လယ်ယာလုပ်ငန်းခွင် အန္တရာယ်ကင်းရေး အပိုင်း ၃

မြန်မာ လယ်သမား

စက်မှုလယ်ယာခေတ်မှာ လယ်သမားတွေ စက်အကြောင်းကို နားလည်အောင် ကျိုးစားကြဖို့နဲ့ လယ်ယာစိုက်ပျိုးရင်း ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေ ထဲက မိုးကြိုးပစ်တာနဲ့ မြွေ အန္တရာယ်တွေ အကြောင်းကို ဒီတပါတ်မှာ ပြောပြပါရစေ။

စက်မှုလယ်ယာ တော်တော် ထွန်းကားတဲ့ ခေတ်ကို ရောက်နေပေမယ့် မြန်မာနိုင်ငံက လယ်သမားတွေဟာ လယ်ယာသုံး ထွန်စက်တွေ အကြောင်း သိပ်ပြီး မသိကြသေးဘူးလို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဆိုင်ရာ အကြံပေး ဦးအေးငြိမ်းက ပြောပါတယ်။
အသေးစား လယ်ယာသုံး စက်ကရိယာတွေ ပေါ့နော်။ လက်တွန်းထွန်စက်တို့၊ ချွေလှေ့စက်တို့။ အသေးစား ကောက်ရိတ်စက်တို့ စသဖြင့် သုံးကြပါတယ်။ အဲဒီစက်တွေနဲ့ ပါတ်သက်ပြီးတော့ လယ်သမားတွေ အနေနဲ့ သေသေချာချာ ကျကျ နန သိထားတဲ့ ဗဟုသုတမျိုး မရှိသေးပါဘူး။
အဲဒီစက်တွေ အကြောင်းကို သေချာမသိပဲနဲ့ သုံးမယ် ဆိုရင် အန္တရာယ် အတော်များပါတယ်။ စက်တွေကို ရောင်းတော့မယ် ဆိုတာနဲ့ လယ်သမားတွေကို ဒီစက်တွေ အကြောင်း ကို သေသေချာချာ သင်ပြ ပေးဖို့ရယ် နောက် စက်တွေကို ဘယ်လိုမောင်းရမယ်။ ဘယ်လိုပြုပြင်ထိမ်းသိမ်းရမယ်။ အန္တရာယ်ကင်းအောင် ဘယ်လိုသုံးရမယ် ဆိုတာကို သူတို့ကို သေသေချာချာ သင်တန်းပေးဖို့ သေချာ ရှင်းလင်း ပြဖို့ အရေးကြီးပါတယ်။ စက်ပိုင်ရှင်တွေ အနေနဲ့ ဒီစက်ကို ဝယ်လာပြီ ဆိုရင် ပထမဆုံး စပြီး လုပ်ရမှာက စက်ပိုင်ရှင်လက်စွဲစာအုပ်ကို သေချာ ကျကျနန ဖတ်ဖို့ အရေးကြီးပါတယ်။ နားမလည်လို့ ရှိရင်လည်း နားလည်တဲ့သူကို မေးမြန်းပြီးတော့ မှတ်သား မောင်းနှင်ဖို့လို့ အရေးကြီးပါတယ်။

