လူနေဖို့မသင့်တဲ့ အန္တရာယ်ရှိတဲ့ နေရာများ

Well digging in Kachin State, Burma

ဒီတပါတ်အတွက် အစီစဉ်မှာ လူနေဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိတဲ့ နေရာတွေ အကြောင်း သိပ္ပံနည်းကျ ရှင်းပြမယ့် သူကတော့ စင်္ကာပူနိုင်ငံက ဘေးအန္တရာယ်ကင်းရေး ဆိုင်ရာ အရာရှိ ဦးအေးငြိမ်းပါ။

လူ့အသက်တချောင်း ဆုံးပါနိုင်တဲ့ အထိ အန္တရာယ် ပေးနိုင်တဲ့ နေရာတွေကို confined space လို့ ခေါ်ပါတယ်။ ရေတွင်းတို့ အိမ်သာတွင်းတို့ လူမနေတဲ့ မြေအောက်ခန်းတို့၊ မိုင်းတွင်းတို့၊ လှိုင်ဂူတို့လို နေရာမျိုးတွေ အဲဒီနေရာမျိုးမှာ အဓိက ပြဿ နာက အောက်ဆီဂျင် နဲပါး နေ တာပါ။ ဒီနေရာမျိုးျတွေကို confined space ဒါမှမဟုတ် Not fit for occupancy လူနေဖို့ မသင့်တော်တဲ့ နေရာလို့ ခေါ်ပါတယ်။

ဒီလို လူအတွက် အန္တရာယ် ရှိတဲ့ နေရာမျိုးကို မသိပဲနဲ့ ဖြစ်စေ သတိမထား မိပဲ ဖြစ်စေ ရောက် သွားနိုင်ပါတယ်။ တချို့ စင်္ကာပူလို နိုင်ငံတွေမှာတော့ ချမှတ် ထားတဲ့စည်းမျဥ်း စည်းကမ်း သတ်မှတ်ထားတာတွေကို ချိုးဖေါက်ပြီး သွားကြတဲ့အတွက် သေဆုံးတာမျိုးတွေ ကြုံကြ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို နေရာတွေဟာ အသက်အန္တရာယ် ရှိနိုင်တယ် ဆိုတာကို မသိကြတဲ့ အတွက် သွားမိကြတာပါ။ ဒါ့ကြောင့် ရေတွင်းဆယ် ရင်း သေဆုံးရတဲ့သူတွေ အိမ်သာကျင်းမှာ သေဆုံးရသူတွေ အများအပြား ရှိခဲ့ပါတယ်။

မကြာသေးခင်ကပဲ ပဲခူးဘက်တို့ ရခိုင်ဘက်တို့မှာ ရေတွင်းတွေထဲ ဆင်းဆယ်ရင်း မိသားစုလိုက် သေဆုံးရတာတွေ၊ မိတ္ထီလာနဲ့ အညာဒေသတဝိုက်မှာ အိမ်သာကျင်းဟောင်းထဲ ဆင်းဆယ်ရင်း အစုလိုက် သေဆုံးရမှုတွေ ဖြစ်ပွါးခဲ့သလို မကြာခဏလည်း ဒီလိုပုံစံမျိုး သေဆုံးမှုတွေနဲ့ ကြုံနေကြရတာပါ။

ဒီလိုနေရာမျိုးတွေမှာ ကြုံရနိုင်တဲ့ အဓိက အန္တရာယ်က Atmospheric Hazard လို့ ခေါ်တဲ့ လေထု အဆိပ်သင့်တာမျိုးပါ။ လေထုထဲမှာ အောက်ဆီဂျင်နဲရင် အန္တရာယ် ရှိသလို ရှိသင့်တာထက် များနေရင်လည်း အန္တရာယ် ရှိပါတယ်။ ဒါ့အပြင် အဆိပ်သင့် ဓါတ်ငွေ့တွေ၊ မီးလောင်တတ်တဲ့ ဓါတ်ငွေ့တွေ၊ ပေါက်ကွဲစေတတ်တဲ့ ဓါတ်ငွေ့တွေ ရှိနေရင်လည်း အန္တရာယ် ရှိပါတယ်။ တခြား Physical Hazard တို့ Chemical Hazard တို့၊ Mechanical Hazard တို့ လို ဓါတုပစ္စည်းတွေ စက်ပစ္စည်း ဆိုင်ရာ အန္တရာယ် တွေလည်း ရှိပေမယ့် အဓိကက လေထုမှာ အန္တရာယ် ရှိတာကြောင့် ဘေးတွေ့ရတာ များပါတယ်။

