စက်မှုလယ်ယာ မိတ်ဆက်

စက်မှုလယ်ယာ မိတ်ဆက်

မြန်မာ့လယ်ယာစိုက်ပျိုးရေးမှာ သမရိုးကျစိုက်ပျိုးတဲ့ပုံစံကနေ ပြောင်းပြီး စက်တွေ၊ ခေတ်မှီနည်းစံနစ် တွေသုံးဖို့ တွန့်ဆုတ်နေသူတွေ အများအပြားရှိပါတယ်။ မြန်မာ့တောင်သူတွေရဲ့ သမရိုးကျ လက်မှုလယ်ယာကို စက်မှုလယ်ယာဖြစ်လာအောင် တနိုင်တပိုင် ကြိုးပမ်းနေသူတွေ ရှိနေတဲ့အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

Your browser doesn’t support HTML5

စက်မှုလယ်ယာ မိတ်ဆက်

မြန်မာ့လယ်ယာစိုက်ပျိုးရေးမှာ သမရိုးကျစိုက်ပျိုးတဲ့ပုံစံကနေ ပြောင်းပြီး စက်တွေ၊ ခေတ်မှီနည်းစံနစ် တွေသုံးဖို့ တွန့်ဆုတ်နေသူတွေ အများအပြားရှိပါတယ်။ မြန်မာ့တောင်သူတွေရဲ့ သမရိုးကျ လက်မှုလယ်ယာကို စက်မှုလယ်ယာဖြစ်လာအောင် တနိုင်တပိုင် ကြိုးပမ်းနေသူတွေ ရှိနေတဲ့အကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

စိုက်ပျိုးရေးမှာ ခေတ်မှီစက်ကရိယာတွေ နည်းပညာတွေကို သုံးလာဖို့ဆိုရင် ကျေးလက်နေ တောင်သူတွေကိုယ်တိုင် စက်တွေနဲ့ ထိတွေ့ဖို့၊ ဘယ်လိုနည်းပညာတွေ ပေါ်နေတယ် ဆိုတာကို သိကြဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ အစိုးရ လုပ်ပေးမှာကို စောင့်နေမယ့်အစား နားလည်တတ်ကျွမ်း သူတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ နေရာကနေ တတပ်တအား အကူအညီပေးနိုင်တယ် ဆိုတာကို လက်တွေ့ပြနေသူတွေ ရှိပါတယ်။

မြေပဲစိုက်ပျိုးတဲ့နေရာမှာ မျိုးစေ့ချကရိယာကို လက်တွေ့သုံးပြပြီး စက်မှုလယ်ယာကနေ ရတဲ့ အကျိုးကို တောင်သူတွေ သိအောင် မိတ်ဆက်ပေးဖို့ ကြိုးပမ်းနေတယ်လို့ ပြောလာသူကတော့ စိုက်ပျိုးရေးသုံး ကရိယာတွေ ထုတ်လုပ်နေတဲ့ Pioneer Agrobiz ကုမ္ပဏီက ဒေါက်တာမျိုးအောင်ကျော်ပါ။

ဒေါက်တာမျိုးအောင်ကျော်။ ။ “ပခိုးတိုင်း ကဝမြို့နယ်က လယ်သမားကြီးတဦးပေါ့။ သူတို့က ကျွန်တော့်ရဲ့ မျိုးစေ့ချ ကရိယာက ဆယ်လက်မလောက် ခြားပြီး စိုက်တော့ ပထမတော့ သူတို့က ပူညံပူညံနဲ့။ ဆရာ့နည်းက မျိုးစေ့မကုန်ဘူး၊ ဒါပေမယ့် အပင်တွေက အကြဲကြီးတွေ ဖြစ်နေတဲ့ အတွက် အပင်နဲရင် အထွက်နှုန်းက ကျမယ်လို့ သူတို့ထင်တာပေါ့နော။”

“လုပ်ရင်းနဲ့ ဘာဖြစ်လာသလဲ ဆိုတော့ တပင်ရဲ့ သီးနှုန်းက သူတို့ သမရိုးကျ အစေ့ကို လက်နဲ့ ချပြီး စိုက်တာထက် ၂ ဆ ၃ ဆလောက် တက်နေတာ။ အဲဒီမြေပဲ တောင့်တွေ ကလေ။ နဂိုဆို ပုံမှန်က ၂၀ လောက်ပဲ ပါတယ်။ ကျွန်တော်စိုက်တာက ၆၀ လောက်အထိ ပါတဲ့အခါကျတော့ သူအဲဒီမှာတင် မျက်လုံးပြူးသွားတယ်။ အပင်တွေကို နှုတ်လဲနှုတ်ကြည့်ရော သမရိုးကျ သူမြေသြဇာနဲ့ စိုက်တဲ့အခင်း တွေက တဧကကို တင်းတရာလောက် ထွက်တယ်။ အခု ကျွန်တော့်နည်းနဲ့လည်း စိုက်ရော ၁၃၂ တင်း။ အဲဒီမှာတင် သူတော်တော်လေး မျက်နှာကို ပြုံးနေတာပဲ။ နောက်ပြီး ထွက်တဲ့ မြေပဲတောင့်မှန်သမျှ အဖျင်းကို မပါတာ။ လုံးပိန်လုံးညှပ်ကို မပါတာ။”

