ရေကြီးရေလျှံရတဲ့ အကြောင်းရင်း

ရေကြီးလို့ စေတီပုထိုးများရေမြုပ်

Your browser doesn’t support HTML5

ရေကြီးရေလျှံရတဲ့ အကြောင်းရင်း

မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီရောက်တိုင်း ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ကြုံနေရတာကို ကာကွယ်နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု တက်စ်စက်စ် ပြည်နယ်က သဘာဝဝန်းကျင် ဆိုင်ရာ အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကို မေးမြန်းပြီး တင်ပြပေးမှာပါ။

နှစ်စဉ် ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံမှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ပထမဆုံး ဒီလိုရေကြီး ရေလျှံမှုတွေ ဘာ့ကြောင့်ဖြစ်ရတယ် ဆိုတာကို ကြည့်ရအောင်ပါ။

ဒေါ်အေးအေးကြည်။ ။ “မြန်မာပြည်မှာ ဖြစ်တာက သဘာဝဘေးအန္တရာယ် လည်း ပါပါလိမ့်မယ်။ နောက်တခြား အချက်တွေလည်း ပါပါလိမ့်မယ်။ ရေကြီးရတဲ့အကြောင်းရင်းကို ကြည့်မယ်ဆိုရင် အချက်က ၁၄ ချက်လောက် ရှိပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းပေါ့နော်။ အဲဒီထဲမှာ မိုးရေချိန်ရှိတယ်။ မိုးရွာရင် လက်ခံမယ့် အပင်တွေဘယ်လောက် ရှိသလဲ၊ မိုးရေကို လက်ခံမယ့် ဧရိယာ ဘယ်လောက်ရှိသလဲ။ နောက်ပြီးတော့ ရေကာတာတို၊့ တောင်ကုန်းတို့၊ မြေကြီးတို့၊ ရေစီးသွားမယ့် နေရာမှာ ရှိတဲ့ အဆောက်အဦးတွေ ဘယ်လောက် ဆောက်ထားသလဲတို့၊ မြို့ပြအသုံး ဘယ်လို သုံးသလဲတို့၊ မြို့ရဲ့ ကြီးထွားမှုပေါ့နော်။ အမျိုးစုံရှိပါတယ်။ နောက်ပြီး အရင်တုန်းက မိုးဘယ်လို ရွာခဲ့တာလဲ၊ ကမ်းရိုးတန်းတို့ ဘာတို့က ရေတွေ ဝင်တာလား။ မုန်တိုင်းက ဝင်တာလား။ ရေက ဘယ်လောက်တက်သလဲ၊ စသဖြင့် အကြောင်းက ၁၄ - ၁၅ ခုလောက် ရှိပါတယ်။”

“အဲဒီတော့ မြန်မာပြည်မှာ ဖြစ်တာကတော့ ကျမရဲ့ အမြင်ကတော့၊ မှားချင်လည်း မှားပါလိမ့်မယ်။ သဘာဝ ဘေးအန္တရာယ် လည်း ပါပါလိမ့်မယ်။ တဖက်ကလည်း ရေမကြီးအောင် လူသားတွေ ဘက်က လုပ်ဆောင်နိုင်တာ အများကြီး ရှိပါတယ်။ အဲဒီအပိုင်းကို မလုပ်နိုင်တာတွေ၊ မလုပ်ဖြစ်တာတွေ ကလည်း ပါပါလိမ့်မယ်။ အကြောင်း အမျိုးမျိုး လည်း ပါလိမ့်မယ် ထင်ပါတယ်။ ဒီမှာ အမေရိကန်မှာ ဆိုရင် ရေနုတ်မြောင်းတွေကို လုံးဝ အပိတ်မခံပါဘူး။ ရေကြီးတဲ့ အချိန်မှာ သစ်ပင်တွေ ဘာတွေ ကျိုးကျ ပျက်စီးတယ် ဆိုရင် ရေမြောင်းပိတ်မှာ စိုးလို့ မြို့အုပ်ချုပ်တဲ့ သူတွေက ရေမြောင်းရှင်းအောင် အကုန်လုံး လွတ်ရာကို ထားပေးပါတယ်။”

မုတ်သုန်မိုးကြောင့် ရေကြီးတဲ့ အန္တရာယ်သာမက မြေပြိုတဲ့ အန္တရာယ်ပါ ကြုံရနိုင်ပါတယ်။

