လျှပ်စစ်အား လုံလုံလောက်လောက် မရတဲ့ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓါတ်အား ဖူလုံဖို့ ကြိုးစားရာမှာ အမာခံအဖြစ်ထားနိုင်မယ့် ရေအားသုံး လျှပ်စစ် ထုတ်လုပ်နိုင်တဲ့ အခြေနေကို စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဟောင်းဖြစ်တဲ့ အင်ဂျင်နီယာ ဦးမော်သာထွေးက ပြောပြပေးမှာပါ။
မြန်မာ့ ရေအားလျှပ်စစ် ထုတ်နိုင်ချေ
ဦးမော်သာထွေး။ ။ တကယ့် အမာခံ နိုင်ငံမှာ လုပ်ရမှာက ဈေးနှုန်းသက်သာတဲ့ ဓါတ်အားရဖို့ ဆိုလို့ ရှိရင် ရေအားလျှပ်စစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံမှာ ရေအားလျှပ်စစ်ကို ဦးတည်ပြီးတော့ ဖိလုပ်ရမှာ ဗျ။
မြန်မာနိုင်ငံဟာ ထူးထူးခြားခြားပဲ တောင်မြောက် ဖြတ်စီးနေတဲ့ မြစ်ကြီးတွေ၊ ဒီမြစ်ကြီးတွေထဲ စီးဝင်တဲ့ မြစ်လက်တက်တွေနဲ့ ဖြာနေပြီး ပြန်ပြည့်မြဲစွမ်းအင်ထဲက ရေအားနဲ့ စွမ်းအင် ထုတ်လုပ်ဖို့ အခွင့်အလန်း ကောင်းတွေရှိနေပါတယ်။ ဒီအထဲမှာ ရေအားစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်ရအောင် ထုတ်ရာမှာ တချို့မြစ်တွေဆို ထည့်တွက်စရာတောင် မလိုဘူးလို့ ဦးမော်သာထွေးက ပြောပါတယ်။
ဦးမော်သာထွေး။ ။ “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဓိကမြစ်ကြီး ၄ စင်း- ၄ သွယ်ရှိတယ်ဗျ။ တကယ်မှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် ပေါ့ဗျာ။ အဲဒီထဲမှာ ကျွန်တော်တို့က ချင်းတွင်း မြစ်ကို ကျွန်တော်တို့က လုံးဝ မထိဘူးဗျ။ ချင်းတွင်းမြစ်ကို လုံးဝ မထိပဲ လုပ်လို့ ရတယ်ဗျ။ ဘာလို့လည်း ဆိုတော့ ချင်းတွင်းမြစ်မှာ ကူးသန်းသွားလာရေး တွေက သင်္ဘောလမ်းကိုပဲ အားပြုရတဲ့ ဒေသတွေက တော်တော် များတယ်ဗျ။ အဲဒီတော့ ဒါကို ကျွန်တော်တို့က ထိစရာတောင် မလိုပါဘူး။”
“ဧရာဝတီ ဆိုလည်းပဲ မြစ်ကြီးနားအောက်ဖက်ကို ဘာမှကို ထိစရာတောင် မလိုဘူး။ ဘာလို့လည်း ဆိုတော့ သူက သွားရေးလာရေးက ဒီဧရာဝတီမြစ်ကြီးက ကျွန်တော်တို့ အသက်သွေးကြောဗျ။ အဲဒါကြောင့် မို့လို့ ဒီဟာတွေကတော့ ကျွန်တော်တို့ ထိစရာတောင် မလိုဘူးဗျ။ နောက်တခါ စစ်တောင်း မြစ်ကြည့်တော့လည်း စစ်တောင်းမြစ်ဆိုရင်လည်း ကျွန်တော်တို့က မြစ်လက်တက်တွေက လွဲလို့ ကျွန်တော်တို့က မြစ်မကို သွားပြီး ထိစရာကို မလိုဘူးဗျ။”