လယ်ယာသုံးပစ္စည်းတွေထဲက တချို့မျိုးစေ့ချကရိယာတွေဟာ မျိုးစေ့တင်မကပဲ မြေသြဇာပေး တဲ့နေရာမှာပါ သုံးနိုင်ပါတယ်။

ဒေါက်တာမျိုးအောင်ကျော်။ ။ “ကျွန်တော်တို့ မြေသြဇာ ကောင်းကောင်းထည့်တဲ့ အခါကျတော့ တအိတ်ကို ငါးသောင်းခွဲလောက် ရှိတယ်။ ထွက်တဲ့ မြေပဲကလေးကလဲ ချောပြီးထွက်တော့ သူက ဆီတော့ ကောင်းကောင်း ထွက်ပြီတဲ့။ အခု ၃၂ တင်း ပိုပြီးထွက်တဲ့ အခါကျတော့ ကျွန်တော် ၃ သိန်းကျော် ပိုရမယ်တဲ့ သူက အဲဒီလိုကို ပြောသွားတယ်။ အဲဒီတော့ သူထည့်လိုက်တဲ့ အရင်းထက် ၅ ဆကျော်ကျော်လောက် တက်သွားတော့ သူအများကြီး ကျေနပ်သွားတယ်။”

“အဲဒီနေ့က အနီးအနားက လယ်သမားတွေကလည်း လာပြီးတော့ ကြည့်တယ်။ သူတို့က ကျွန်တော်သုံးတဲ့ မြေသြဇာက ဈေး ကြီးတဲ့ အခါကျတော့ သူတို့အနေနဲ့ မသုံးလိုကြဘူးလေ။ အဲဒီတော့ လယ်သမား တယောက်က ဘာပြောသလဲ ဆိုတော့ ကျွန်တော်တို့ အခုလာပြီး ငုတ်တုတ်ထိုင် ကြည့်လို့သာ ယုံတာနော်တဲ့။ မဟုတ်ရင် ဆရာတို့က ပြောတာသာပဲ ဆို ယုံချင်မှ ယုံမှာတဲ့။ အဲဒါကြောင့်လေ။ သူတို့ လက်တွေ့လည်း မြင်တယ်။ နောက် သူတို့ကိုယ်တိုင်လည်း မြေပဲပင်တွေကို လိုက်နှုတ်ကြည့်တယ်။ လိုက်နှုတ်ကြည့်တော့ တွေ့လိုက်တဲ့ မြေပဲတောင့်ကိုကြည့် ကတည်းကိုက သူတို့ အားနဲချက်က ဘယ်လိုဆိုတာ သူတို့ အဲဒီမှာတင် သေသေချာချာ မြင်သွားတာ။ ကွင်းထဲကို သူတို့ လိုက်ပြီးတော့ နှုတ်တာ။ တပင်ချင်း နှုတ်ပြီး ကြည့်တာပေါ့နော်။ အားနဲချက် ရှိတဲ့ အပင်လည်း ရှိတာပေါ့။ ဒါပေမယ့် တော်တော် များများက ဥပမာ ထက်ဝက်လောက်က အတောင့်တွေ အများကြီး ပိုများနေတဲ့ အခါကျတော့ သူတို့ ကောင်းကောင်း လက်ခံသွားတယ်။ ဘာလို့လည်း ဆိုတော့ သူတို့က မြေပဲ တောင်သူလေ။ သူတို့ ဘယ်လို ဆိုတာကို သိနေတာကိုး။”

ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုထက် အကျိုးအမြတ် ပိုဖြစ်ထွန်းအောင် မှန်ကန်တဲ့နည်းပညာ သုံးဖို့ လိုတာမို့ ဒီနည်းပညာတွေကို တောင်သူတွေ လက်တွေ့ သိလာအောင် လုပ်ပေးနေတယ်လို့လည်း ပြောပါတယ်။

