ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်သင့်သလား
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ ကြိုးစားသူတွေနဲ့ သဘာဝ ဝန်းကျင်ကာကွယ်ရေး အတွက် ကြိုးစားသူတွေကြား အခြေအတင်ဖြစ်နေတဲ့ ပြဿနာတွေထဲ ကျောက်မီးသွေးလောင်စာသုံး ဓါတ်အားထုတ်လုပ်မှုလည်း ပါပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးရဲ့ အမြင်ကို ဒီတပတ်မှာပြောပြပေးမှာပါ။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာသာမက အရှေ့တောင်အာရှ မှာပါ တဦးချင်း စွမ်းအင်သုံးစွဲနိုင်တဲ့ ပမာဏ အနဲဆုံး နိုင်ငံဖြစ်နေပါတယ်။ ရေအားသယံဇာတ ကြွယ်ဝပေမယ့် အပြည့်အဝ မသုံးနိုင်သေးချိန်မှာ နောက် အလားအလာကောင်း တခုဖြစ်တဲ့ ကျောက်မီးသွေးလောင်စာကို သုံးဖို့ စဉ်းစားသင့် မသင့် ကြည့်ရအောင်ပါ။
မေး။ ။ “မြန်မာနိုင်ငံမှာက ကျောက်မီးသွေးက ကောင်းကောင်း မွန်မွန်မထွက်ပါဘူး ဆရာ။ ရှိတဲ့ ကျောက်မီးသွေး အမျိုးအစားကလည်း ညံ့ပါတယ်။ တကယ်လို့ ကျောက်မီးသွေးနဲ့ လျှပ်စစ် ထုတ်ဖို့ လုပ်မယ် ဆိုလို့ ရှိရင် ဒီစက်ရုံတွေ တည်ဖို့ အတွက် ကျောက်မီးသွေးကို ပြည်ပကနေ ဝယ်ရမှာပါ ဆရာ။”
ဦးမော်သာထွေး။ ။ “မှန်ပါတယ်။”
မေး။ ။ “ဆိုတော့ အဲဒီလိုမျိုးဝယ်ပြီးတော့ လျှပ်စစ် ထုတ်ရင် ကိုက်ပါ့မလား ဆရာ အခြေနေ နဲနဲ ရှင်းပြပေးပါ။”
ဦးမော်သာထွေး။ ။ “အဲဒါက ဒီလိုရှိပါတယ်။ ကျောက်မီးသွေးက သူက အထိုင်ဈေး ဆိုတာ ရှိတယ်။ သယ်ယူ ပို့ဆောင်ခ ဆိုတာ ရှိတယ်။ အထိုင်ဈေး ဆိုတာက သူတို့က အင်ဒိုနီးရှားတို့ သြစတေးရီးယား တို့မှာက အထိုင်ဈေးပေါ့ခင်ဗျ။ အဲဒီ အထိုင်ဈေးနဲ့ သယ်ယူ ပို့ဆောင်ခနဲ့ တွက်လို့ ရှိရင် ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ တနင်္သာရီ ကမ်းရိုးတန်းက သူက အလွန်ဝေးကွာတဲ့ နေရာ မဟုတ်ဖူးဗျ။ ဥပမာ ထိုင်းနိုင်ငံလို နေရာနဲ့ အင်ဒိုနီးရှား အကွာအဝေးနဲ့ ကျွန်တော်တို့ရဲ့ ဒီက တနင်္သာရီတိုင်း ကမ်းရိုးတန်းနဲ့ အကွာအဝေးက ဘာမှ မကွာဘူး ခင်ဗျ။ အဲဒီတော့ ဆိုလိုတဲ့ သဘောကတော့ သယ်ယူ ပို့ဆောင်ခ အပေါင်း အထိုင်ဈေး ပေါ့ခင်ဗျာ။ အဲဒီဈေးနဲ့ တွက်ရင်ကိုပဲ လုပ်ရင် ကိုပဲ ဓါတ်အားထုတ်လုပ်ခ တယူနစ်ကို ဆင့်ပေါင်း cent ၇ ဒဿမ ကျော် ပေါ့ ခင်ဗျာ။ အမေရိကန် ဒေါ်လာနဲ့ တွက်ရင် “ဆင့်” ပေါ့ဗျာ။ ၇ ဆင့်လောက်နဲ့ လုပ်နိုင်သေးတယ် ခင်ဗျ။”
