Your browser doesn’t support HTML5
အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ၂၀၁၇ မှာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ဖို့ လိုအပ်ချက်တွေကို လာရောက်ဆန်းစစ်တဲ့ နယ်သာလင်ပညာရှင်အဖွဲ့က အစိုးရနဲ့ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာရေး အာဏာပိုင်တွေကြား အဆက်ပြတ်နေတာကို ထောက်ပြခဲ့ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ပေးဖို့နဲ့ စွန့်ပစ်ပစ္စည်းအများဆုံးထွက်တဲ့ ရန်ကုန်မြို့ကို ပထမဆုံးအာရုံစိုက်ဖို့ အကြံပေးခဲ့ပါတယ်။
စွန့်ပစ်ပစ္စည်းကဏ္ဍအတွက် သီးသန့်ဥပဒေမရှိသေးပဲ စံနစ်တကျ စီမံခန့်ခွဲမှု မလုပ်နိုင်သေးတဲ့ မြန်မာနိုင်ငံမှာ စွန့်ပစ်ပစ္စည်းတွေ မီးလောင်ပြီးထွက်လာတဲ့ မီးခိုးတွေကြောင့် လေထုညစ်ညမ်းတဲ့ အန္တရာယ်နဲ့ လက်တွေ့ကြုံနေရတာကတော့ ရန်ကုန်မြို့ကြီးပါ။
တနေ့ကို အမှိုက်တန်ချိန် တထောင်ကျော်စွန့်ပစ်နေတဲ့ ဧက ၃၀၀ ကျယ်ဝန်းတဲ့ ရန်ကုန်က အကြီးဆုံးဖြစ်တဲ့ ထိန်ပင်အမှိုက်ပုံဟာ သူ့သဘာဝအတိုင်း အတွင်းလှိုက်ပြီး ၂၀၁၈ ဧပြီလ ၂၁ ရက်နေ့မှာ မီးစလောင်ခဲ့ပြီး ခုထိမညှိမ်းနိုင်သေးပါဘူး။
အမှိုက်ပုံမီးလောင်တဲ့အတွက် ဘယ်လိုအန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ထွက်နေတယ်ဆိုတာကို သိရအောင် ဒီအမှိုက်ပုံမှာ ဘာပစ္စည်းတွေပုံထားတယ် ဆိုတာကို သိဖို့ လိုတယ်လို့ သဘာဝဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ် ။
ဒေါ်အေးအေးကြည်။ ။ “ဒါကိုသိဖို့ဆိုရင် ဘာတွေ ပုံထားသလဲ ဆိုတာကို သိဖို့ လိုပါတယ်။ ခန့်မှန်းရတာကတော့ မြူနီစပယ်က သိမ်းထားတဲ့ အမှိုက်ပုံ ဆိုရင်တော့ ထုံးစံရှိလေ့ရှိတာတွေက ဖန်ကွဲ၊ မှန်ကွဲ၊ သတ္တုတွေ ပါမယ်။ အီလက်ထရောနစ်၊ သံ၊ သံမဟုတ်တဲ့ သတ္တု၊ ပလပ်စတစ်တွေ၊ နောက် အထည်အလိပ်တွေ၊ နောက် သစ်သားပါမယ်။ နောက် စားကျွင်းစားကျန်တွေ၊ အရွက်တို့၊ သစ်ပင်တို့ ဒီ မြေကြီးလည်း ပါရင်ပါမယ်။ ကျောက်တုံးတို့၊ ကွန်ကရိတို့၊ ရာဘာတို့၊ သားရေတို့ အကုန်ပါရင် ပါမှာပေါ့နော်။”
ဒီအမှိုက်တွေပုံထားတဲ့ ဖို့မြေတွေဟာ မီးမလောင်ပဲ ဒီအတိုင်းရှိနေချိန်မှာတောင် အဆိပ်သင့် ဓါတ်ငွေ့တွေ ထွက်လေ့ရှိတာဖြစ်ပြီး မီးလောင်တဲ့အခါ အခြေနေက ပိုဆိုးစေပါတယ်။