တောင်သူအများစုဟာ စိုက်ပျို းရာမှာ သမရိုးကျနည်းတွေနဲ့တင် လုပ်ကိုင်နေကြတာမဟုတ်ပဲ စိုက်ပျိုးပြီးချိန် မှာလည်း အခြောက်ခံစက်တို့ ကြိတ်ခွဲစက်တို့သုံးတာလို အလေအလွင့်နဲအောင်၊ လူအင်အားနဲ့ အချိန်ကုန် သက်သာအောင် စက်ကရိယာတွေနဲ့ လုပ်နိုင်တဲ့နည်းတွေ ရှိတာ သိပ်မသိကြသေးပါဘူး။

ဒေါက်တာမျိုးအောင်ကျော်။ ။“သမရိုးကျတွေပဲ များတာပေါ့နော်။ ဘယ်နေရာကြည့်ကြည့် ဥပမာ စပါးပဲ ကြည့်ကြည့်၊ ပဲ ပဲကြည့်ကြည့်၊ ပြောင်းပဲကြည့်ကြည့်၊ ဒီထုတ်ကုန်တွေမှာ mechanized dry စက်နဲ့ အခြောက်ခံတဲ့ အပိုင်းကို တော်ရုံတန်ရုံ မသုံးကြသေးဘူး။ သူ့ရဲ့ ခြောက်သင့် ခြောက်ထိုက်တဲ့ ကာလအတွင်းမှာ သူလိုချင်တဲ့ အစိုဓါတ်ကို ရပြီးမှသာလျှင် ဒီကုန်ပစ္စည်းတွေက ပျက်စီးတယ် ဆိုတဲ့အပိုင်း အင်မတန်နဲသွားမယ်။”

“အထူးသဖြင့် ဥပမာကတော့ စပါးပေါ့နော်။ အခုအခါမှာ ရိတ်ခြွေစက်တွေနဲ့ လုပ်လိုက်တဲ့ အခါကျတော့ ဒီတရက်အတွင်းမှာကို စပါးက ငါးရာ တထောင် လောက်ချက်ချင်းကို ဝုန်းကနဲဆို ထွက်လာတဲ့ အခါကျတော့ ဒီစပါးကို ကျွန်တော်တို့ ၂၄ နာရီအတွင်းမှာ သေသေချာချာ ခြောက်နိုင်ဖို့အတွက် လုပ်မှ သာလျှင် သူ့ရဲ့ အရည်အသွေးပိုင်းက အကောင်းဆုံး အခြေနေကို ရမှာ ဖြစ်ပါတယ်။ အဲဒါကို သမရိုးကျ နေနဲ့ သွားလှမ်းလို့ကတော့ စိတ်ချရတဲ့ အစိုဓါတ်ရောက်ဖို့ ဆိုရင် ၃ ရက် လောက်၊ ၃ နေလောက်ကို သေချာလှန်းရပါတယ်။ လှန်းတဲ့နေရာမှာ စံနစ်မကျလေ သူ့ရဲ့ အရည်အသွေးပိုင်းတွေက အားနဲမှု ရှိလေ။ အဲဒီနေရာမှာ စပါးတွေကျိုးမယ့်ကိစ္စ၊ အရောင်တွေ ပျက်မယ့်ကိစ္စ၊ မှိုတွေ ပေါက်မယ့်ကိစ္စ၊ ဒါတွေက အချိန်တို အတွင်းမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေပါ။”

“စပါးဆိုတာ စပါးခွံက အပြင်မှာ အုပ်ထားတဲ့ အခါကျတော့ အတွင်းပိုင်းမှာ ဘာဖြစ်လဲ ဆိုတာကို ဘယ်သူမှ သေသေချာချာ မသိဘူး။ လယ်သမားလည်း မသိဘူး။ စက်ပိုင်လည်း မသိဘူး။ သူတို့အနေနဲ့ ရောင်းရေးဝယ်တာ ကျတော့ စပါးဖြစ်ပြီးရော ဆိုတဲ့ စိတ်ရှိတဲ့အခါကျတော့ မိမိရဲ့ ထုတ်ကုန်ရဲ့ အရည်အသွေးကို ကောင်းအောင် ကျိုးစားဖို့ ဆိုတာဘယ်သူမှ အားမထုတ်ဖြစ်ကြဘူး။ အဲဒီအခါကျတော့ တဖြေးဖြေးနဲ့ ဒီအားနဲချက်တွေက ကျွန်တော်တို့ ဒီဆန်စက်လောကမှာ အစပိုင်း ကတည်းက မကောင်းတဲ့အခါကျတော့ ဒီအနှောင်းပိုင်းမှာလည်း ဘယ်လိုမှ မကောင်းနိုင်တော့ဘူး။ ကြိတ်ခွဲတဲ့စက်က ဘယ်လောက်ပဲ ကောင်းကောင်း သွင်းလာတဲ့ ကုန်ကြမ်းက အရည်အသွေး မကောင်းရင် ဘယ်လိုမှ ကောင်းနိုင်စရာ အကြောင်း မရှိဘူး။”

