မြစ်ကြောင်းအတွက် နေရာပေးပါ (သဘဝဝန်းကျင် ထိန်းသိမ်းရေး R အမှတ် ၂)

myanmar flood in mandalay (MOI)

Your browser doesn’t support HTML5

မြစ်ကြောင်းအတွက် နေရာပေးပါ (သဘဝဝန်းကျင် ထိန်းသိမ်းရေး R အမှတ် ၂)

မြန်မာနိုင်ငံရဲ့ ရေကြီးမှုအန္တရာယ် ကာကွယ်နိုင်ရေးအတွက် သဘာဝဝန်းကျင်ထိန်းသိမ်းဖို့ ထိန်းသိမ်းရေး အင်ဂျင်နီယာ ဦးသိန်းမော် တင်ပြခဲ့တဲ့ အတူတွဲပြီး လုပ်ဆောင်သင့်တဲ့ R ၃ ခု ထဲက ဒုတိယ R ဖြစ်တဲ့ Room for the river လို့ခေါ်တဲ့ မြစ်ကြောင်းတွေ အတွက် နေရာပေးဖို့ ဘယ်လို လုပ်သင့်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

မြစ်ကြောင်းတွေအတွက် နေရာပေးပြီး အတူယှဉ်တွဲနေထိုင်ဖို့ စဉ်းစားတဲ့ စီမံကိန်းတခုရှိပါတယ်။ အဲဒါက Netherlands နိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေဆဲ ဖြစ်တဲ့ Room for the river စီမံကိန်းကြီးပါ။ ဒီစီမံကိန်း အကြောင်း မပြောခင် ပထမဆုံး Netherlands နိုင်ငံရဲ့ အနေထားကို ကြည့်ရအောင်ပါ။

ဦးသိန်းမော်။ ။ “Netherlands နိုင်ငံက သူတို့နိုင်ငံက ပင်လယ်ရေပြင်ထက် နိမ့်ပါတယ်။ လူဦးရေကလည်း များတော့ သူတို့က ဘာလုပ်သလဲ ဆိုတော့ လူတွေ နေဖို့အတွက် ရေရှိနေတဲ့ မြစ်ဝကျွန်းပေါ်နေရာ ပေါ်မှာ ကုန်းတွေ တည်ပြီးမှ လူတွေ နေကြတယ်ပေါ့နော်။ နောက် သူတို့က ကုန်းတကုန်းနဲ့ တကုန်းလည်း သွားဖို့လာဖို့ အတွက် တမံလေးတွေနဲ့ ဆက်လိုက်တယ်။ အဲဒီလို ဆက်ရင်းဆက်ရင်းနဲ့ သူတို့ တမံရဲ့တဖက်က ပင်လယ်ရေ၊ တမံရဲ့ အတွင်းဘက်က ရေကို သူတို့က ဖေါက်ထုတ်လိုက်တယ်။ ဖေါက်ထုတ်လိုက်တော့ ရေမရှိတဲ့ အချိန်မှာ ဒါကို စိုက်ပျိုးမြေ ရတာပေါ့နော်။ အဲဒီလိုနဲ့ သူတို့ နေလာခဲ့ကြတာ။”

“၁၉၅၃ ခုနှစ်မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ခုနကဖုံးထားတဲ့ တမံတွေကလည်း ပျက်စီးကုန်တယ်။ ကျွဲနွား တိရစ္ဆာန်တွေ အများကြီး သေတယ်။ နောက်ပြီး လူတွေလည်း ဒုက္ခရောက်တာပေါ့နော်။ အဲဒီအချိန်မှာ Dutch တွေက နည်းပညာနဲ့ ပတ်သက်ပြီး ရှေ့တန်း ရောက်နေတော့ ဒါမျိုးထပ်ပြီး မဖြစ်စေရဘူး ဆိုပြီးတော့ သူတို့က နှစ် တသောင်းမှာ တကြိမ် ဖြစ်နိုင်တဲ့ မုန်တိုင်းဒဏ်ကို ခံနိုင်အောင် ဆိုပြီးတော့ ပင်လယ်ထဲမှာ တကယ့်ကို ကွန်ကရိတွေနဲ့ ခိုင်ခိုင်မာမာ ကားတွေပါ သွားလို့ ရတဲ့ တာကြီးတွေ လုပ်ပစ်လိုက်တယ်။ သူတို့က တသက်လုံး လောက် ရေကြီးရေလျှံမှုတွေ ထပ်ပြီး မဖြစ်တော့ဘူးလို့ တွက်ခဲ့တာကိုး။”

ဒါပေမယ့် နောက်တချီရေကြီးရေလျှံမှုကို နှစ်ပေါင်း ၄၀ ကျော်မှာ တကြိမ် ထပ်ကြုံရပါတယ်။