ဒေါ်အေးအေးကြည်။ ။ “နောက်တခုက မြေပြိုကျတာပါ။ အခု မော်လမြိုင်ဘက်မှာ မြေပြိုကျတာတွေ့ရပါတယ်။ မြေပြိုကျတာဟာ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်း ဖြစ်နိုင်တယ်၊ တဖက်ကလည်း အဆောက်အဦးတွေ ဆောက်တဲ့အခါ ပါမစ်ချထားပေးတဲ့ နေရာမှာ သေသေချာချာ ကြည့်ပြီးတော့ ဆောက်သင့်သလား မဆောက်သင့်ဘူးလား၊ ဘယ်လိုပုံစံနဲ့ဆောက်သင့် သလဲ၊ မြေထိမ်းနံရံတွေ ရှိသင့်သလား၊ စသည်ဖြင့် အဲဒါမျိုးတွေ စီစစ်ပြီး လုပ်ခဲ့သလား၊ ဆိုတာကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။”

“အမေရိကန်မှာဆိုရင် ရပ်ကွက်တခု ဆိုရင် ရပ်ကွက် အသစ်ဖေါ်တော့မယ် ဆိုရင်ဖြစ်ဖြစ် အဆောက်အဦး ဆောက်တော့မယ် ဆိုရင် ဖြစ်ဖြစ်၊ အဲဒီနေရာမှ ရှိနေတဲ့ မြေအောက်လိုင်းတွေ၊ ရေစီးရေနှုတ်လိုင်းတွေကို သွားပြီး ထိခိုက်မှာလား၊ ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာကို တွက်ပါတယ်။ နောက်တချက်ကလည်း မြောင်းတွေဆို အကုန်လုံးကို အပေါ်က ပိတ်ထားပါတယ်။ အဲဒီ အခါမှာ အပြင်က ဘာမှ ဝင်လို့ မရပါဘူး။ အပိုင်းအစ အမှိုက်သရိုက် အကျိုးအပဲတွေက ဘာမှ ဝင်လို့ မရပါ ဘူး။ မြန်မာပြည်မှာကတော့ မြောင်း အတော်များများက ပွင့်ရက် ဖြစ်နေတယ်။ အဲဒီတော့ ရေမြောင်းပိတ်တာကြောင့် ဖြစ်တာလား၊ အဲဒီမြေပြိုတဲ့ဟာကို ထိမ်းလို့ပဲ ဖြစ်တာလား ဆိုတာမသိပါဘူး။ ဒီမှာဆိုရင်ရေစီးရာ လမ်းကြောင်းက ဘယ်လိုပုံနဲ့ ဘယ်နေရာကို စီးမယ် ဆိုတာ ပြထားတဲ မြေပုံရှိပါတယ်။ အဲဒီမြေပုံ ပြောင်းသွားသလား မပြောင်းဘူးလား အင်ဂျင်နီယာတွေက အမြဲတမ်း ကြည့်ရပါတယ်။ မြန်မာပြည်မှာတော့ အဲဒီလို လုပ်မလုပ် မသိပါဘူး။”

“ဥပမာ ရေက မြင့်ရာကနေ နိမ့်ရာကို စီးနေရာကနေ အကြောင်း တခုခုကြောင့် ရေက အဲဒီလိုမဆင်းပဲနဲ့ တခုခု ဖြစ်သွားမယ်။ ရှိပြီးသား ကန်ကြီးကို ဖြိုလိုက်မယ်။ စသဖြင့် ရေစီးရာ လမ်းကြောင်းကို ထိခိုက်နိုင်တဲ့ အကြောင်း အမျိုးမျိုးတွေ ရှိပါတယ်။ အဲဒါကို ကြည့်သလား။ အဲဒါမျိုးတွေ အများကြီး ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့်မို့ တခုထဲနဲ့တော့ ပြောလို့ မရပါဘူး။”

ရန်ကုန်မြို့က လူဦးရေ တော်တော် ထူထပ်ပါတယ်။ ရန်ကုန်မှာ မိုးတွင်းရောက်ရင် မြောင်းတွေ ရေကြီးရေလျှံတဲ့ ပြဿနာနဲ့ ကြုံရပါတယ်။ ဒီကိစ္စအတွက် ဘာလုပ်သင့်ပါသလဲ။