ဒေါ်အေးအေးကြည်။ ။ “သူတို့က ဒီအတိုင်းပုံထားရင်ကို ဓါတ်ငွေ့ထွက်တယ်။ ဒီဖို့မြေက ထွက်တဲ့ ဓါတ်ငွေ့ပေါ့နော်။ ဘာလို့လည်း ဆိုတော့ သူက ပါလာတဲ့ အော်ဂဲနစ်ပစ္စည်းတွေက ဓါတ်ပြောင်းပြီး မီသိန်းဓါတ်ထွက်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်လည်း ထွက်တယ်။ မီသိန်းက ၄၅ ကနေ ၆၀ % ၊ ကာဗွန်ဒိုင်အောက်ဆိုက်က ၄၀ ကနေ ၆၀ လောက် ထွက်တယ်။ ပြီးတော့ အမိုးနီးယားတို့ အောက်ဆီဂျင်တို့၊ ဟိုက်ဒရိုဂျင်တို့၊ ဆာလ်ဖိုက်တွေလည်း နဲနဲထွက်တယ်။ ကာဗွန်မိုနောက်ဆိုက် လည်း နဲနဲ ထွက်တယ်။ အခု ပြောနေတာက ထုထည်အရပေါ့။ ဒီလိုထွက်တဲ့အခါကျတော့ ဒီဟာတွေက လေထုထဲ ရောက်သွားတယ်။”
“မီးမလောင်ရင်တောင်မှ သူက ဓါတ်ငွေ့က ထွက်တယ်။ နောက်ပြီး အဲဒီထဲမှာ ဟိုက်ဒရိုကာဗွန်ဆိုတာလည်း ပါတယ်။ အဲဒါတွေက များလာလို့ ရှိရင် လူတွေ ဒုက္ခရောက်တယ်။ အခုလို မီးလောင်တဲ့ အခါကျတော့ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ပြောင်းသွားတာ အများကြီးပဲ။ နောက်တချက် အဆိုးဆုံးက အမှုန်အမွှားလေးတွေ အရမ်းထွက်တယ်။ အဲဒီအမှုန်အမွှားလေးတွေ လေထုထဲမှာ များလာရင် အင်မတန် ကျန်းမာရေး ထိခိုက်တယ်။”
“အဲဒါအပြင် နောက်တချက်က ပေါ်လီစိုင်ကလစ် အေရိုမက်တစ် ဟိုက်ဒရိုကာဗွန် ( polycyclic aromatic hydrocarbons ) ဆိုတဲ့ PAH ဆိုတာ ရှိတယ်။ သစ်သားပဲ ဖြစ်ဖြစ် အမှိုက်တွေကိုပဲ ဖြစ်ဖြစ် မီးရှို့လို့ရှိရင် ထွက်လာတယ်။ သူက တကယ်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားလို့ ရှိရင် အသွင်နဲနဲ ပြောင်းသွားပြီးတော့မှ ကင်ဆာတွေ ဘာတွေ ဖြစ်တတ်တယ်။ တကယလို့ အဲဒီအမှိုက်ထဲမှာ ပလပ်စတိတ် ဘာညာပါရင်လည်း ပလပ်စတိတ်က ကလိုရင်းပါတဲ့ ပလပ်စတိတ် PVC (Polyvinyl chloride) လို ပလပ်စတိတ်မျိုး ဆိုရင် အဲဒီက ကလိုရင်းရယ်၊ ပြည့်ဝစွာ လောင်ကျွမ်းမှု မရတာရယ်၊ အဲဒီမှာနောက်ပြီးတော့ သံတိုသံစ လေးတွေရှိရင် သံတိုသံစတွေက ဓါတ်ကူပစ္စည်း ဖြစ်ပြီးတော့ သူကလည်း dioxin ဒိုင်အောက်ဆင်တို့ furan ဖျူရန်တို့ ထွက်တယ်။ လေထု အရည်အသွေးက လုံးဝကို လျော့ကျသွားပြီ။ အရမ်းဆိုးဝါးနေတယ်။ အမှုန်အမွှားကိုယ်တိုင်ကကို ခန္ဓာကိုယ်ထဲ ရောက်သွားရင် အဆုပ်ရောဂါ၊ နှလုံးရောဂါ ရှိတဲ့လူတွေဆိုရင် အင်မတန်မှ အန္တရာယ် ရှိတယ်။ နောက် ကာဗွန်မိုနောက်ဆိုက်တို့ ကာဗွန်ဒိုင်အောက်ဆိုက်ဆို့ ဆိုတာကလည်း များသွားရင် သတိတွေ ဘာတွေ လစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့ အန္တရာယ် ရှိနေပါတယ်။”