မြစ်ကြီး ၄ သွယ်ထဲမှာ ဧရာဝတီဟာ မိုင်ပေါင်း ၁၃၀၀ ကျော်နဲ့ အရှည်ဆုံးဖြစ်ပြီး ချင်းတွင်းက မိုင် ၅၆၀ စစ်တောင်းက ၁၉၈ မိုင် ရှိပြီး မိုင်ပေါင်း ၇၆၀ ကျော်ရှည်တဲ့ သံလွင်မြစ်ကတော့ ရေအားထုတ်ဖို့အတွက် သင့်တော်တဲ့ အနေထားလို့ ပြောပါတယ်။ ဘာ့ကြောင့်ပါလဲ။
ဦးမော်သာထွေး။ ။ “သံလွင်မြစ်ကို ပြန်ကြည့်တဲ့ အခါကျတော့ သံလွင်မြစ်ကျတော့ ဘယ်လိုတုန်း ဆိုတော့ ကူးသန်းသွား လာရေး ဘာညာမှာ သူက လှေ သဘောၤနဲ့ အလုပ်မဖြစ်ဖူးဗျ။ သူက ဂျောက်တွေနဲ့ ကမ်းပါးယံတွေနဲ့ နောက်ပြီးတော့ ကျဉ်းမြောင်းတယ်။ မိုးတွင်းကျတော့ ရေစီးပြင်းထန်တယ်။ အဲဒီတော့။ တကယ်တမ်းမှာ မြို့တောင်မှ အဲဒီ သံလွင်မြစ်ရဲ့ ဘေးမှာ ရှိတဲ့ မြို့က ဟိုထိပ်ဆုံးမှာ တမြို့လောက်ပဲ။ အောက်မှာ တမြို့လောက်ပဲ စသဖြင့် မြို့ ၂ မြို့ ၃ မြို့ပဲ ဒီမြစ်နဲ့ မလှမ်းမကမ်းမှာ ရှိတယ်ဗျ။
ဒါပေမယ့် ရွာကလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒါတွေကို ကျွန်တော်တို့က သံလွင်မြစ်ကို ကျတော့ ကိုင်တွယ်မယ် ဆိုရင်လည်း ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် ကိုင်တွယ်တယ် ဆိုတဲ့ နေရာမှာ လည်း ကျွန်တော်တို့က ကြီးကြီးမားမား၊ ရေလှောင်ကန်ကြီး အကြီးကြီး လုပ်ပြီး ကိုင်တွယ်တဲ့ နည်း မဟုတ်ပဲနဲ့ အသင့်အတင့် နိုင်ငံရဲ့ ဓါတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်တဲ့၊ ကြီးကြီးကျယ်ကျယ် မဟုတ်ပဲ၊ သာမန်အဆင့်လောက်နဲ့ ကိုင်တွယ်နိုင်မယ် ဆိုရင် ကိုင်တွယ်လို့ ရပါတယ်။”
ရေအားလျှပ်စစ် ထုတ်ယူဖို့စဉ်းစားရာမှာ တွေ့ရတဲ့ မြစ်ကြီး ၄ သွယ်ရဲ့ အနေထားတွေပါ။ တကယ်က ဒီမြစ်ကြီးတွေထဲ စီးဝင်တဲ့ မြစ်လက်တက်တွေမှာ ဓါတ်အားထုတ်ယူနိုင်ရက်နဲ့ ထုတ်ဖို့ မလုပ်နိုင်သေးတဲ့ လုပ်လက်စ စီမံကိန်းတွေ ရှိနေပါတယ်။
ဦးမော်သာထွေး။ ။ “ မြစ်ကြီး ၄ သွယ်မှာတင် လုပ်ရမယ်လို့ မဟုတ်ပါဘူးဗျ။ အဲဒီ မြစ်ကြီးတွေ ထဲကို စီးဝင် နေတဲ့ မြစ်လက်တက် တွေ အများကြီး ရှိပါတယ်ဗျ။ အဲဒီ မြစ်လက်တက် တွေ ဆိုတာက ဘယ်လိုဟာမျိုးလဲ ဆိုတော့ ဥပမာ ဧရာဝတီမြစ်ထဲကို ဝင်နေတာဆို ရွှေလီမြစ် ရှိတယ် ပေါ့ဗျာ။ ရွှေလီမြစ် ပေါ်မှာ ဆိုရင် ကျွန်တော်တို့က မီဂါဝပ် ၁၅၀၀ လောက် လုပ်စရာ စီမံကိန်း ၂ ခုရှိတယ်ခင်ဗျ။ ၂ ခုပေါင်းရင် ၁၅၀၀ ပေါ့နော်။ အဲဒါ လုပ်စရာ ၂ ခုရှိတယ်။ အခုထိ ကျွန်တော်တို့က အားလုံး ဒီဇိုင်းတွေ ဘာတွေ အဆင်သင့် ဖြစ်နေတာကို၊ ကျွန်တော်တို့က ရပ်နေရတာကိုပဲ ၄ နှစ်လောက် ရှိနေပြီဗျ။ အဲဒါမျိုးပေါ့။”