ဦးသိန်းမော်။ ။“ ၁၉၉၃ နဲ့ ၁၉၉၅ မှာ ရေကြီးရေလျှံမှုတွေ တခါဖြစ်လာတာပေါ့နော်။ ဒါကတော့ ပင်လယ်ဘက်က ဖြစ်လာတာ မဟုတ်ဖူး။ ကုန်းပေါ်က မြစ်တွေ ရေလျှံပြီးတော့ ရေဝင်လာတာပါ။ နောက် မြစ်တွေမှာလည်း ခုနပြောတဲ့ တမံကြီးတွေ တုပ်ထားတာ ရှိတယ်။ ဒါပေမယ့် ဒီတာတွေကို ကျော်ပြီးတော့ ရေဝင်လာတဲ့ အချိန်မှာ ၁၉၉၅ ခုနှစ်မှာ လူပေါင်း တသိန်ခွဲလောက် ပြီးတော့ နွားနဲ့ တိရိစ္ဆာန် တသန်းကျော်ကို ဘေးလွတ်ရာကို ရွှေ့ပေးရတယ်။ ဒီအထဲမှာပဲ နွားနဲ့ တိရိစ္ဆာန် တသိန်းကျော် က သေသွားခဲ့တယ်။ သူတို့ တွက်ထားတာက နှစ်ပေါင်း တသောင်းမှာမှ တခါ ဖြစ်ရမယ်။ လုံခြုံပြီလို့ ထင်တာပေါ့နော်။ တကယ်တမ်းကျတော့ သူတို့ ထင်သလို ဖြစ်မလာဘူး၊ ရေတကယ် ဝင်လာတော့ သူတို့ ထင်တာထက် ပိုပြီး ဆိုးဆိုးဝါးဝါး ဘေးဒုက္ခတွေ ခံစားရတယ်။”

အဲဒီအချိန်မှာ သူတို့လုပ်ရပ်ကို သူတို့ ပြန်သုံးသပ်ကြပါတယ်။ အစိုးရနဲ့ ပြည်သူအပြင်၊ နိုင်ငံရေးသမား တွေနဲ့ ပညာရှင်တွေပါမကျန် အကုန်ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ သူတို့ရဲ့တွေ့ရှိချက်က ဘာပါလဲ။

ဦးသိန်းမော်။ ။“Dutch လူမျိုးဟာ သဘာဝကို ဆန့်ကျင်ပြီးတော့ တည်ဆောက်ရေးတွေ လုပ်တာမှာ တကမ္ဘာလုံးမှာ သူက အကျော်ကြားဆုံး လူမျိုး ဖြစ်ပေမယ့် ဒီသဘာဝနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေဖို့အတွက် သူတို့ မစဉ်းစားခဲ့ဘူး။ နောက်တချက်က သူတို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာချမှုတွေက များလာတယ်။ နောက်ပိုင်း ပိုဆိုးလာရင် သူတို့ အတွက် ခံနိုင်ရည် မရှိဘူးပေါ့နော်။”

“တာတွေကို သူတို့ ဆက်မြှင့်မယ် ဆိုရင် တာတွေက မြင့်လာလေ၊ ကြံ့ခိုင်ရေးက နဲလာလေ။ တကယ်လို့ သာ ရေဖြိုလို့ရှိရင် ဒီ့ထက်ပိုပြီး ဆိုးတဲ့ ဘေးဒုက္ခတွေ ကြုံရမယ် ဆိုပြီးတော့ သူတို့က ဘာလုပ်မလဲ ဆိုပြီး စဉ်းစားကြတယ်။ အဲဒီလို စဉ်းစားတဲ့ အချိန်မှာ မြစ်တွေနဲ့ ယှဉ်တွဲပြီး အတူနေဖို့၊ သဘာဝ တရားနဲ့ လိုက်လျောညီထွေ နေဖို့ ပဲ ရှိတော့တယ် ဆိုပြီးတော့ မြစ်တွေ အတွက် နေရာပို ပေးဖို့ ဆုံးဖြတ်လိုက်တယ် ပေါ့နော်။”

“အဲဒီတော့ မြစ်တွေကို တူးဖေါ်တယ်၊ မြစ်ကြောင်းတွေကို ချဲ့တယ်။ နောက်ပြီးတော့ တမံတွေကို ကုန်းဖက်ကို ဆုတ်ပေးတယ်။ နောက်ပြီး မိုးရွာလာလို့ ရှိရင် မိုးရေထိန်းစရာ မိုးရေလှောင်စရာ ကန်ကြီးတွေ၊ နေရာကြီးတွေကို ဖန်တီးပေးတယ်ပေါ့နော်။ အဲဒီတော့ သူတို့က ရေအတွက် နေရာတွေကို လုပ်လိုက်တယ်။ ဒီစီမံကိန်းကို သူတို့ ခေါ်လိုက်တဲ့ နံမယ်ကတော့ Room for the river မြစ်အတွက် နေရာပေးပါ ပေါ့နော်။”