ဒီအမှိုက်စွန့်ပစ်တဲ့ နေရာကို အခုဆိုရင်၊ မီးသတ်သမားတွေ၊ နောက် မီးသတ်သမားတွေကို အကူညီပေးဖို့ လူတွေ သွားတယ်။ ဆိုတော့ အမှိုက်ပုံ မီးလောင်တာကို မီးငြိမ်းအောင် ကူညီတာနဲ့ ပတ်သက်ပြီးတော့ တခြားနိုင်ငံတွေမှာ ဘယ်လို လုပ်ကြသလဲ ဒီမှာရော ဘာတွေ လုပ်သင့်သလဲ ပြောပြပေးပါ။
ဒေါ်အေးအေးကြည်။ ။ “ဟုတ်ကဲ့။ ဒါကလည်း ကျမကိုယ်တိုင် တွေ့ခဲ့ဘူးပါတယ်။ Ohio ပြည်နယ် Rumpke ဆိုတဲ့ မြေဖို့တောင်ကို ကျမက သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တာကို ကြည့်ပေးဖို့ သွားတဲ့အခါမှာ မြေတောင်ကြီးက မီးလောင်နေပါတယ်။ ဒီလိုမျိုး အမှိုက်တွေ ပုံထားရင် မီးက အမြဲတမ်း လောင်တာပါပဲ။ ဒါ ထုံးစံ ဖြစ်လေ့ရှိပါတယ်။ အဲဒီအခါမှာ သူတို့က တခါထည်း အဲဒီနေရာကို ကြိုးတွေ ကာချလိုက်ပြီးတော့ လူတွေကတော့ ဘယ်နေရာပဲ လာနိုင်တယ်။ ဘယ်နေရာကိုတော့ မလာနိုင်ဘူး၊ ဆိုပြီးတော့ မီးသတ်ကားတွေရော။
နောက်ပြီးတော့ အရေးပေါ်ဌာနပေါ့။ သူတို့မှာ အရေးပေါ် ဖြစ်လာပြီ ဆိုရင် လုပ်ဖို့ အစီစဉ်ချထားတဲ့ အဖွဲ့တွေ ရှိပါတယ်။ သူတို့က သိပါတယ်။ အရေးပေါ် ဖြစ်လာရင် ဘာလုပ်ရမလဲ ဆိုတာကို။ အဲဒီအဖွဲ့တွေက အကုန်ရောက်နေပါတယ်။ နောက်ပြီးတော့ တာဝန်မရှိတဲ့လူကို ပေးမဝင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့၊ ဒီမီးဘေးမှာ ဘယ်လို ရှောင်ရမယ်။ မီး မှာ ဘာအန္တရာယ်တွေ ရှိသလဲ၊ နောက်ပြီးတော့ အဲဒီအမှိုက်ပုံက ထွက်လာတဲ့ အခိုးအငွေ့တွေက ဘာတွေ ရှိသလဲ။ ဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒါကြောင့် သူတို့က ပေးမဝင်ပါဘူး။”
“အခု ဒီမှာ ဖြစ်နေတာက လူတွေက မီးသတ်သမားများကို ဂရုဏာ ဖြစ်တယ်။ သူတို့ကလည်း အင်မတန်မှ သနားစရာ ကောင်းပါတယ်။ သူတို့မှာလည်း ကြည့်ရတာ၊ လုံလောက်တဲ့ ကာကွယ်တဲ့ အဝတ်က အစ၊ မျက်နှာဖုံး၊ နှခေါင်းစည်းကအစ၊ လိုအပ်တဲ့ ဓါတ်ငွေ့ကာမျက်နှာဖုံး အစုံပေါ့လေ။ အဲဒါတွေက အားနဲနေတဲ့ ပုံပေါ်ပါတယ်။ နောက် သူတို့ကိုကြည့်ရတာလည်း အင်မတန် ပင်ပန်းနေပါတယ်။ အဲဒီအခါ လူတွေက သွားပါတယ်။ သွားတဲ့အခါမှာ တစ်အချက်က ဘာမှန်းမသိတဲ့ အခိုးအငွေ့တွေ အပြည့်ရှိတဲ့ နေရာကို သွားတဲ့အတွက် ကိုယ့်ရဲ့ ကျန်းမာရေးလည်း ထိခိုက်ပါတယ်။ မတော်လို့ ရှိရင် အားပြတ်လဲမှာတို့၊ အသက်ရှုမရမှာတို့၊ ဖြစ်နိုင်ပါတယ်။
