ရေကြီးရေလျှံမှုကို ကာကွယ်ဖို့

့yangon flood (MOI)

Your browser doesn’t support HTML5

ရေကြီးရေလျှံမှုကို ကာကွယ်ဖို့

ဒီတပတ်တော့ မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ရေကြီးတဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်နိုင်တယ် ဆိုတာတွေကို ပြောပြပေးမှာပါ။

နှစ်စဉ်ကြုံနေရတဲ့ ရေကြီးရေလျှံမှုအတွက် မြို့တမြို့ကို အကာကွယ်ပေးချင်ရင် ဒီမြို့တည်ရှိရာ နေရာက မိုးရွာသွန်းတဲ့ ပမာဏ၊ ရွာသွန်းတဲ့ မိုးရေကို ထိန်းထားနိုင်တဲ့ သစ်ပင်၊ ရေကန် အပြင် မြေအနေအထား အမျိုးအစား တွေကို သိထားဖို့လိုတယ်လို့ သဘာဝ ဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။ “မိုးရေချိန် ဘယ်လောက် ရှိသလဲ။ ဒီမိုးရေတွေ စိမ့်ဝင်သွားနိုင်တဲ့ သဘာဝ ပေါက်ပင်တွေ ရှိတဲ့ နေရာ ဘယ်လောက် ရှိသလဲ။ အဲဒီနေရာရဲ့ အကျယ်က ဘယ်လောက် ရှိသလဲ။ ဒီမြို့နားမှာကော ရေကာတာတွေ ဘယ်လောက် ရှိသလဲ၊ ရေကာတာတွေ ရေလွှတ်တာ ရှိသလား၊ နောက်တခုက အဲဒီမြို့ရဲ့ ကုန်းတွေ စောင်းတွေ ဘယ်လို ရှိသလဲ။ နောက် မြေအမျိုးအစားပေါ့။ ဥပမာ ရွံ့စေးမြေဆိုရင် ရေမစုပ်ဘူးပေါ့နော်။ အဲဒီလိုမျိုး မြေအမျိုးအစားတွေက ဘယ်လိုလဲ။”

“ပြီးတော့ ရေကြီးလို့ရှိရင် ရေကြီးသွားတဲ့ လွင်ပြင်ရှိတယ်။ အဲဒီ လွင်ပြင်မှာ ဘာအဆောက်အဦးတွေ ဆောက်ထား သလဲပေါ့ အဲဒါကိုလည်း ကြည့်ရပါတယ်။ နောက်ပြီး ဒီလိုရေစီးတဲ့ လမ်းကြောင်းရဲ့ အကျယ်အဝန်းက ဘယ်လောက်ရှိသလဲ၊ ရှိတဲ့ မြေကြီးကို ဘယ်လိုပုံစံနဲ့ သုံးသလဲ။ ဥပမာဆိုရင် အဆောက်အဦး ဆောက်တာလား၊ သစ်ပင်စိုက်တာလား၊ စသဖြင့် ပေါ့နော်။ နောက် မြို့ကြီးပြကြီး အတွက် ဘယ်လို မြို့တွေ ဖြစ်လာ သလဲ၊ အဲဒါလည်း အရေးကြီးတယ်။ နောက် ပြီးတော့ သမိုင်းအရ မိုးရေချိန် လက်မတွေက ဘယ်လောက် ရှိသလဲ၊ မိုးရွာတဲ့ အခါမှာ ရေက ဒလဟော စီးပြီးလာသလား၊ စီးလာတာဟာ ဘယ်လို ပုံစံနဲ့ စီးလာသလဲ။ ဒီရေတွေ ဘယ်လို ဝင်လာသလဲ၊ ဒီရေတွေက တလိမ့်လိမ့် တရှိန်ထိုးလား၊ နောက် မုန်တိုင်းတွေ ကျရင် ဘယ်လို ဝင်လာ သလဲ။ မြေကြီးတွေရဲ့ စွတ်စိုမှုက ဘယ်လောက် ရှိသလဲ။”

“အဲဒီလို ကြည့်ရတဲ့ အကြောင်းတွေက ၁၄ ချက်လောက် ရှိတယ်။ အဲဒီအကြောင်းတွေကို တချက်ချင်း စီ ကြည့်ပြီးတော့ ဘယ်အကြောင်းတွေက ရေကြီးတာကို ဖြစ်စေသလဲ၊ ဥပမာ သြစတေးလီးယား နိုင်ငံမှာဆို သူတို့ ရေကြီးတာက မိုးကြောင့်။ မိုးရွာတဲ့ ပုံစံ မမှန်ဘူး။”