ဒေါ်အေးအေးကြည်။ ။ “ရန်ကုန်အတွက်က အရေးကြီးတာက မြို့ရွာ အစီစဉ်ချမှုပါ။ ဒီလိုအစီစဉ်ချတဲ့ နေရာမှာ ပထမဆုံး အဆောက်အဦး ဆောက်မယ် ဆိုရင် ပါမစ်သေချာ ယူရပါတယ်။ ဘာအဆောက်ဦးဖြစ်ဖြစ်ပါ။ အဲဒီ အဆောက်အဦးကြောင့် ရေစီးလမ်းကြောင်းတွေ မပိတ်ဆို့ သွားအောင် လုပ်ရတယ်။ ဒါထုံးစံပေါ့နော်။”

“နောက်တခုကတော့ သစ်ပင်၊ သဘာဝ ပေါက်ပင်တွေက ရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့ ရှိမှ၊ ရေကအရှိန်နဲ့ ဆင်းလာလို့ ရှိရင် သူတို့က ဒါကို ဟန့်တား ပေးထားတယ်။ နောက်ပြီး မြေကြီးထဲလဲ ဆုပ်ထားတယ်။ ရန်ကုန်မြို့မှာ ကတ္တရာလမ်းပဲ ဖြစ်ဖြစ် ကွန်ကရစ်ဖြစ်ဖြစ် ရှိနေတဲ့ နေရာက ဘယ်လောက်ပဲ ရှိတယ်၊ သစ်ပင်နေရာတွေက ဘယ်လောက်ရှိတယ် ဆိုတာတွေ ကိုလည်း ကြည့်ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမ အသိတယောက်ရဲ့ အိမ် ဆိုလို့ရှိရင် သူ့အိမ်ဝင်းထဲမှာပဲ တခါထည်း အကုန်လုံးကို ကွန်ကရစ်လောင်းပစ်လိုက်ပါတယ်။ အမေရိကန်ပြည် မှာဆို ဒီလို လုပ်လို့ မရပါဘူး။ ကိုယ့်အိမ်ဝင်းမှာ တောင်မှ ဘယ်လောက်ကတော့ မြေသား ထားရမယ်၊ ဘယ်လောက်ပဲ ရေစိမ့်လို့ မရတဲ့ ကွန်ကရစ် သံမံတလင်း ထားနိုင်တယ် ဆိုတာကို သူတို့မှာ အချိုးတွက်ထားတာ ရှိပြီးတော့ ကိုယ် တခုခု လုပ်မယ်ဆိုရင် သွားပြောရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီလို မြေကြီးထဲကို ရေစိမ့်စရာ မရှိလို့ ရှိရင် မြောင်းထဲမှာ ရေတွေက ဒလဟော စီးသွားမယ်။ ဒီရေပိုက်လိုင်းတွေ ဘာတွေ ဆိုတာက ရေပမာဏ ဘယ်လောက် စီးမယ် ဆိုတာ အင်ဂျင်နီယာ တွေက စတွက်ထားလို့ ရှိရင် ဒီလောက် ဒီလောက် လို့ သူက ခန့်မှန်းထားတာကနေ ဝုန်းကနဲ စီးလာမှာ အတွက် ခံနိုင်ရည် ရှိချင်မှရှိနိုင်မယ်။ အဲဒါက အရေးကြီးပါတယ်။”