နောက်တချက်ကလည်း မီး အန္တရာယ် ရှိပါတယ်။ အဲဒါကြောင့်မို့ တကယ်လို့ ထောက်ပံ့ချင်တယ် ဆိုလို့ ရှိရင် မီးသတ်ဌာနကပဲ ဖြစ်ဖြစ်၊ တခြားအစိုးရ ဌာန တွေနဲ့ ချိတ်ဆက်ပြီးတော့ အဲဒီတာဝန်ရှိသူကပဲ မီးသတ်ကလူတွေနဲ့ ဘယ်လိုအဝင်အထွက် ရှိမယ် ဆိုတာကို လုပ်သင့်ပါတယ်။ နောက်တချက်ကလည်း အစားအသောက် ဘေးကင်းဖို့လည်း လိုပါတယ်။ ဒီလို အစားအသောက်တွေ သူတို့အတွက် ထားပေးမယ့် နေကလည်း ပြင်းတဲ့အခါကျတော့ ပြဿနာ ရှိတယ်။ နောက် မီးသတ်သမားများ အနေနဲ့လည်း ဒီလိုဖုန်တွေကြားမှာ မစားသင့်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ PAH တွေ ဘာတွေ ဆိုတာ ဒီကြပ်ခိုးတွေ ဘာတွေပေါ်မှာ ပေါင်းပြီး လာတာပါ။ လူ့ခန္ဓာကိုယ်ထဲ ရောက်သွား တဲ့အခါ ကင်ဆာတွေ ဘာတွေလည်း ဖြစ်နိုင်တယ်ပေါ့။”
ကယ်ဆယ်ကူညီဖို့အတွက် သင်တန်းမရှိထားတဲ့လူ မဆိုင်တဲ့လူ မသွားရဘူးပေါ့။
ဒေါ်အေးအေးကြည်။ ။ “ဟုတ်ကဲ့ မသွားရပါဘူး။ ဘာလို့လည်း ဆိုတော့ အန္တရာယ် ရှိလို့ပါ။”
အခုလို အမှိုက်ပုံမီးကို ငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေအတွက် အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက အပြည့်အဝ တာဝန်ယူပေးဖို့လိုသလို ဒီမီးလောင်မှုကို စစ်ဆင်ရေး အသွင်နဲ့ ပြတ်ပြတ်သားသား စီမံခန့်ခွဲဖို့ လိုတယ်လို့ ပြောပါတယ်။
ဒေါ်အေးအေးကြည်။ ။ “မီးသတ်သမားတွေ လုပ်ငန်းတာဝန် ထမ်းဆောင်တဲ့အခါ တာဝန်ကို အပြည့်အဝ ထမ်းဆောင်နိုင်အောင် သူတို့ရဲ့ အသက်အန္တရာယ်၊ နောက် ကျန်းမာရေး မထိခိုက်အောင်၊ သူတို့ လုပ်ငန်း လုပ်တဲ့ ဆောင်ရွက်တဲ့ ဌာနတွေက ပံ့ပိုးပေးရမယ်။ အထူးသဖြင့် အရေးပေါ် သူတို့ အတွက် လိုအပ်တဲ့ အစားအသောက်ကအစ၊ ရေကအစ၊ သူတို့ နားနေဖို့က အစ အကုန်လုံးကို စီမံကို စီမံပေးရမယ်။ ပင်ပန်းအောင်မလုပ်သင့်ဘူး။ ဘာလို့လည်း ဆိုတော့ ပင်ပမ်းလို့ရှိရင် ဆုံးဖြတ်ချက်တွေ မှားတတ်တယ်။ မဖြစ်သင့်တာတွေ ဖြစ်နိုင်တယ်။ အစိုးရဌာနမှာလည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူက commander ခေါင်းဆောင် သဘောမျိုးနဲ့ တခါထည်း၊ အကုန်အာဏာသိမ်းထားရမယ်။
အရေးပေါ် အခြေနေ မှာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးကို စစ်ဆင်ရေးအသွင် တိုက်ပွဲလုပ်သလို၊ ဥပမာ မီးသတ်သမားတွေက ဘယ်သူတွေ ဘယ်လို လုပ်မယ်၊ နောက်ပိုင်းမှာ ရိက္ခာ ပံ့ပိုးတာက အစ အားလုံးကို စစ်ဆင်ရေး အသွင် လုပ်ပေးရပါမယ်။”
သဘာဝ ဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပရစေ။ နောက်တပတ်မှာတော့ အမှိုက်ပုံမီး အန္တရာယ်ကို ဘယ်လိုကာကွယ်သင့်တယ်ဆိုတာ ဆက်ပြီး ပြောပြပေးပါ့မယ်။