ပင်လယ်ကမ်းရိုးတန်းနားမှာ တည်ထားတဲ့ မြို့ရွာတွေအတွက် အထူးလိုအပ်တာက မြေထိန်းနံရံပါ။

ဒေါ်အေးအေးကြည်။ ။ “ထုံးစံကတော့ ရေကြီးတာကို ကာကွယ်ဖို့ လုပ်လေ့ ရှိတာကတော့၊ ဥပမာ ပင်လယ်နားမှာ ကမ်းရိုးတန်းနားမှာ ရှိမယ် ဆိုရင် ပင်လယ်ရေ မဝင်နိုင်အောင်၊ နောက် ရေတွေ ဘာတွေ တက်လာရင် ခံနိုင်အောင်လို့ တံတိုင်းတွေ ကာရံထားတာ ရှိတယ်။ ကျမတို့ Houston မှာ ဆိုရင် ကာထားတာတွေ ရှိတယ်။ နောက်ပြီး မြေထိန်း နံရံတွေ၊ မြေထိန်းနံရံက အမျိုးမျိုး ရှိတယ်။ ဥပမာဆို တာတမံတွေ၊ မြေဖို့တဲ့ ဘောင်တွေ၊ ရေကာတာတွေ၊ ရေသိုလှောင်တဲ့ နေရာတွေ၊ ကန်တွေ၊ အကုန်လုံးက မိုးရွာတဲ့ အချိန်မှာ ရေတွေကို ခံထားနိုင်အောင်ပေါ့နော်။ ဘယ်လိုလုပ်မလဲ။ အဲဒါတွေကို ပြန်ပြီး ဆန်းစစ်ဖို့ လိုပါတယ်။”

“နောက်တခုက မြေထိန်းကန်ပေါ့။ သူတို့က ရေကာတာ အသေးစားလေးတွေ။ အဲဒီရေထိန်းကန် ကလေးတွေက ရေစီးသွားတဲ့ လမ်းကြောင်းကို ဆက်ထားမယ်။ အဲဒီလို ဆက်ထားရင် သူတို့က ပန်းကန် လိုပေါ့နော်။ မိုးရွာမယ် ဆိုရင် ယာယီအားဖြင့် ရေကို ထိန်းထား နိုင်မယ်။ မိုးရွာလို့ ရှိရင် ရေတွေက အဲဒီ ရေထိန်းကန်ကို လာမယ်။ တကယ်လို့ ပြောင်းဖို့ ရွေ့ဖို့ လုပ်ရမယ် ဆိုလို့ ရှိရင် သူတို့ကြောင့် ပြောင်းဖို့ အချိန်လေး နဲနဲ ရတယ်။ နောက်ပြီး ရေစီးအား ကိုလည်း နဲနဲ နဲသွားစေတယ်။”

ရေကြီးတဲ့အန္တရာယ် ကာကွယ်ရာမှာ မြို့ရွာတွေရဲ့ တည်ဆောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ရေစီးမြောင်းတွေတည်ရှိမှုအပြင် ရေမြောင်းတွေကို ထိန်းသိမ်းမှုက အရေးပါပါတယ်။

ဒေါ်အေးအေးကြည်။ ။“မြို့ရွာကို ဖွဲ့စည်းတဲ့ အခါမှာ မြို့သစ်ရွာသစ် တွေအတွက် ဘယ်လို လုပ်မလဲ။ ရန်ကုန်မြို့က တဖြေးဖြေး ကြီးလာတယ်။ ဘေးထွက်လာတယ် ဆိုတော့ သူ့ရဲ့ မြို့လေးတွေက အများကြီး ဖြစ်လာတဲ့ အခါမှာ တကယ်လို့ အဆောက်အဦးတွေ ဆောက်တော့မယ် ဆိုလို့ ရှိရင် သေချာကြည့်ရမယ်။ ဒီအဆောက်အဦးတွေ ဆောက်လိုက်လို့ ရှိရင် ဒီလို တည်ဆောက်ခြင်း အားဖြင့် ရေစီးလမ်းကြောင်းမှာ သွားပြီးတော့ ပိတ်ဆို့ နေမှာလား၊ ဒီလို အဆောက်အဦးတွေ တင်မကဘူး။ လမ်းပါပါတယ်။ နောက်ပြီးတော့ ရေဆင်းတဲ့ လမ်းတွေ အကုန်လုံးကလည်း အဖုံးဖုံး ထားရမယ်။ ရေဆင်းလို့ မရအောင် တစ်နေတဲ့ အရာ မရှိရဘူး။ ဒါမှ ရေက ဝေါကနဲ တခါထဲ ဆင်းသွားလို့ ရမယ်။ ဒါမှ ရေကြီးတာကို ကာကွယ်မယ်။”