မြန်မာနိုင်ငံအတွက်လည်း ဒီလို မြစ်ကိုနေရာပေးဖို့ သိပ်ကို လိုအပ်နေတာပါ။

ဦးသိန်းမော်။ ။“ကျွန်တော်တို့ မြန်မာပြည်မှာကလည်း ချောင်းတွေ မြစ်တွေက သဲနုန်းတွေ ပို့တာက အတော်လေးကို ဆိုးနေပြီ။ အဲဒီတော့ မိုးမှာ ရေလျှံတယ်။ နွေမှာ ရေမရှိဘူး။ မြစ်ကြောင်းထဲမှာ သွားဖို့ လာဖို့တောင် အဆင်မပြေတော့ဘူး ပေါ့နော်။ အဲဒီတော့ မြစ်ကြောင်းကို ဖေါ်မှ ရမယ်။ မြစ်ကြောင်းကို ဖေါ်မယ် ဆိုရင် အဓိက လုပ်ရမယ့် နည်းလမ်းက သဲနုန်းတွေ တူးတာပေါ့။ သောင်တူးစက် လို့ခေါ်တဲ့ Dredger တွေနဲ့ တူးရမယ်ပေါ့။ အခု ကမ္ဘာ့ဘဏ်နဲ့ တွဲပြီး လုပ်နေတဲ့ ဧရာဝတီမြစ်ကြောင်း ဘက်စုံ စီမံကိန်းမှာတောင် ဧရာဝတီ မြစ်ကြီး တခုလုံးကို မလုပ်နိုင်ဘူး။ မန္တလေးနဲ့ ညောင်ဦး ကြားမှာပဲ အကန့် အသတ်နဲ့ လုပ်နေရတယ်။ အဲဒီတော့ မြစ်ဆုံကနေ ပင်လယ်အထိ ဧရာဝတီ မြစ်ရဲ့ ဖြတ်ပိုင်း ကို ဆွဲမယ် ဆိုရင် အတက်အကျတွေနဲ့ တော်တော့်ကို ဆိုးဆိုးဝါးဝါး မြင်နေရတာ။ မြစ်ကြောင်းက ရေစီးကို ချောချော မွေ့မွေ့ဖြစ်အောင် ကျွန်တော်တို့က ညှိပေးရမယ်။ ရေအတွက် စီးစရာ နေရာ အလုံအလောက် ဖြစ်အောင်လည်း လုပ်ရမယ်။ ဆိုလိုတာက မြစ်ကြောင်းကို မဖေါ်လို့ကို မရဘူး။”

“ဧရာဝတီရော၊ ချင်းတွင်းရော၊ စစ်တောင်းရော၊ သံလွင်ရော အကုန်လုံးက ဆိုးနေတာပေါ့နော်။ မြစ်ကြောင်း ထိန်းသိမ်းရေး ဆိုတာ ဥပမာ နယ်သလန်နိုင်ငံကို ကြည့်လိုက် မြစ်ကြောင်းနဲ့ ပတ်သက်တဲ့ အလုပ်တွေက နေ့တိုင်းကို ရှိနေတာ။ ကျွန်တော်တို့ ဆီမှာ မြစ်ကြောင်း ထိန်းသိမ်းရေးက ဘယ်နေရာမှာမှ မတွေ့ရဘူး။ အဲတော့ မလုပ်လို့ ရှိရင် နောင် အခြေအနေက ဒီထက် ပိုပို ဆိုးလာမှာကိုး။ အဲဒီတော့ ဒါကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုနေပြီ။”

သောင်တူးစက်နဲ့ တူးဖေါ်တာဟာ ကုန်ကျစားရိတ်သိပ်ကြီးတာမို့ စားရိတ်သက်သာနိုင်တဲ့ နည်းကို စဉ်းစားဖို့လည်း အကြံပေးပါတယ်။