စက်မှု လယ်ယာကို ပြောင်းတဲ့နေရာမှာ စက်အကြောင်း ဂဃနဏ နားလည်ဖို့ အရေးကြီးသလို စက်မောင်းတဲ့နေရာမှာ လိုက်နာရမယ့် အချက်တွေ ကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အရေးကြီးတဲ့ အချက်တွေ တော်တော်များများ ရှိပါတယ်။ ဥပမာ စက်မောင်းတဲ့ သူတွေ အနေနဲ့ နံပါတ် ၁ က စက်မောင်း ထားနေတုန်းမှာ ဆီမဖြည့်ရပါဘူး။ စက်မောင်းထားတုန်း ဆီဖြည့်ရင် စက်က လည်နေတဲ့ အတွက်ကြောင့် အဲဒီမှာ မီးပွါးတွေ ထွက်မယ်။ အဲဒီ မီးပွါးက ဆီနဲ့ ထိလိုက်တဲ့အခါမှာ မီးလောင်နိုင်ပါတယ်။ နောက် စက်ကို တခုခု အကြောင်းတစုံတခုကြောင့် ပြင်တော့မယ် ဆိုလို့ ရှိရင် စက်ကို လုံး၀ ရပ်ထားဖို့ အရေးကြီးပါတယ်။ လက်တွန်းထွန်စက်မှာ ထွန်သွားမှာ ပေါင်းတွေ မြက်တွေ ညိနေတယ် ရှင်းချင်တယ် ဆိုရင်လည်း အင်ဂျင်ကို လုံး၀ ရပ်လိုက်ဖို့ အရေးကြီးပါတယ်။ စက်ကို ပြင်တော့မယ် ဆိုရင် ကိုယ်နားမလည်ရင် ရမ်းပြီး မပြင်ရပါဘူး။ ရမ်းပြင်တာဟာ အလွန်အန္တရာယ် များပါတယ်။ နောက် အရေးကြီးတဲ့ အချက်က စက်မောင်းတော့မယ် ဆိုရင် ခန္ဓာကိုယ်မှာ လျော့တိလျော့ရဲ ဖြစ်နေတဲ့ အဝတ်အစားတွေကို မဝတ်ရပါဘူး။ လက်ဝတ်လက်စားတွေကိုလည်း မဝတ်ရပါဘူး။ အဲဒီ လက်ဝတ်လက်စားတွေ စက်မှာညပ်ပြီးတော့ အန္တရာယ် ရှိပါတယ်။ ဆံပင်ရှည်နေလို့ ရှိရင် ဆံပင်ကို သေသေချာချာ သပ်သပ်ရပ်ရပ် ထုံးပြီးတော့ ခမောက်ထဲမှာ ဆောင်းထားဖို့ ဆံပင်နဲ့ စက်နဲ့ ညပ်ပြီးတော့ ဆံပင်အုံလိုက် ကျွတ်ထွက်တဲ့ သာဓကတွေ ရှိဘူးပါတယ်။
စက်ပိုင်ရှင် လက်စွဲထဲမှာ ဘယ်နှစ်မိုင်မောင်းပြီးတိုင်းမှာ ကြံ့ခိုင်ရေး တခါလုပ်ပါဆိုတာကို ပြထားလေ့ ရှိပါတယ်။ စက်ကို အမြဲတမ်း ပုံမှန် ကြံ့ခိုင်ရေး လုပ်ဖို့ အရေးကြီးပါတယ်။ အဲဒီအထဲမှာ ချောဆီကို ပုံမှန်လဲပေးတာ။ ကြပ်သင့်တဲ့ မူလီတွေကို ကြပ်ပေးတာ စတာတွေ ပါပါတယ်။ နောက်တခုက ထွန်စက်ကို သုံးပြီးတဲ့ အခါတိုင်းမှာ သန့်ရှင်းရေး လုပ်ဖို့လို့ မပျင်းရပါဘူး။ ထွန်စက်ရဲ့ ဓါးသွားတွေကို သေသေချာချာ ရေတွေ ဆေးဖို့တို့၊ အမှိုက်တွေကို ရှင်းဖို့လို့၊ လေစစ်ကို သေသေချာချာ ဆေးကြောဖို့၊ အလွန်အရေးကြီးပါတယ်။

ထွန်စက်ကို လယ်ကွင်းထဲမှာ မောင်းဖို့လို့ ပုံစံဆွဲထားတာမို့ အမြန်မောင်းရင် အန္တရာယ် ရှိတာကို သိထားဖို့ လိုအပ်သလို စက်ကထွက်တဲ့ အခိုးအငွေ့တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။

ထွန်စက်ကို ဘယ်တော့မှ အလုံပိတ် အခန်းထဲမှာ ဘယ်တော့မှ စက်မနှိုး ရပါဘူး။ များသောအားဖြင့်က အင်ဂျင် အသေးတွေနဲ့ အခုဆိုရင် ကျွန်တော်တို့ ဆီမှာ ကူဘိုတာ ၅- ၆ တို့ တရုတ်ကလာတဲ့ စက်တွေ ဆိုရင် မြင်းကောင်ရေအား ဆယ်ကောင် ၁၂ ကောင် သုံးပါတယ်။ အဲဒီအင်ဂျင်တွေကို များသောအားဖြင့် မောင်းနေတာက ဒီဇယ်နဲ့ မောင်းနေတာပါ။ အဲဒါမီးခိုးတွေ ထွက်လာတတ်ပါတယ်။ အဲဒီမီးခိုးတွေမှာ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ကာဗွန်မိုနောက်ဆိုက် ဆိုပြီးတော့ ဓါတ်ငွေ့ ၂ မျိုး ပါပါတယ်။ ကာဗွန်မိုနောက်ဆိုက်က အန္တရာယ် တော်တော် များပါတယ်။ လူခံနိုင်တာထက် ပိုပြီးတော့ ရှုမိလို့ ရှိရင် အသက်သေနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

စက်တွေ အကြောင်း သိထားဖို့ အရေးကြီးသလို တခြား အန္တရာယ်တွေ ရှိတာကိုပါ နားလည်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ နေပူမိုးရွာမရှောင် ကွင်းပြင်ထဲမှာ အလုပ်လုပ်ကြရတဲ့ လယ်သမားတွေ အတွက် မိုးကြိုး အန္တရာယ်နဲ့ မြွေကိုက်တဲ့ အန္တရာယ် တွေက ကြိုတင်ပြီး ကာကွယ် နိုင်တာမျိုးပါ။