“အထူူးသဖြင့် ရေဆင်းတဲ့ ရေမြောင်းတွေမှာ အမှိုက်သရိုက်တွေက ရှိလို့ မဖြစ်ဘူး။ ဒီကိစ္စက အင်မတန် အရေးကြီးတယ်။ ဘာလို့လည်း ဆိုရင် ရန်ကုန်မြို့မှာ ရေမြောင်းတွေက ပိတ်နေတာ အများကြီးပဲ။ အမှိုက်ပုံ ဖြစ်နေတာက အများကြီးပဲ ရှိတယ်။ သစ်ပင် သဘာဝ ပေါက်ပင် ပေါ့လေ။ ဥပမာ သစ်ပင် အကြီးကြီးတွေ ရှိမယ်။ ခြုံတွေ ရှိမယ်။ မြက်တွေ ရှိမယ်။ အဲဒါတွေက ဘာလုပ် သလဲ ဆိုရင် ရေတိုက်စားတာကို ကာကွယ်ပေးတယ်။ မြေနိမ့် ဒေသမှာ နေတဲ့ သူတွေ ဆိုရင် အပင်တွေ ခြုံတွေကို ပိုစိုက်ပါ လို့ ပြောရမယ်။ ဒါမှ ရေက အရမ်းလာလို့ ရှိရင် ရေစီးအားကို အဲဒီ သစ်ပင်တွေ ခြုံပင်တွေ၊ မြက်တွေက ခွဲပေးမှာ။ အဲဒါမှ သူတို့ ရေတိုက်စားနှုန်း နဲသွားမယ်။”

မြို့ရွာတွေမှာ နေထိုင်သူတွေအတွက် ရေကြီးရတဲ့ အကြောင်းရင်းနဲ့ ဆိုးကျိုးတွေု သိအောင် ပညာပေးဖို့ လိုသလို အုပ်ချုပ်သူတွေကလည်း သတင်းအချက်လက်တွေ မျှဝေပေးဖို့ လိုအပ်ပါတယ်။

ဒေါ်အေးအေးကြည်။ ။“အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ တော်တော် များများမှာ ရေမြောင်းတွေ၊ ရေစီးမြောင်းတွေက အမှိုက်သရိုက်တွေ ပိတ်တယ်။ အဲဒီလို ပိတ်ခြင်းအားဖြင့် မိုးရွာရင် သူတို့အတွက် ဆိုးကျိုး ဘာဖြစ်တယ် ဆိုတာ သိရမယ်။ နောက်ပြီးတော့ မြှုပ်ထားတဲ့ ရေမြောင်းကြီးတွေလည်း ရှိတယ်။ အဲဒီ ရေမြောင်းကြီးတွေက အမှိုက်သရိုက်တွေ၊ အကျိုးအပဲ့ အပျက်အစီးတွေနဲ့ ပိတ်နေလို့ ရှိရင်၊ ရေတွေက မစီးနိုင်ပဲနဲ့ လူတွေရဲ့ အိမ်တွေ၊ လမ်းတွေထဲကို ရောက်သွားမယ်။ အဲဒါကြောင့် မို့ ပညာပေးက အင်မတန် အရေးကြီးတယ်။ လူတွေကို ရေကြီးရတဲ့ ဆိုးကျိုးတွေ ဘယ်လို နဲအောင် လုပ်မယ် ဆိုတာ သိအောင် လုပ်ဖို့ လိုတယ်။ ပြည်သူတွေကို သတိပေးနိုင်ဖို့၊ အကုန် အချိန်မှီ သိနိုင်ဖို့ အတွက် မိုးလေဝဿနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်တွေ ထုတ်ဖို့၊ မိုးရေချိန်နဲ့ ပတ်သက်ပြီးတော့ တိုင်းတာဖို့၊ အကုန်လုံး ကို ခေတ်မှီ နည်းစံနစ်များနဲ့ ခန့်မှန်းဖို့၊ ထိန်းချုပ်ဖို့ကိုလည်း၊ အဲဒီလို လုပ်နေတဲ့ ဌာနတွေကိုလည်း အထူးသဖြင့် ငွေအား၊ လူအား ပံ့ပိုး ပြီးတော့ အားပေးဖို့ လိုပါတယ်။ ဌာန ပေါင်းစုံကလည်း တဌာနချင်း တဌာနချင်း သီးသီးသန့်သန့် လုပ်နေလို့ မဖြစ်ပါဘူး။”