“နောက်တခါ ကျွန်တော်တို့ မေခ မေလိခ မြစ်ထဲကို စီးဝင်တဲ့ မြစ်တွေရှိတယ်။ ချောင်းလေးတွေ၊ မြစ်လက်တက်လေးတွေ ရှိတယ်။ အဲဒီ ကချင်ပြည်နယ် ဘက်မှာ။ အဲဒါ မေခပေါ်မှာတော့ မဟုတ်ဖူးဗျ။ မေခရဲ့ အထဲကို စီးဝင်တဲ့ မြစ်လက်တက်တွေ ရှိတဲ့ အထဲမှာ တခုက မော်ချမ်းခ လို့ခေါ်ပါတယ်။ အဲဒီ မော်ချမ်းခပေါ်မှာ ဆိုလို့ ရှိရင် ၄ နှစ်လောက် လုပ်ရင်ကို ၁၂၀၀ မီဂါဝပ်လောက် ရတယ်ဗျ။ အဲဒီဟာကလည်း ၂ ခုလောက်က ပြီးနေပြီခင်ဗျ။ အဆင်သင့် ဖြစ်နေပြီ။ လုပ်မယ် ဆိုရင်လည်း စလုပ်လို့ ရပြီခင်ဗျ။”
“နောက်တခါကျတော့ ဧရာဝတီ မြစ်ထဲကို ဝင်တဲ့ ထဲမှာ တာပိန်လို့ခေါ်တယ် ခင်ဗျ။ အဲဒီ တာပိန်က တာပိန် ၂ ပေါ့ခင်ဗျာ။ တာပိန် နံပါတ် ၂ ကလည်း လုပ်မယ်ဆို အဆင်သင့် ဖြစ်နေပြီဗျ။ သူက။ အဲဒီတော့ ဒါမျိုးတွေ ပေါ့ ခင ်ဗျာ။”
ဧရာဝတီမြစ်ကြီးထဲကို မြန်မာနိုင်ငံ အလယ်ပိုင်းလောက်မှာ စီးဝင်တဲ့ နောက် မြစ်လက်တက် တခုက မြစ်ငယ်မြစ်ပါ။ မြစ်ငယ်မြစ်မှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေအားလျှပ်စစ် ဓါတ်အားထုတ်တဲ့ ရဲရွာ စက်ရုံ တည်ထားတာပါ။
ဦးမော်သာထွေး။ ။ “ကျွန်တော်တို့ ရဲရွာ စီမံကိန်း ကြီး ရှိတယ် ခင်ဗျ။ ရဲရွာ စက်ရုံကြီး ရှိတယ်။ ရဲရွာစက်ရုံကြီး အောက်ဖက်မှာ ဆယ်မိုင်လောက်မှာ ကျွန်တော်တို့က ရဲရွာကနေ ဆက်ပြီ ဆင်းလာတဲ့ ရေကိုပဲ ကျွန်တော်တို့က ရေစီးအား လေးကိုပဲ သုံးပြီးတည်မယ့် မီဂါဝပ် ၆၀ ကျော်လောက်ရှိတဲ့ ဒီးဒုတ် ဆိုတဲ့ စီမံကိန်းလည်း ရှိတယ်ခင်ဗျ။ အဲဒါလည်းပဲ အဆင်သင့် ဖြစ်နေပြီ ခင်ဗျ။ လုပ်မယ်ဆိုရင် စလုပ်မယ်ဆိုရင် ၄ နှစ်လောက်ဆို ပြီးမယ့်ဟာတွေ ခင်ဗျ။”
“နောက်တခု ကျတော့ ကျွန်တော်တို့ ပျဉ်းမနား အရှေ့ဘက်မှာ ၁၅ မိုင် မိုင် ၂၀ လောက်မှာ ပေါင်းလောင်းမြစ်ဆိုတာ ရှိတယ်ဗျ။”
“ပေါင်းလောင်းမြစ်ဆိုတာ ဟိုဘက် အပေါ်တက်သွားရင် ချောင်းဖြစ်သွားတာပါပဲ။ အဲဒီချောင်းပေါ်မှာ လည်းပဲ ဘာမှ ထိခိုက်မှု မရှိပဲနဲ့ မီဂါဝပ် တရာကျော်လောက် ရမယ့် အလယ် ပေါင်းလောင်း ဆိုတာလည်း ရှိတယ်။ အဲဒီတော့ ဆိုလိုတာ ကတော့ ဘာကြီးကိုကိုင်မှ ဘယ်လိုတမံကြီး ကြီးမှ ရယ်လို့ မဟုတ်ဖူး ခင်ဗျ။ မြန်မာနိုင်ငံက အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံထက် ရေအား အရင်းအမြစ် ကြွယ်ဝနိုင်တာ မရှိဘူးဗျ။ အဲဒီတော့ ဒီအခွင့်အရေးကို ကျွန်တော်တို့ ဆုံးရှုံးနေတာ ကတော့ ကျွန်တော်တို့ရဲ့ အားနဲချက်ပဲ။”
အဲဒီလိုမျိုး ဖြစ်ရတာ ဘာ့ကြောင့်ပါလဲ ဆရာ။