“ရေအားလျှပ်စစ်ဆိုရင်၊ မြန်မာနိုင်ငံထဲမှာ ရေအားလျှပ်စစ်နဲ့ လုပ်တယ် ဆိုရင် ကျွန်တော်တို့ ထုတ်လုပ်မှု စားရိတ်က ၅ ဆင့်နဲ့ ၆ ဆင့်ကြားမှာ ထွက်တယ်ဗျ။ အဲဒီတော့ ကျောက်မီးသွေးကို နိုင်ငံခြားကနေ ဝယ်သုံးရင်လည်း ၇ ဆင့် သာသာနဲ့ ကျွန်တော်တို့က မီဂါဝပ် ကြိုက်သလောက်ကို နည်းပညာမြင့်မြင့်နဲ့ ပေါ့ဗျာ အခု နောက်ဆုံးပိတ် ဂျပန်က တပ်ဆင်တဲ့ စက်ကရိယာ တန်ဆာပလာတွေ အကုန်လုံး ပါတဲ့ နည်းပညာ အမြင့်နဲ့ ဆို တပ်လို့ရတဲ့ ဓါတ်အားကို ကျွန်တော်တို့ ထုတ်လို့ ရတယ်ဗျ။”
မေး။ ။ “ဟုတ်ကဲ့ပါဆရာ။ မြန်မာနိုင်ငံမှာက အခု ကျောက်မီးသွေးသုံးဖို့ အတော်ကို ကြောက်နေကြပါတယ် ဆရာ။ ကျောက်မီးသွေးကို သုံးပြီးတော့ လျှပ်စစ် ဓါတ်အားထုတ်တာဟာ ကြောက်သင့်ပါသလား ဆရာ။ နဲနဲ ရှင်းပြပေးပါ။”
ဦးမော်သာထွေး။ ။ “အဲဒါ ဒီလို ရှိတယ်ခင်ဗျ။ ကျွန်တော်တို့ ကြောက်သင့်ပါသလား ဆိုတာ အမေရိကန်မှာ သူ့နိုင်ငံ စီးပွါးရေး မကျသွားအောင် ကျောက်မီးသွေးတွင်းတွေလည်း သူတူးတယ်။ ပြီးလို့ ရှိရင် သူ့နိုင်ငံထဲမှာ ၃၁ % သော လျှပ်စစ်ကို ကျောက်မီးသွေးနဲ့ မောင်းနေတယ်။ နောက်တခါ တရုတ်နိုင်ငံက ဆိုလို့ ရှိရင် ၆၇ % ကျောက်မီးသွေးနဲ့ မောင်းတယ်။ အိန္ဒိယ ဆိုရင် ၇၆ % မောင်းတယ်။ ထိုင်းနိုင်ငံ ဆိုလို့ရှိရင် ၂၂ % မောင်းတယ်။ နောက် ဗီယက်နမ် ဆိုလို့ ရှိရင် ၃၀ % လောက်ကို ကျောက်မီးသွေးနဲ့ မောင်းတယ်။ နောက်ဆုံးပိတ် ရေအားလျှပ်စစ်တွေ တအား ပေါကြွယ်ဝ ပါတယ် ဆိုပြီးတော့မှ သူများကို ရောင်းနေတဲ့ လာအိုးက ပြီးခဲ့တဲ့ တနှစ်လောက်ကပဲ မီဂါဝပ် ၁၈၀၀ ကျော် ကျောက်မီးသွေး စက်ရုံကြီးတည်တယ်။ အဲဒီလိုပဲ သဘာဝ ဓါတ်ငွေ့တွေ ရောင်းနေပါတယ်၊ LNG ထုတ်ရောင်းနေပါတယ် ဆိုတဲ့ မလေးရှားက ကျောက်မီးသွေးကို ၃၀ % လောက်နဲ့ လျှပ်စစ်ဓါတ်အား ပေး ထုတ်ပြီးတော့ မောင်းနေတယ် ဆိုတော့ ဒီနိုင်ငံတွေ လျှပ်စစ်ဓါတ်အား ထုတ်တဲ့ နေရာမှာ ဒီလောက် မီဂါဝပ်တွေ အများကြီးကို ကျောက်မီးသွေးနဲ့ ထုတ်တယ် ဆိုလို့ ရှိရင် ကျောက်မီးသွေးက ကြောက်သင့်တယ် ဆိုလို့ ရှိရင် အဲဒီလူတွေ ဘယ်လုပ်တော့မလဲ ဆရာမရယ်။”“