ရန်ကုန်လိုမြို့ကြီးအတွက် ရေကြီးတဲ့အန္တရာယ် ကာကွယ်ဖို့ ဘာတွေ လုပ်သင့်ပါသလဲ

ဒေါ်အေးအေးကြည်။ ။“အဓိက လုပ်သင့်တဲ့ ၁ အချက်ကတော့ လွှတ်တော် အပိုင်းပေါ့နော်။ ဘတ်ဂျက် ချပေးတဲ့ အပိုင်းဆိုရင် မိုးလေဝဿခန့်မှန်းတဲ့ နေရာမှာ တိကျရမယ်။ အချိန်နဲ့ တပြေးညီ ခန့်မှန်းနိုင်တဲ့ အခြေခံနည်းပညာ၊ အဆောက်အအုံ စသည်တို့ကို ရင်းနှီးမြုပ်နှံဖို့ လိုပါတယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ နောက်ပြီးတော့ စာရင်းဇယား ပြုစု တာလည်း လိုပါတယ်။ ဥပမာအားဖြင့် မိုးရေချိန် လက်မ ဘယ်လို ရှိမလဲ အဲဒီကိစ္စတွေကို အဆင့်မြှင့်ပြီး လုပ်ဖို့ လိုပါတယ်။ ဒါက တချက်။ ဒါက ခန့်မှန်းမှု အပိုင်းပေါ့နော်။”

“နောက်အပိုင်းကကျတော့ ရန်ကုန်မြို့ကြီးမှာ အမှိုက် ကိစ္စက အတော် ဆိုးနေပါတယ်။ ဒီကိစ္စကို ပေါ့ပေါ့ ဆဆ သဘောမထားပဲနဲ့၊ ဒါဟာ နေ့စဉ် မပြတ် လုပ်နေရမယ် ဆိုတဲ့ ပုံစံနဲ့ သေသေချာချာ ငွေရော လူရော ထည့်ပြီးတော့ လုပ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ ရန်ကုန်မြို့ကြီးမှာ ရှိတဲ့ ပိုက်လိုင်းတွေက ဘယ်နေရာက ဘယ်လို ဆွဲထား ပြီးသား ရှိသလဲ ဆိုတဲ့ မြေပုံကိုလည်း ဖေါ်ဖို့ လိုပါတယ်။ ဘယ်နေရာမှာ ဘယ်လို ရှိနေပြီ၊ ရေက ဘယ်လို စီးနေတယ် ဆိုတဲ့ flood map ပေါ့နော် ရေကြီးရင် ဘယ်လိုစီးမလဲ ဆိုတာ ရှိဖို့ လိုပါတယ်။”

“နောက်တချက်က တချို့နေရာတွေမှာ အိမ်ဆောက်သင့်သလား၊ အဆောက်အဦးတွေ မဆောက်သင့် ဘူးလား၊ ဆိုတဲ့ဟာတွေကိုလည်း ဆုံးဖြတ်ချက်တွေ ချဖို့ လိုပါတယ်။ နောက်တခုက ဒီကစ္စက တနှစ်ထဲနဲ့ လည်း ပြီးမှာ မဟုတ်ပါဘူး။ နှစ်တိုင်း နှစ်တိုင်း ဖြစ်လာမယ့် ကိစ္စဖြစ်တယ်၊ နောက် အဓိက အရေး အကြီးဆုံးကတော့ ဒါက ရန်ကုန်မြို့တင် မကဘူး။ ဘယ်မြို့ပဲ ဖြစ်ဖြစ် ဒီလို မိုးရွာလာ ပြီ ဆိုရင် ဥပမာအားဖြင့် ရေတွင်း ဆိုရင် ရေတွင်းကရေတွေက အပြင်က အညစ်တွေပါလာပြီးတော့ မသန့်ရှင်းတာတွေ ဖြစ်နိုင်တယ်။ နောက်ပြီးလို့ ရှိရင် မိလ္လာပိုက်တွေက မိုးရေတွေနဲ့ ရောပြီး မသန့်တဲ့ ကိစ္စ၊ စက်မှု လက်မှု လုပ်ငန်းတွေမှာ သုံးကြတဲ့ ဓါတု ပစ္စည်းတွေ၊ ဓါတ်မြေသြဇာတွေ၊ စတာတွေက ညစ်ညမ်းမှုတွေ၊ ပညာပေးကလည်း အရမ်းလိုပါတယ်။ အမှိုက်ကအစ လူတွေ အနေနဲ့ အပစ်ရ လွယ်ကူအောင် ဘယ်လို လုပ်မယ်၊ စတဲ့ ရေရှည် စီမံကိန်း တွေ အများကြီး လိုပါတယ်။”

သဘာဝဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။