အောက်ဆီဂျင် လျော့ပါးတဲ့ အတွက် ကြုံရတဲ့ အန္တရာယ်ကို ကြည့်ရအောင်ပါ။ အဆောက်အဦးပျက်တွေ၊ ရေတွင်းပျက်တွေ၊ အိမ်သာကျင်းဟောင်း တွေမှာ မကောင်းတဲ့ အညစ်အကြေးတွေရှိပါတယ်။ ဒီအညစ်အကြေးတွေကို ဘက်တီး ရီးယား တွေ က စားရင် ဓါတ်ငွေ့တွေ ထွက်လာနိုင်ပြီး ဒီထွက်လာတဲ့ ဓါတ်ငွေ့တွေက အောက်ဆီဂျင် နေရာမှာ အစား ယူလိုက်တဲ့ အခါ အောက်ဆီ ဂျင် လျော့ပါးလာတာပါ။

လေထုထဲမှာ အောက်ဆီဂျင် ပမာဏ ၂၀.၉ % ရှိရမယ့်အစား ၁၉.၅ % အောက် ကို ရောက် သွားရင် အန္တရာယ်ဖြစ်စေပါတယ်။ ၁၇ % လောက်ပဲ ရှိရင် ခေါင်းတွေ မူးလာပြီး အသက်ရှုရ ကြပ်လာသလို ၁၀% လောက် ရောက်လာရင် နှုတ် ခမ်းတွေ ပြာလာပြီး ၆% လောက်ဆို မူးမေ့ သွားပြီး အသက်ဆုံးရတဲ့ အထိ ဖြစ် သွားနိုင်ပါတယ်။ အိမ်သာကျင်းလို မစင်တွေ အညစ်အကြေးတွေနဲ့ ပြည့်နေတဲ့ နေရာမျိုးဆို သတိထားဖို့ လိုပါတယ်။

အောက်ဆီဂျင် ဓါတ်ငွေ့တွေနဲ့ အလုပ်လုပ်ရတဲ့ သူတွေမှာတော့ အောက်ဆီဂျင် များတဲ့ အန္တရာယ် ကြုံရနိုင်ပါတယ်။ အောက်ဆီဂျင် ၂၃.၅% ကျော်သွားမယ် ဆိုရင် ဝန်းကျင်က ပစ္စည်းတွေ မီးလောင်လွယ်တာမို့ အန္တရာယ် ရှိပါတယ်။

အိမ်သာတွင်းတို့၊ မသုံးတာကြာတဲ့ ရေတွင်းပျက်တွေ၊ ထဲမှာ အညစ်အကြေးတွေကို ဘက်တီးရီးယားတွေ စားပြီး ထွက်လာတဲ မီသိန်းဓါတ်တွေက နေရာယူထားတာမို့ အောက်ဆီဂျင်နဲ နေတတ်ပါတယ်။ ဒါ့ကြောင့်တွင်းထဲ ဆင်းတော့မယ် ဆိုရင် ပထမဆုံး တွင်းထဲမှာ လေကောင်းလေသန့် ရအောင် လုပ်ဖို့ လိုပါတယ်။ လေကောင်းလေသန့် အထဲမှာ ဘယ်လောက် ရှိနေတယ် ဆိုတာကို မသိတဲ့အတွက် ဆင်းရင်လည်း သတိဝရိယနဲ့ ဆင်းသင့်ပါတယ်။ ဒါ့အပြင် ဆင်းဖို့အတွက် တယောက်ထဲ မသွားသင့်ပါ။ တွင်းထဲဆင်းမယ့် သူကို အပေါ်က လူက အလွယ်တကူ ဆွဲတင်လို့ ရအောင် ကိုယ်မှာပုဆိုးတို့ ကြိုးတို့ သိုင်းပြီး ဆင်းနိုင်အောင် ပြင်ဆင်ဖို့လိုပါတယ်။ တကယ်လို့ မောလာမယ်၊ အသက်ရှုရ ကြပ်လာမယ် ဆိုရင် အပေါ်ကနေ အမြန် ဆွဲတင်နိုင်ရင် ဘာမှ မဖြစ်နိုင်ပါဘူး။

