တွေ့ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒိုင်နိုဆောရဲ့ ခြေရာဟာ ၆ ပေ လောက်ရှိတယ်။ အဲဒီတော့ အဲဒီအရိုးစုကြီး ထဲက တပိုင်းတစကို သူတို့ စတွေ့တဲ့အခါကျတော့ သူတို့ပြန်တွက်ကြည့်တယ်။ အဲဒီ အခါကျတော့ ဒီ ဒိုင်နိုဆောရဲ့ခေါင်းကနေပြီးတော့ အမြီးဖျားထိ အရှည်ဟာ ပေ ၁၂၀ ကျော်တယ်လို့ ပြောပါတယ်။”
လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၁၀၀ လောက်က အသက်ရှင် နေထိုင်ခဲ့တဲ့ ဒိုင်နိုဆောရဲ့ အမြီး ပိုင်းကို ပထမဆုံးအဖြစ် မြန်မာနိုင်ငံ ဟူးကောင်းတောင်ကြားထွက် ပယင်းထဲမှာ ရုပ်ကြွင်း အဖြစ် ရှားရှားပါးပါး တွေ့ရှိခဲ့ပါတယ်။
“မြန်မာနိုင်ငံမြောက်ပိုင်းက ပယင်းတွေထွက်တဲ့ နေရာမှာပေါ့.. တွားသွားသတ္တဝါ ဒိုင်နိုဆော တင်မက ပါဘူး ဒိုင်နိုဆောငှက်မျိုးတွေလည်း အဲဒီအချိန်တုန်းက ရှိခဲ့ပါတယ်။ အဲဒီ ပယင်းအတုံး တခုထဲကနေ တွေ့ခဲ့ပါတယ်.. အဲဒါ မြန်မာပြည်မှာပါ။”
မီးစုန်းတောက်တဲ့ ဖားတမျိုးကိုလည်း တွေ့ခဲ့ပါတယ်။
“ငါးတို့၊ လိပ်တို့၊ ငှက်တို့ကနေ မီးစုန်းတောက်တယ် (Fluorescence) ဆိုတာ တွေ့တာ ကြာပါပြီ။ ဒါပေမယ့် ကုန်းတပိုင်း ရေတပိုင်း သတ္တဝါဖြစ်တဲ့ ဖါးမှာ .. အာဂျင်တီးနားနိုင်ငံ က တောထဲက ဖားလေးတွေမှာ သွားတွေ့ပါတယ်။ အဲဒီတော့ ခရမ်းလွန်ရောင်ခြည်နဲ့ ဒီဖားလေးတွေကို ထိုးလိုက်တဲ့အခါကျတော့ သူတို့ကနေပြီးတော့ မီးစုန်းတောက်တာကို ပမထဦးဆုံးတွေ့ဖူးတယ်။”
ဒီနှစ်ထဲ သိပ္ပံဆိုင်ရာ အထူးခြားဆုံး အောင်မြင်မှုကတော့ ဒြပ်ဆွဲအားလှိုင်းကို တိုင်းတာ နိုင်ခဲ့တာ ဖြစ်ပါတယ်။
“ ဒြပ်ဆွဲအားလှိုင်းလို့ခေါ်တဲ့ Gravitational Wave ကို စပြီးတော့ နေရာ ၃ နေရာမှာ ပြိုင်တူ တိုင်းနိုင်ပါတယ်။ ဒီဒြပ်လှိုင်းတွေဟာ တွင်းနက်ကြီး လို့ ခေါ်တဲ့ Black Hole နှစ်ခု တခုနဲ့တခု ဆွဲအား သိပ်များလွန်းအားကြီးတဲ့အတွက် ပေါင်းသွားတဲ့အခါကျတော့ သူတို့ပေါက်ကွဲမှု ဖြစ်ပါတယ်။ ဒီလိုပဲ နျူထရွန်ကြယ်တွေကလည်း တခုနဲ့တခု ဝင်တိုက် တဲ့ အခါကျလို့ရှိရင် Binary Stars လို့ခေါ်ပါတယ်။ အဲဒီကြယ်တွေ ၂ ခု တိုက်တဲ့အခါ ပေါက်ကွဲမှု အကြီးကြီး ဖြစ်ပါတယ်။ အဲဒီအခါမှာ ခုနက Gravitational Wave ဆိုတဲ့ လှိုင်းတွေ ထွက်လာပါတယ်။
လွန်ခဲ့တဲ့ အနှစ် တရာလောက်က သိပ္ပံပညာရှင် Albert Enstein က ဒီ Gravitational Wave တွေ ရှိနိုင်တယ်။ ဒါတွေကိုတော့ တိုင်းလို့ ရမယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပါ တယ်။ ဒါပေမယ့် သိပ်ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ ဒြပ်ဆွဲအားလှိုင်းကို တိုင်းဖို့ဆိုတာက အပုံ သန်းပေါင်း တထောင်ပုံတပုံ ထက်မက သေးငယ်လှတဲ့ ပြောင်းလဲမှုလေးက electromagnetic radiation ကို တိုင်းရတာ ဖြစ်ပါတယ်။ အခု ဒါကို တိုင်းနိုင်တဲ့အတွက် သိပ္ပံပညာရှင် ၃ ဦး ရူပဗေဒ နိုဘယ်လ် ဆုကိုလည်း ရခဲ့ပါတယ်။