မိုးကြိုးပစ်မယ့် အလားအလာရှိရင် ရေအိုင်၊ ချောင်း၊ မြောင်း စသဖြင့် ရေနဲ့ နီးတဲ့နေရာတွေကို ရှောင်ရပါမယ်။ မိုးတိမ်ရိပ်တွေ မည်းနက်လာပြီ ဆိုရင်၊ မိုးခြိမ်းသံတွေ ကြားလာပြီ ဆိုရင် ဒါဟာ မိုးကြိုးပစ်မယ့် အန္တရာယ် ရှိနိုင်ပါတယ်။ အဲဒီလို အန္တရာယ် ရှိလာပြီ ဆိုရင် တောင်ကုန်း၊ ထီးထီးဖြစ်နေတဲ့ သစ်ပင်၊ အုန်းပင် စသည်ဖြင့်မြင့်တဲ့နေရာတွေကို ရှောင်ရပါမယ်။ နောက်တခုက ဟင်းလင်းပြင်ကြီးထဲမှာ မတ်တပ်ရပ်နေတာ ကိုလည်း ရှောင်ရပါမယ်။ ကိုယ်က အမြင့်ဆုံး ဖြစ်နေတဲ့ အတွက်ကြောင့် ကိုယ့်ကို မိုးကြိုး ပစ်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။
ကွင်းထဲကိုသွားတဲ့ အခါမှာ ဘယ်တော့မှ လက်ဝတ်လက်စားတွေကို ယူမသွားပါနဲ့။ သတ္တုထည် ပစ္စည်းတွေဖြစ်တဲ့အ တွက်ကြောင့် အထူးသဖြင့် ငွေထည်တို့၊ ရွှေထည်တို့ ဆိုတာတွေက လျှပ်စီးနှုံး အလွန်ကောင်းပါတယ်။ မိုးကြိုးကို ဆွဲဆောင်ပြီး ခေါ်ယူသလို ဖြစ်တဲ့ အတွက်ကြောင့် အန္တရာယ် အလားအလာ ရှိပါတယ်။

မိုးခြိမ်းနေတုန်း ဆံပင်တွေ ထောင်လာတာဟာ မိုးကြိုးအတွက် သတိပေးချက်တခုလို့ ဆိုပါတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ အီလက်ထရွန်တွေ ရှိပါတယ်။ မိုးကြိုးပစ်တယ် ဆိုတာကလည်း တိမ်တိုက်မှာရှိတဲ့ အီလက်ထရွန်တွေက မြေကြီးပေါ်ကို ဆင်းလာမယ့် အန္တရာယ်ပါ။ အဲတော့ ကိုယ့် ခေါင်းပေါ်က ဆံပင်တွေ ထောင်လာပြီ ဆိုရင် ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အီလက်ထရွန်တွေက ဟိုဘက်က အီလက်ထရွန်တွေနဲ့ သွားပြီးတော့ မိတ်ဆက်တော့မယ် ဆိုတဲ့ သဘောပါ။ အဲဒီလို မိတ်ဆက်တယ် ဆိုတာ မိုးကြိုးပစ်တာပါ။ အဲဒီတော့ မိုးတွေ ခြိမ်းနေလို့ ခန္ဓာကိုယ်မှာရှတဲ့ အမွှေးတွေ ထောင်လာမယ် ဆိုရင် အထူး သတိပြုဖို့ လိုပါတယ်။ အဲဒီလို ဖြစ်လာပြီ ဆိုရင် ကွင်းထဲမှာ ဆောင့်ကြောင့်ထိုင်ပါ။ ဒူးခေါင်းပေါ်မှာ ခေါင်းကို အပ်ထားပါ။ ဒူးနှစ်လုံးကို လက်နဲ့ ပိုက်ထားပါ။ ကွင်းပြင်ထဲမှာ ဝမ်းလျားမှောက်နေတာ၊ ပက်လက်လှန်နေတာ၊ လှဲလျောင်းနေတာ မျိုး လုံး၀ မလုပ်ပါနဲ့။ တနေရာမှာ မိုးကြိုးပစ်ချလိုက်တယ် ဆိုရင် ကွင်းက ရေစိုနေ တဲ့ အတွက်ကြောင့် အဲဒီရေကနေ တဆင့် ကိုယ့်ဆီကို အမြန်ရောက်လာတတ်ပါတယ်။ တကယ်လို့ လယ်ထွန်နေတယ် ဆိုရင် ရပ်ပြီးတော့ ထွန်ကိုဖြုတ်၊ ကုန်းပေါ်ကို တက်ဖို့ လိုပါတယ်။ လယ်ထွန်နေတာက ရေထဲမှာ လုပ်နေတာမို့ ရေဟာ အန္တရာယ်များပါတယ်။ တကယ်လို့ ကိုယ်က မြစ်ထဲမှာ ရောက်နေတယ် ဆိုရင် လှေကို ဆက်ပြီး မလှော်ပဲနဲ့ လှေပေါ်မှာ ခုနပြောသလို ဒူးတုပ်ပြီးတော့ ခေါင်းကို ငုံ့ထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ ကွင်းပြင်ထဲမှာ လူတွေ အများကြီး ရှိမယ် ဆိုရင် လူဆိုတာ လျှပ်စီးနှုံး အလွန်အင်မတန် ကောင်းတဲ့အတွက် ကြောင့် တယောက်နဲ့ တယောက် ပူးကပ်နေတာဟာ မိုးကြိုးပစ်ဖို့ အလားအလာ ပိုပြီးတော့များပါတယ်။
မိုးကြိုးဒဏ်မခံရအောင် အဆောက်အဦး တခုခု ရှိမယ် ဆိုရင် အထဲဝင်နေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မိုးကြိုးလိုပဲ အန္တရာယ် ရှိတာတခုက မြွေပါ။ မြွေရဲ့ သဘာဝနဲ့ မြွေကိုက်ရင် ဘာလုပ်ရမလဲဆိုတာကို သိထားတာက အသက်ကို ကယ်နိုင်ပါတယ်။