ဒီအခြေနေကို မသိတဲ့အခါ တွင်းထဲဆင်းတဲ့ လူက လဲကျသွားပြီး စကားမေး မရရင် နောက်တယောက်က လိုက်ဆင်းကြည့် တာ၊ အဲဒီလူ ထပ်လဲသွားရင် ဘာဖြစ်တာလဲ သိချင်စိတ်နဲ့နောက်တယောက် လိုက်ဆင်းတာမျိုးတွေ လုပ်ရင်း လူအများအပြား သေဆုံးရတဲ့ အဖြစ်မျိုး ရောက်ကုန်တာပါ။ ဒါ့ကြောင့် ဒါမျိုး လုပ်တာဟာ အန္တရာယ် များတယ် ဆိုတာကို သိအောင် အသိ ပညာပေးဖို့ လိုပါတယ်။

မြို့မှာ ဖြစ်စေ တောရွာမှာ ဖြစ်စေ ဒီကိစ္စအတွက် ဟောပြောပွဲတွေ လုပ်ပေးနိုင်မယ် ဆိုရင် အနဲနဲ့ အများ သိလာကြမှာ ဖြစ်ပါတယ်။ အန္တရာယ်က အိမ်သာကျင်းတို့၊ ရေတွင်းပျက်တို့၊ အဆောက်အဦးအဟောင်းတို့ အပြင် ဂူတွေမှာလည်း ရှိနိုင်ပါတယ်။ ဥပမာ ပိတ်ချင်းမြောင်လို နေရာမျိုးပါ။

ဒီလို အသက်ရှုဖို့ အန္တရာယ် ရှိတဲ နေရာတွေ အတွက် အောက်ဆီဂျင် ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာကို တိုင်းတာပေးနိုင်တဲ့ စက်မျိုးတွေ ရှိပါတယ်။ တရွာ တခု မရှိ တောင်မှ ရွာနီးချုပ်စပ်မှာ ဘယ်နေရာမှာ ဒီစက်ရှိတယ်ဆိုတာကို စက်ပိုင်ရှင် က အသိ ပေးထားပြီး ငှါးရမ်း အသုံးပြုနိုင်အောင် စီစဉ်ပေးနိုင်ရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။

လူနေဖို့ အန္တရာယ် ရှိတဲ့ နေရာတွေ အတွက် အန္တရာယ် အတိုင်းအတာ ဘယ်လောက် ရှိတယ် ဆိုတာကို စစ်ဆေးပေးတဲ့သူ ထားရပါတယ်။ ဒီလို စစ်ပေးရသူက အောက်ဆီဂျင် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကို တိုင်းတာပေးပြီး လေမှုတ်စက်နဲ့ ဘယ်လောက်ကြာအောင် မှုတ်ထုတ်ပစ်ရမယ် ဆိုတာအထိ တွက်ပေးရတာပါ။

ဒီလို စစ်ဆေးပေးသူ မရှိရင် gas meter ဓါတ်ငွေ့တိုင်းတာ နိုင်တဲ့ စက်မျိုး သုံးနိုင်ပါတယ်။ အများအားဖြင့် ဖိုး အင် ဝမ်း လို့ခေါ်တဲ့ မီးလောင်စေတတ်တဲ့ ဓါတ်ငွေ့၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် တို့ ကာဗွန်မိုနောက်ဆိုက်တို့ လို ဓါတ်ငွေ့ ၄ မျိုးကို တိုင်းတာတဲ့ စက်မျိုးပါ။ ဒီစက်မျိုးက ဈေး ကြီးတဲ့အတွက် အောက်ဆီဂျင် တမျိုးထဲ တိုင်းပေးတဲ့စက်မျိုး ရှိရင်လည်း အဆင်ပြေနိုင်ပါတယ်။ အောက်ဆီဂျင် တမျိုးထဲ တိုင်းပေးတဲ့ စက်က ဈေးသိပ်မကြီးတဲ့ အပြင် သယ်ရတာလည်း လွယ်ကူပါတယ်။ ကိုယ် သွားမယ့် နေရာမှာ အသက်ရှုဖို့ လုံလောက်တဲ့ အောက်ဆီဂျင် ရှိမရှိ အရင်ဆုံး တိုင်းတာနိုင်မယ် ဆိုရင် အခုမကြာခဏ ကြုံနေရတဲ့ ရေတွင်းပျက်တွေ အိမ်သာကျင်းတွေထဲ သေဆုံးကြရတဲ့ အန္တရာယ် လျော့ပါးလာ နိုင်တယ်လို့ ဘေးအန္တရာယ် ကင်းရေး အရာရှိ ဦးအေး ငြိမ်းက အကြံပေးပါတယ်။