Black holes ကြီးတွေ တိုက်တဲ့အခါ နျူထရွန် ကြယ်တွေ တခုနဲ့တခု ဝင်တိုက်တဲ့ အခါ မှာ ထွက်လာတဲ့ ဒြပ်လှိုင်းတွေက သိပ်ပြီး သေးငယ်တယ်။ အဲဒီဖြစ်ခဲ့တဲ့ အဖြစ်က လည်း အလင်းနှစ် သန်း ၂၀၀၀ လောက် ဝေးတဲ့ နေရာမှာ ဖြစ်တာ။ ဆိုတော့ ပြန်တွက် ကြည့်ရင် လွန်ခဲ့တဲ့ အနှစ် တထောင်လောက်က ပေါက်ကွဲခဲ့တဲ့ ကြယ်စဉ်စုကြီးတွေ၊ black holes ကြီးတွေ ကနေ ထွက်လာတဲ့ ဒြပ်လှိုင်းကို တိုင်းတာ ဖြစ်ပါတယ်။ သိပ်သေးတဲ့အတွက် အခု နောက်ဆုံးပေါ် နည်းပညာနဲ့ တိုင်းမှပဲ စပြီးတော့ ဒြပ်လှိုင်း ရှိခဲ့တယ် ဆိုတာ မှန်ကြောင်းကို သက်သေပြနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ အတော်ကို စိတ်ဝင်စားစရာ ကောင်းသလို သိပ္ပံဆိုင်ရာမှာ အောင်မြင်မှု အနေနဲ့ ဒီနှစ်ထဲမှာ မှတ်တမ်း တင်ခဲ့ပါတယ်။”
ဒီနှစ်ထဲမှာပဲ လူသားတွေ နေနိုင်မယ့် ဂြိုဟ်သစ် ကမ္ဘာသစ် ၇ ခုကို ရှာတွေ့ခဲ့တာပါ။
“အလင်းနှစ် သန်းပေါင်း ၄၀ လောက် ကွာတဲ့နေရာမှာ Aquarius ဆိုတဲ့ ကြယ်စဉ်တန်း က နေ စင်္ကြာဝဠာတခု ရှိပါတယ်။ အဲဒီမှာ ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ် ၇ လုံး ရှိပါတယ်။ အလင်းနှစ် က ၄၀ ပေါ့နော်။ တစက္ကန့်မှာ မိုင် တသိန်း ၈ သောင်း ၆ ထောင် အမြန်နဲ့ သွားနေတဲ့ အလင်းရောင်ရဲ့ နှုန်းနဲ့ တနှစ်တာ သွားလိုက်ရင် ဘယ်လောက် ဝေးမလဲ ဆိုတာကို တိုင်းတာပါ။ အဲဒီလောက် ဝေးတဲ့ နေရာမှာ Aquarius ဆိုတဲ့ ကြယ်စဉ်စုကြီး ထဲက နေစင်္ကြာဝဠာမှာ အဲဒီ နေစင်္ကြာဝဠာကို ပတ်နေတဲ့ ဂြိုဟ်တွေက အရွယ်တူတွေ ဖြစ်နေတယ် ဆိုတာကို ကမ္ဘာကနေ လှမ်းပြီး တိုင်းခဲ့ပါတယ်။ ကမ္ဘာနဲ့ အရွယ်တူတယ် ဆိုလို့ ရှိရင် ကမ္ဘာရဲ့ သိပ်သည်းမှု density လည်း တူတယ်။ နောက်ပြီး နေ ကနေလည်း ပတ်နေတဲ့ ပတ်လမ်းတွေက အကွာဝေး တူတယ်။ ဒါဆိုရင် သတ္တဝါတွေ ရှိနိုင်တယ်။
နေနဲ့ ကမ္ဘာလောက် ဝေးသလို သူ့ရဲ့ နေစင်္ကြာဝဠာနဲ့ ကမ္ဘာနဲ့က distance တူတယ်။ အကွာဝေးက အရမ်း ဝေးရင်လည်း အရမ်း အေးသွားပြီ။ အရမ်းနီးရင်လည်း အရည် ပျော်ကုန်မယ်။ မနီးမဝေး ဖြစ်နေတာ ကြောင့် ကျွန်တော်တို့ ကမ္ဘာပေါ်မှာ လူတွေ သတ္တဝါတွေရှိတာ။ နောက် ပတ်လမ်းကြောင်း တူတယ်။ အကွာဝေးတူတဲ့အပြင် အရွယ်အစားလည်း တူရသေးတယ်။ ကမ္ဘာရဲ့ အချင်းလောက် ထုရှိတော့မှ ကမ္ဘာ့ ဆွဲအားနဲ့ မတိမ်းမယိမ်း ရှိမယ်။ အဲဒီ ဆွဲအား မတိမ်းမယိမ်း ရှိမှသာလျင် အလွန်တရာမှ ပေါ့ပါးတဲ့ ကာဗွန်တို့၊ အောက်ဆီဂျင်တို့၊ နိုက်ထရိုဂျင်တို့၊ ဟီလီယမ် တို့လို ဓါတ်ငွေ့တွေ က ကမ္ဘာရဲ့ မျက်နှာပြင် ပေါ်ကို ရောက်လာမယ်။ သိပ်သေးတဲ့ ဂြိုဟ်ဆိုရင် ဒီဓါတ်တွေ ဘယ်လိုမှ ရောက်မလာ နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလို light atoms ပေါ့ပါးတဲ့ အက်တမ်တွေက မနေနိုင်ဘူးပေါ့။ သက်ရှိသတ္တဝါတွေကို light atoms တွေနဲ့ ဖွဲ့စည်းထားတာ မို့ပါ။ ကျွန်တော်တို့က ကာဗွန် အခြေခံတဲ့ သတ္တဝါတွေလေ။”
ဒေါက်တာ ပဒေသာတင်ပါ။