လက်ကိုင်ဖုံး တာဝါတိုင်နဲ့ မိုက်ခရိုဝေ့ဖ် ရောင်ခြည်

မိုက်ခရိုဝေ့ဖ် ရောင်ခြည်သုံး မီးဖို

သဘာဝအလျှောက် ထုတ်လွှတ်နေတဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေနဲ့ ပြည့်နေတဲ့ လောက ကြီးထဲမှာ မျက်စိနဲ့ ကောင်းကောင်း မြင်နိုင်တဲ့ လှိုင်းတွေ ရှိသလို မမြင်ရတဲ့ လှိုင်းတွေလည်း ရှိနေပါတယ်။ ဒီလှိုင်းတွေကို လှိုင်းအလျားပေါ် မူတည်ပြီး အမျိုးအစား ခွဲထားတာပါ။

ဂါမာရောင်ခြည်တို့၊ X- ray ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်တို့ UV ray တို့လို အလျားတိုတဲ့ လှိုင်းတွေက စွမ်းအင်မြင့်မားကြပြီး အနီအောက်ရောင်ခြည်၊ မိုက်ခရိုဝေ့ဖ် လှိုင်းနဲ့ ရေဒီယို လှိုင်းတို့လို လှိုင်းအလျားရှည်သွားရင်တော့ စွမ်းအင်က ပိုလျော့သွားတာ ဖြစ်ပါတယ်။ ဒီအထဲမှာ လူတွေရဲ့ မျက်စိနဲ့ မြင်နိုင်တဲ့ ရောင်စဉ်တွေ ပါတဲ့ အလင်းရောင်ကတော့ အလယ်အလတ် လှိုင်းတွေ ဖြစ်ပါတယ်။

ဒီရောင်ခြည်တွေမှာ စွမ်းအင်ရှိပြီး တချို့ ရောင်ခြည်တွေဟာ သက်ရှိဆဲလ် တွေကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ ဆရာ ဒေါက်တာတင်လှိုင်က ပြောပါတယ်။ သက်ရောက်တဲ့ လှိုင်းရဲ့ စွမ်းအင် energy နဲ့ ပြင်းအား intensity ပေါ်မူတည်ပြီး အန္တရာယ် ပေးနိုင်တဲ့ အတိုင်းအတာ က ကွာတာပါ။ လောက်စာလုံးနဲ့ ပစ်တာနဲ့ နျူကလီယား ဗုံးနဲ့ ပစ်တာ ကွာသလို၊ လောက်စာလုံးလေးနဲ့ ပစ်ပေမယ့် အကြိမ်တသောင်းလောက် လာမှန်ရင် ဒုက္ခပေးနိုင်တာမျိုး ဖြစ်ပါတယ်။

လူတွေ ဖန်တီး ထုတ်လုပ်တဲ့ X-ray ဆိုတဲ့ ဓါတ်မှန်ရိုက်တာကအစ သဘာဝအတိုင်း ထုတ်လွှတ်နေတဲ့ ခရမ်းလွန်ရောင်ခြည် UV- ray တွေမှာ အန္တရာယ် ရှိသလို အားသိပ်မပြင်းတဲ့ မိုက်ခရိုဝေ့ဖ် ရောင်ခြည်ကိုလည်း ဟင်းတွေ ကျက်သွားတဲ့အထိ အားပြင်းလာအောင် လုပ်လို့ ရပါတယ်။

လက်ကိုင်ဖုံးတွေအတွက် တည်ဆောက် တပ်ဆင်ထားတဲ့ ဆက်သွယ်ရေး တာဝါတိုင်ကြီးတွေက ထုတ်လွှတ်နေတဲ့ ရောင်ခြည်လှိုင်းက မိုက်ခရိုဝေ့ဖ် ရောင်ခြည်လှိုင်းပါ။

ဒီလျှပ်စစ် သံလိုက်လှိုင်းတွေဟာ လူ့ဝန်းကျင်မှာ သဘာဝအလျှောက် အမြဲရှိနေတာ ဖြစ်သလို လူသားတွေရဲ့ ခန္ဓာကိုယ်ကပါ လျှပ်စစ် သံလိုက်လှိုင်းတွေ ကို ထုတ်လွှတ်တတ်တာပါ။ ဒီလူ့ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ ကြိမ်နှုံး 10 Hertz လောက်ရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်း ထက် ပိုများတဲ့ ဝန်းကျင်မှာဆို စိတ်ဖိစီးမှု အပြင် တခြား ကျန်းမာရေး ဆိုးကျိုးတွေကို ပေးနိုင်ပါတယ်။

နိုင်ငံတကာ WTI ကြိုးမဲ့ ဆက်သွယ်ရေး လုပ်ငန်း အသင်းကြီးရဲ့ ခန့်မှန်းချက်တွေအရ ကမ္ဘာတဝှမ်း လက်ကိုင်ဖုံး သုံးစွဲသူ သန်းပေါင်း ၃ ထောင် ကျော် ရှိနေပြီး ဒီလက်ကိုင်ဖုံးတွေအတွက် တည်ဆောက်ရတဲ့ မိုက်ခရိုဝေ့ဖ် ရောင်ခြည် မီဂါဟတ်ဇ် ၁၉၀၀ လောက် ထုတ်လွှတ်နိုင်တဲ့ တာဝါတိုင်ကြီးတွေကလည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း တိုးလာနေတာပါ။ ဒါ့ကြောင့် အရင်ဘိုးဘွားတွေ လက်ထက်က ထက် ပါတ်ဝန်းကျင်မှာ လျှပ်စစ် သံလိုက်လှိုင်း ရောင်ခြည်တွေ အဆပေါင်း သန်းနဲ့ ချီပြီး တိုးလာနေပါတယ် ဆိုတာကို တင်ပြလိုက်ရပါတယ်။