“အဲဒါ ဟိုတုန်းက ဈေးကွက် စီးပွါးရေးကို သွားမယ်လို့ ကျွန်တော်တို့က ပြီးခဲ့တဲ့ အနှစ် ၃၀ လောက်က စခဲ့ပေမယ့် ကိုယ်က ကိုယ့်ဟာကိုယ် လည်းပဲ မလုပ်တတ်ဖူး။ နောက်တခါ နိုင်ငံခြားကလည်းပဲ ပိတ်ဆို့မှုတွေ ရှိတယ်။ အဲလာရောက် ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း ကြောက်တယ်။ အဲ နိုင်ငံရေး မတည်ငြိမ်မှာတို့၊ သူတို့အတွက် ဥပဒေ နည်းဥပဒေနဲ့ မပြည့်စုံတာတို့ ပေါ့ဗျာ။ အဲအမျိုးစုံပဲ။ အဲဒါကြောင့်မို့လို ဒါတွေက မလာကြဘူး ခင်ဗျ။ ဒါပေမယ့် အဲဒီလို အချိန်က နေပြီးတော့ နောက်ပိုင်းကို ပြောင်းသွားတဲ့ အခါမှာ ပြီးခဲ့တဲ့ အရွေးကောက်ခံ အစိုးရ လက်ထက်ပေါ့ အခု လက်ထက်တော့ မဟုတ်ဖူးပေါ့ဗျာ။ အဲဒီမှာ ကြိုးစားကြည့်တော့ ဘာဖြစ်သလဲ ဆိုတော့ လုပ်ပိုင်ခွင့်တွေ အများကြီးပေးလာတော့ ဖျက်လို ဖျက်စီး သမားတွေ အများကြီးစိမ့် ဝင်လာတယ်ဗျ။ ဘယ်လို ရှင်းပြလို့မှလည်း မရဘူး။”
“ရေအားလျှပ်စစ်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက တော်တော် ကန့်ကွက်တယ်ဗျ။ တချို့လည်းပဲ ရန်ကုန်ကနေ နယ်တွေကို ဆင်းပြီးတော့ ရွာသူရွာသားတွေကို စည်းရုံးပြီးတော့ ကန့်ကွက်ဖို့တွေ ဘာတွေ လုပ်ကြနဲ့။ အဲဒီတော့ နိုင်ငံတော်က သူကလည်း ပြည်သူကို ဖြေးဖြေးချင်းပဲ စည်းရုံး နေရသလို ဖြစ်နေတာဗျ။”
“ပြီးတော့ ကျွန်တော်တို့က ထိခိုက်သွားမယ့် ဟာတွေ အားလုံးကို ထိခိုက်မှု အနဲဆုံး ဖြစ်အောင်လုပ်မယ်။ ပြီးတော့ ပြန်လည် ထူထောင်ရေး အကောင်းဆုံး ဖြစ်အောင် လုပ်မယ် ဘယ်လို ပြောပြောလည်း မရဘူးဗျ။”
“သူတို့ပြောတာကတော့ မယုံဘူး၊ မယုံဘူး ပြောတယ်ဗျ။ အဲဒီတော့ ကျွန်တော်က ဘာကို ပြောချင်သလဲ ဆိုတော့ မယုံစရာ အကြောင်းတော့ မရှိဘူးဗျ။ ပြည်သူ အရွေးကောက်ခံ အစိုးရက ပြည်သူယုံအောင် လုပ်ရမှာပဲ။ အရင်တုန်းကတော့ ထားလိုက်ပါတော့ဗျာ။ အခု အခြေနေမှာတော့ လုပ်ကို လုပ်ရမယ်။ ဒါပေမယ့် အဲဒီလို ပုဂ္ဂိုလ်တွေကို လည်း ကျွန်တော်တို့ ရှင်းပြရမယ်။ ဒေသခံတွေ ထိခိုက်မှု သက်သာအောင်လည်း ကျွန်တော်တို့က ကြိုးစားရမယ်။ ထိခိုက်သွားရင်လည်း အကောင်းဆုံး ဖြစ်အောင် ဘယ်လို ပြန်လုပ်ပေးရမလဲ ဆိုတာကို သူတို့ကို ပြန်ပြီးတော့ လုပ်ပေးရမယ့်ကိစ္စ။ resettlement ကိစ္စ၊ ကောင်းကောင်းမွန်မွန်နဲ့ rehabilitation လုပ်ပေးရမယ့် ကိစ္စ တွေကို ဂရုစိုက် လုပ်ပေးရင် အောင်ကို အောင်မြင်မယ်ဗျာ။”
ဦးမော်သာထွေးရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။