“ဒါက ကျွန်တော်က ကြောက်သင့်သလား မကြောက်သင့် ဘူးလား ဆိုတာ ကိန်းဂဏန်းတွေနဲ့ အသေးစိတ် ဓါတုဗေဒ ကိန်းဂဏန်းတွေနဲ့ အသေးစိတ် မပြောတော့ဘူး။ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ ဘေးနားက အိမ်နားနီးချင်းတွေရော၊ ဘာတွေရော ကျန်တဲ့ တကမ္ဘာလုံးမှာ အကုန်လုံး သုံးနေတာ ဘာဖြစ်လို့ သုံးတာလဲ ဆိုတာလေးပဲ ကျွန်တော်တို့ က သုံးသပ်ရတော့မယ့် သဘောပါပဲ။”
မေး။ ။ “ဟုတ်ကဲ့ပါ ဆရာ။ ကျောက်မီးသွေးကို ထုတ်တဲ့ အခါမှာ အဆင့်မြင့် နည်းပညာ သုံးရင် လူတွေ အတွက် အန္တရာယ် နဲနဲ လျော့ပါးတယ်လို့ ပြောပါတယ်ဆရာ။ ဆိုတော့ ဒီကျောက်မီးသွေးနဲ့ ထုတ်တဲ့ လျှပ်စစ်ဓါတ်အား ထုတ်တဲ့ အခါမှာ အဆင့်မြင့် နည်းပညာ သုံးကြတာကို ပြောပြပေးပါ ဆရာ။”
ဦးမော်သာထွေး။ ။ “အဲဒါကျတော့ ကျွန်တော်တို့က နည်းပညာ ဆိုတာ ကျောက်မီးသွေး မီးရှို့ပြီးတော့ ဟိုတုန်းက မီးရထား စက်ခေါင်းတွေဟိုတုန်းက ကျောက်မီးသွေးနဲ့ သွားတယ်။ နောက်ပြီးတော့ ပင်လယ်ကူး သင်္ဘောကြီးတွေ ကျောက်မီးသွေးမီး ထိုးပြီးတော့ သွားတယ် ဆိုတဲ့ခေတ် ကနေပြီးတော့ ကျွန်တော်တို့က ပြောင်းလာလိုက်တာ ကျောက်မီးသွေးမှာ အဆင့်ပေါင်း မြောက်များစွာ လူတွ ဒုက္ခဖြစ်မယ့် ဟာတွေ လူတွေ ခံစားရမယ့် ဟာတွေကို လျှော့ချ လာလိုက်တာ၊ ၁၆ ဆင့်လောက် ရှိမယ် ဆရာမ။ ၁၆ ဆင့်လောက်ထဲက ကျွန်တော်တို့ နိုင်ငံမှာ ဒီကမ္ဘာ့ရဲ့ World Health Organization က ဆယ်ခုလောက် သူက နိုင်နိုင်နင်းနင်း ထိန်းနိုင်ရင် ကိုပဲ လူနေထူထပ်တဲ့ နေရာတွေ မဟုတ်တဲ့ နေရာတွေမှာ ထိန်းထိန်းသိမ်းသိမ်း မောင်းနှင်လို့ ရတယ်လို့ သိထားပါတယ်။”
“အဲဒီမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်တဲ့ကိစ္စ ရှိမယ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ထွက်တဲ့ဟာ ရှိမယ်။ နိုင်ထရပ်အောက်ဆိုဒ် ထွက်တဲ့ဟာ ရှိမယ်ပေါ့။ နောက်တခါ အမှုန်အမွှား ထွက်တာ ရှိတယ်ပေါ့ဗျာ။ အမျိုးစုံပေါ့။ အဲဒါတွေ အားလုံးကို လျှော့ချတဲ့ အဆင့်ပေါင်းက ၁၆ ဆင့်လောက် ရှိတယ်။ ဒါပေမယ့် နောက်ဆုံးပိတ် ၁၄- ၁၅ - ၁၆ ဆိုတဲ့ အဆင့် ဆိုတဲ့ ဟာကတော့ ကမ္ဘာမှာ တချို့သုတေသန လုပ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ သဘောက အဲလောက်ကြီး အဆင့်မြှင့်တာတောင်မှ ကျွန်တော်တို့ ဂျပန်မှာ တောင်မှ အဲလောက် ၁၅- ၁၆ အဆင့်ပဲ ရှိပါသေးတယ်။ နောက်ဆုံးပိတ် အဆင့်မြှင့်ရမယ့်ဟာကို သုတေသန လုပ်တုန်းပဲ ရှိပါသေးတယ်။ ဘာလို့လည်း ဆိုတော့ ဈေးကြီးလို့ပါ။”
“အဲဒီတော့ ကျွန်တော်တို့က နံပတ် ၁ အဆင့်လောက်ကနေပြီးတော့ နံပါတ် ၁၄ လောက် အထိအောင်ကို တကမ္ဘာလုံးမှာ တပြိုင်ထဲနဲ့ နည်းပညာအမြင့်တွေ ကျွန်တော်တို့က စတင်သုံးစွဲ မယ် ဆိုလို့ ရှိရင် သူတို့ နဂိုထွက်သင့်တဲ့ဟာ ထက် very minimized ဖြစ်တဲ့ ဘေးထွက် ဆိုးကျိုးတွေကို ကျွန်တော်တို့က လျှော့ချ နိုင်ပါတယ်လို့ ထင်တယ်ဗျ။”
မေး။ ။“ဟုတ်ကဲ့ပါဆရာ တခြားနိုင်ငံတွေမှာ သုံးနေတဲ့ နည်းပညာမြင့် လျှပ်စစ် ထုတ်ကြတဲ့ အနေထား လေးတွေ လည်း သိပါရစေ။”
ဦးမော်သာထွေး။ ။ “ကျွန်တော်တို့ကဗျ။ နိုင်ငံ အသီးသီးက။ သဘောကတော့ဗျာ ဂျပန်မှာ နည်းပညာမြင့် တယ် ပြောတယ်။ အမေရိကန်မှာ အဲဒီလောက် မမြင့်တဲ့ စက်ရုံတွေ လည်နေတယ်။ အိန္ဒိယမှာ အဲဒီလောက် မမြင့်တဲ့ စက်ရုံတွေ လည်နေတယ်။ တရုတ်မှာ အဲဒီလောက် မမြင့်တဲ့ စက်ရုံတွေ လည်နေတယ်။ ဒါဘာဖြစ်လို့ အဲဒီလိုလည်ခဲ့သလဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်၊ သုံးဆယ်၊ လေးဆယ်က သူတို့ စီးပွါးရေးဖြစ်ချင်လို့၊ သူတို့နိုင်ငံဖွံဖြိုးချင်လို့၊ သူတို့ ဒုက္ခခံပြီးတော့ တည်ခဲ့ကြလို့ သူတို့လည်းပဲ ဖွံဖြိုးလာပြီပေါ့ဆရာမရယ်။ အဲဒီလို ဖြစ်တဲ့ အချိန်မှာ အခု သူတို့က အဲဒီ အစိတ် သုံးဆယ်ဆိုတဲ့ စက်တွေကို လျှော့ချလိုက်ပြီ။ အစိတ် သုံးဆယ်တုန်းက ဟောင်းနေတဲ့ ကျွန်တော်တို့ နည်းပညာ နဲတဲ့ ပစ္စည်းတွေ သုံးစွဲတာတွေ မပါတဲ့ ဟာတွေပေါ့။ သူက နည်းပညာမြင့်တဲ့ ပစ္စည်း မပါလေ၊ လျှော့ချလေပဲ။”