ဦးသိန်းမော်။ ။“ဒီသောင်တူးစက်တွေက ဒီဇယ်ဆီနဲ့ မောင်းတယ်။ တကယ်လို့သာ ဒီဇယ်ဆီကို သုံးရမယ် ဆိုရင် နဲတဲ့ကုန်ကျစားရိတ်တွေ မဟုတ်ဘူး။ ဒီတော့ မြစ်ကြောင်းထဲမှာ ဆိုရင် ကျွန်တော်တို့က ဆိုလာပါဝါ နေစွမ်းအင် ထုတ်နိုင်အောင် သဘောၤာကြီးတွေ ဆောက်ပြီး အဲဒီအပေါ်မှာ တင်။ တင်ပြီးမှ သောင်တူးစက်ကို လှမ်းပြီးတော့ စွမ်းအင်ပေးမယ် ဆိုရင် တနေ့လုံး အလုပ်လုပ်လို့ ရတယ်။ မိုးတွင်းမှာတော့ ရေကလည်း တက်နေတော့ အလုပ်ကတော့ ဒီလောက် ရှိမှာ မဟုတ်ပါဘူး။ နွေမှာ ဆိုရင် နေရောင်က အပြည့်အဝ ရမယ်။ မြစ်ကြောင်းကလည်း တိမ်သွားတာ ဆိုတော့ သောင်တူးစက်တွေ အလုပ်လုပ်လို့ ရတယ်။ ဒါဟာ တကယ်လည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လည်း ဆိုတော့ လျှပ်စစ်အားနဲ့ မောင်းတဲ့ သောင်တူးစက်တွေ ကလည်း ပေါ်နေပြီး ဆိုလာပြား များများ၊ ကျယ်ကျယ်ပြန့်ပြန့် သာ တပ်မယ်ဆိုရင် လောလောဆယ်၊ စွမ်းအင်ကို ထုတ်ပေးလို့ လည်း ဖြစ်နိုင်တယ်။ စဉ်းစားကြဖို့ သင့်ပြီပေါ့နော်။

မြစ်ကြောင်းအတွက် နေရာပေးရာမှာ အင်းအိုင်၊ တာတမံတွေရဲ့ အနေထားကလည်း အရေးပါပါတယ်။

ဦးသိန်းမော်။ ။“ အရင် အင်္ဂလိပ်ခေတ်က တာတွေကို အကန့်အသတ်နဲ့ ဆောက်ခဲ့တယ်။ အင်းတွေလည်း ရှိတယ်။ တောင်သမန်အင်းလိုမျိုး၊ နောက် ဧရာဝတီ တိုင်းမှာလည်း အင်းတွေ အများကြီး ရှိတယ်။ ဒီအင်းတွေက မိုးတွင်းမှာ မိုးများလာရင် ရေခိုစရာ နေရာတွေ ပေါ့နော်။ နောက်ပြီးတော့ ငါးတွေ ပွါးဖို့လည်း အဆင်ပြေတယ်။ နောက် ရေပြန်ကျသွားချိန်မှာ မြစ်ထဲနဲ့ အင်းထဲမှာ ငါးတွေ လွတ်လွတ်လပ်လပ် သွားဖို့ ပွါးများဖို့လည်း အခွင့်ရေးရှိတယ်ပေါ့နော်။ အခုအချိန်မှာ အဲဒီလို မဟုတ်တော့ဘူး။ တာတွေ အမျိုးမျိုးပတ်တယ်။ စပါးစိုက်ရအောင် တာတွေ အမျိုးမျိုး ပတ်ပြီးမှ ငါးကန်တွေ ဖြစ်တယ်။ အဲဒီတော့ အင်းတွေထဲကို ခုနလို ရေမဝင်တော့ဘူး။”

“အဲဒီတော့ ဘာဖြစ်သလဲ ဆိုတော့ ဧရာဝတီမြစ်က ရေက ပိတ်ထားတဲ့အတွက် ဒီကန့်သတ်ထားတဲ့ လမ်းကြောင်းထဲမှာပဲ မလုံမလောက် စီးရတယ်။ အဲဒီတော့ မိုးအခါမှာ ဖြန့်ပြီးတော့ စီးတဲ့အတွက် ရေကြီးရေလျှံတာတွေ ဖြစ်တယ်။ နောက်တခါ ဧရာဝတီ တိုင်းမှာလည်း စပါးစိုက်တာက နုံးမြေတွေက အစ ရေမဝင်တော့ မရတော့ဘူး။ အဲဒီတော့ တာတမံတွေနဲ့ ပတ်သက်ပြီးတော့လည်း မြစ်အတွက် နေရာပေးပါ အစီအစဉ်အောက်မှာ တကယ်လိုအပ်ရဲ့လား၊ တကယ် အကျိုးရှိရဲ့လား။ အကျိုးမရှိ မလိုအပ်တဲ့ တာတမံတွေ ကိုလည်း ဖျက်မယ်။ နောက်ကို ဆုတ်ပေးမယ်။ မြစ်အတွက် နေရာ ပိုရအောင် ကျွန်တော်တို့က လုပ်ပေးရမယ်။

ဦးသိန်းမော်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။