တနှစ်တနှစ် မြွေကိုက်ခံရတဲ့ အရေအတွက်က အတော်လေး များပါတယ်။ မြွေအန္တရာယ်ကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ မြွေ အများဆုံးနေတတ်တာသည် ချုံပုတ်တွေထဲမှာ ဖျာလိပ်တွေထဲမှာ နေတတ်တယ်။ နောက် ကောက်လှိုင်းအောက်တွေမှာ နေတတ်တယ်။ အဝတ်ပုံတွေကြားမှာ နေတတ်ပါတယ်။ ကွင်းပြင်ထဲမှာ သူတို့နေတာ ရှားပါတယ်။ နောက် မြွေ ဆိုတာက သူတို့ကို အန္တရာယ် မပြုလာပဲနဲ့ ဘယ်တော့မှ အန္တရာယ်လာပြုလေ့ မရှိပါဘူး။ အကယ်၍ မြွေကိုက်ပြီ ဆိုရင် လူနာကိုပဲ ဂရုစိုက်ပါ။ မြွေကို သတ်ဖို့ မကျိုးစားပါနဲ့။ မြွေကို ရှာနေတာနဲ့ လူနာဟာ ပိုပြီးတော့ အခြေနေ ဆိုးလာတတ်ပါတယ်။
ဟိုးအရင်တုန်းက မြွေကိုက်ပြီ ဆိုရင် အဲဒီဒဏ်ရာကို ဓါးနဲ့ ခွဲမယ် နောက် ပုလင်း ကို မီးကင်ပြီးတော့ အထဲက အဆိပ်ကို စုပ်ယူဖို့လုပ်မယ် စသဖြင့်ပေါ့။ အဲဒါတွေ အခုခေတ်မှာ လက်မခံတော့ပါဘူး။ အဲဒီမြွေကိုက်တဲ့ နေရာကို ရေနဲ့ စင်စင် ဆေးပြီးတော့ လက်လေးလုံးလောက် အဝတ်သန့်သန့် လေးခေါက်ပြီး အဲဒီအပေါ်မှာ ပတ်တီးလေးစည်းထားပါ။ တကယ်လို့ သိပ်ပြီးတင်းသွားပြီ ဆိုရင် အဲဒီနေရာမှာ သွေးမလျှောက်တဲ့ အတွက်ကြောင့် ခြေပုပ်တာ လက်ပုပ်တာဖြစ်တတ်ပါတယ်။ နောက်ပြီးတော့ လူနာကိုမလှုပ်ပါစေနဲ့ ဖြစ်နိုင်ရင် သူ့ကို ပက်လက်လှဲထားပါ။ ခြေထောက်ကို နဲနဲလေး မြှင့်ထားဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ အမြန်ဆုံး ဆေးရုံကို ပို့ပါ။
ဒီလယ်ယာ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနဲ့ ပါတ်သက်တဲ့ စာအုပ်ကို အခမဲ့ ဖြန့်ဝေပေးပါတယ်။ ဖုံးနံပါတ် ၇၀၉၅၁၀ ကို ဆက်သွယ်ပြီးတော့ စာအုပ်ရယူနိုင်ပါတယ်။
လုပ်ငန်းခွင်အန္တရာယ်ကင်းရေး အရာရှိ ဦးအေးငြိမ်းရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပါတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။