“အခု ပြန်တည်နေတယ် ခင်ဗျ။ ပြန်တည်တာမှ ဘယ်လောက် တည်သလဲ ဆိုရင်၊ ဟိုတနေ့က အီဂျစ်မှာ အခု စပြီးတော့ တည်တာ မီဂါဝပ် ၆၀၀၀ ခင်ဗျ။ အီဂျစ်မှာ။ ဒါက အီဂျစ်ဆိုရင် Nile မြစ်ကြီး ဆိုရင် ဒါ တနိုင်ငံလုံးကို မီးပေးနေတဲ့ဟာ ရေအားလျှပ်စစ်က Assam ဆိုတဲ့ တမံကြီးကနေ မီးပေးနေတယ်။ အဲဒီလိုပဲ တရုတ်မှာလည်းပဲ ဟိုတနေ့က မီဂါဝပ် ၄၀၀၀ တလုံး စပြီးတော့ တည်တယ် ခင်ဗျ။ ဆိုလိုတာကတော့ ကျွန်တော်က ဘာပြောချင်လည်း ဆိုတော့ သူတို့က နောက်ပိုင်းကျလို့ ရှိရင် လူတွေကို ဒုက္ခပေးတဲ့ ဟာတွေကို လျှော့ချ နိုင်တဲ့ အဆင့်တွေက ဒါ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုလောက် ကတည်းက စပြီး သူတို့ တော်တော် လျှော့ချ နိုင်ပါပြီ။ အခု ဆိုရင် ပိုတောင် လျှော့ချနိုင်ပါတယ်။”
မေး။ ။“မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ် ထုတ်ဖို့ ကြိုးစားတဲ့ အနေထားကရော ဆရာ။”
ဦးမော်သာထွေး။ ။“ကျွန်တော်တို့ ဟိုတလောတုန်းက ကရင်မှာ လုပ်မယ် ဆိုတဲ့ ဒေါ်နန်းခင်ထွေးမြင့် တို့ ဝန်ကြီးချုပ်တို့ လုပ်မယ်ဆိုတဲ့ ဟာက သူက ယုံကြည်မှု အပြည့်နဲ့ဗျ။ ယုံကြည်မှု အပြည့်နဲ့ ဆိုတာက အဲဒီမှာ ရှိတဲ့ လျှပ်စစ်ဝန်ကြီးကလည်း ကျွန်တော်တို့ ဆီမှာ လျှပ်စစ် CE အငြိမ်းစား နဲ့ သွားတာဗျ သူက။ သူကလည်းပဲ ဒီတာဘိုင်တွေ ဂက်စ်တာဘိုင်တွေ၊ ဒီကျောက်မီးသွေး စက်ရုံတွေ အားလုံးကို သူမောင်းလာခဲ့သူဗျ။ အဲဒီတော့ သူက ဒါတွေကို နားလည်တယ်။ အဲဒီလိုပဲ ဝန်ကြီးချုပ် ကြီးကလည်း ဖြစ်စေချင်တယ်။ နောက်တခါ ကျွန်တော်တို့ ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းကလည်း ဖြစ်ချင်တယ် ခင်ဗျ။”
“ဒါပေမယ့် ဘာကြောင့် မဖြစ်သေးတာလဲ ဆိုတာကတော့ ပြောရမှာတော့ နဲနဲတော့ ခက်တာပေါ့။ ဘာလို့လည်း ဆိုတော့ အခုထိ မဖြစ်သေးတာက ဘာကြောင့် မဖြစ်သေးတာလဲ ဆိုတော့ ဒီဘက်က တာဝန်ခံမှု တာဝန်ယူမှုတွေ အပြည့်အဝနဲ့ လုပ်ကြမယ်။ လူတွေကလည်း လက်ခံမယ် ဆိုလို့ ရှိရင် ဒါက ဖြစ်သင့်တယ်လို့ ကျွန်တော်တို့က ယူဆတယ်။”
စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။