မြေအသုံးချမှုမှာ မြို့ကွက် နေရာအသစ်မှာ ရေအတွက် နေရာချန်ထားပေးဖို့ လိုပါတယ်။

ဒေါ်အေးအေးကြည်။ ။ “နောက်တချက်က ဘာလဲ ဆိုတော့ မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန်မြို့မှာ မြေကွက်က အင်မတန် ဈေးကြီးတဲ့ အတွက်ကြောင့် မြေကွက်တွေ့တိုင်း အိမ်ဆောက်နေပါတယ်။ အမေရိကန်ပြည်မှာတော့ မြေကွက်တွေကို ရပ်ကွက် အသစ်တခု ဖေါ်တာပဲ ဖြစ်ဖြစ်၊ တခုခု လုပ်မယ် ဆိုရင် ကွက်လပ်ထားပြီး ကန်တူးပါတယ်သူတို့၊ ကန်တူးလိုက်ရပါတယ်။ ကန်တူးတဲ့ သဘောက တကယ်လို့မှာ သစ်ပင် တွေကို ခုတ်ပြီးတော့ အိမ်တွေ ဆောက်လိုက်တဲ အခါမှာ မြေကြီးအစား သံမံတလင်းပေါ့နော်၊ ကွန်ကရစ်တွေ ဖြစ်သွားတဲ့ အခါမှာ အထဲထဲကို ရေမစိမ့်တော့ ရေစီးနှုန်း မြန်တဲ့အခါ အဲဒီ ရေတွေကို မြောင်းထဲ မသွားခင်မှာ ရပ်ကွက်က ကန်ထဲမှာ ခဏလှောင်ထား ဖို့ အဲဒီအတွက် ထားတာပါ။ ရန်ကုန်မြို့မှာ ကြည့်ရတာက အဲဒီလို လှောင်တဲ့ နေရာတောင် မရှိပါဘူး။ ဒီလို မြေကွက်ကို အသုံးပြုမှုဟာ အင်မတန် အရေးကြီး တယ်လို့ ထင်ပါတယ်။”

အခုလို မြေအသုံးချမှုဟာ ရေကြီး ရေလျှံမှုအတွက် သက်ရောက်မှု ရှိသလို အမှိုက်ပြဿနာနဲ့ စည်းကမ်း စံနစ် တကျ မရှိတာကလည်း ရေကြောင်းပိတ်ဆို့မှုကို အဓိက ဖြစ်စေတာပါ။

ဒေါ်အေးအေးကြည်။ ။ “လူဦးရေက များပြားလာတဲ့ အတွက်ကြောင့် ရန်ကုန်မြို့မှာ အမှိုက်တွေကလည်း အရမ်းကို များနေပါတယ်။ အိမ်တွင်းထွက်တဲ့ အမှိုက်တွေတင် မကဘူး၊ ဆောက်လုပ်ရေး နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ အဲဒီ အမှိုက်တွေက မြောင်းထဲ သွားပါတယ်။ ဒီမှာဆို အဆောက်အဦးတွေမှာ အကျိုးအပျက် ကွန်ကရိတွေက အစ မြောင်းထဲကို မဝင်ရအောင် သူတို့က ပါမစ်ယူရပါတယ်။ အဆောက်အဦး ဆောက်တဲ့ ကန်ထရိုက်တာတွေက ရေမြောင်းတွေက အင်မတန် ကာကွယ် ထားပါတယ်။ ရန်ကုန်မြို့မှာ အဲဒီလို မရှိပါဘူး။ နောက်ပြီးတော့ နေရာတကာကို စည်းကမ်း တကျ လုပ်ဖို့ လိုတယ်ပေါ့။ စည်းကမ်းတကျ မလုပ်တဲ့ အခါကျတော့ အမယ်ဘုတ်ကဲ့ ချည်မျှင်လို ဖြစ်ပြီးတော့ ဘယ်ကနေ အစထုတ်ပြီးတော့ ဆွဲရမယ် ဆိုတာ မသိဘူး ဖြစ်နေပါတယ်။”

အဓိက အရေးပါတာက စည်ပင်သာယာရဲ့ ကြီးကြပ်မှု ဖြစ်ပါတယ်။

ဒေါ်အေးေးအကြည်။ ။ “လမ်းတွေ ဘာတွေ ဖေါက်တာဆို စည်ပင်သာယာ အနေနဲ့ ကြပ်ကြပ် မတ်မတ် လုပ်ဖို့ လိုပါတယ်။ အဲဒါတွေ မလုပ်တဲ့ အခါကျတော့ အကုန်လုံးက ရောပြီးတော့ ပေါင်းစုပြီးတော့ အကျိုးသက်ရောက် မှုက ဘာလဲ ဆိုတော့ နဲနဲလေး တောင်မှ မိုးတောင် အရွာမခံနိုင်ပဲ ရေတွေ လျှံတာပါ။ ရန်ကုန်၊ မန္တလေးနဲ့ မြို့တွေ တော်တော် များများက နောက်ဆို အဲဒီလို ဖြစ်မယ့်ပုံ ရှိပါတယ်။”

သဘာဝ ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။