“ပြောင်းလာတဲ ရိတ်သိမ်းစံနစ်နဲ့အတူ လိုက်လျောညီထွေ ဖြစ်ဖို့က ဒီအခြောက်ခံစက်တွေ မသုံးလို့ကို မရဘူးခင်ဗျ။ ဒါက တကယ့်ကို တွန်းတွန်းတိုက်တိုက်ကို ပြောနေရတာပေါ့နော်။”

ခေတ်မှီစက်ကရိယာတွေကို သူ့နေရာနဲ့ သူသုံးလာမယ် ဆိုရင် မှိုလို စားသုံးသူအတွက် ကျန်းမာရေးထိခိုက်စေတဲ့ အန္တရာယ်ဖြစ်နိုင်တာတွေကိုပါ ကာကွယ်နိုင်တယ် ဆိုတာသိစေချင်တယ် လို့လည်း ပြောပါတယ်။

ဒေါက်တာမျိုးအောင်ကျော်။ ။ “သီးနှံတွေက သေသေချာချာ ခြောက်အောင်သွေ့အောင် မလုပ်ရင် သူ့ရဲ့ နောက်ဆက်တွဲက ကျန်းမာရေးအတွက် ပြဿနာတွေ ရှိတာကိုး။ ဥပမာ အားဖြင့် ငရုပ်သီးပေါ့ နော်။ ဒါက အညာမှာ ဆိုလို့ ရှိရင် ဒီအတိုင်း သဲပေါ်မှာပဲ လှန်းကြတယ်။ အညာကတော့ ခြောက်ခြောက် သွေ့သွေ့ဖြစ်တဲ့ အခါကျတော့ သဲပေါ်မှာ လှန်းတယ်။ ဘာမှကို မခင်းကြဘူး။ တချို့ကျတော့လည်း သံမံသလင်းပေါ်မှာ လိုမျိုးလှန်းတယ်။ တချို့က ပါးပါးလှန်းတာထက် ထူထူ လှန်းတာ များတယ်။ ကုန်တွေက များတဲ့အခါကျတော့ သူတို့အနေနဲ့ မွှေတော့မွှေတယ်။ ဒါပေမယ့် အချိန်နဲ့ အမျှ သူက ဘာဖြစ်လာသလဲ ဆိုတော့ အထဲမှာ မှိုတက်တဲ့ ပြဿနာတွေအများကြီး ဖြစ်လာတယ်။ ပြောရရင် လှန်းလိုက်တယ် ဆိုကတည်းက ဒီငရုပ်သီးထဲမှာ ရှိတဲ့ အပူက အပြင်ကိုထွက်တယ်။ အပေါ်ပိုင်းက နေရောင်ခြည်ရဲ့ အားနဲ့ ခြောက်သွေ့မှု ရှိပေမယ့် သူ့အောက်မှာ ရှိတဲ့ ဒီငရုပ်သီးတွေကတော့ အထဲမှာ ဆူတက်လာတယ်။ အထဲက ရေဓါတ်က ထွက်လာတဲ့ အခါကျတော့ condensation ဆိုတဲ့ အထဲမှာ အိုက်ပြီးတော့ စိုလာတယ်။ စိုလာပြီ ဆိုတာနဲ့ အဲဒီထဲမှာ ရှိတဲ့ ငရုပ်သီးတွေက အနဲနဲ့အများ မှိုတက်လာတယ်။ ဒီမှိုက လူတွေကို ဒုက္ခပေးတဲ့ aflatoxin ဖြစ်နေတဲ့ အခါကျတော့ အဲဒါကို စားလို့ရှိရင် ပြဿနာ တက်မှာ။”

“ငရုပ်သီးကုန်သည်တွေ အနေနဲ့ လက်နဲ့တော့ ကောက်တယ်။ ကောက်ပေမယ့်လို့ သူသူကိုယ်ကိုယ် များများ ကောက်လေ များများ အလျော့တွက်များလေပဲလေ။ အဲဒီတော့ တော်တော် ဆိုးဆိုးဝါးဝါး လောက်ပဲ ကောက်ပြီးတော့ တော်ရုံတန်ရုံလောက်ကျတော့ ချန်ထားတဲ့ အခါကျတော့ ကနု်သည်တွေ အနေနဲ့က ဘာပဲပြောပြော အလျော့တွက် ကို အတော်စဉ်းစားတဲ့ အခါကျတော့ ထိထိရောက်ရောက် မလုပ်ကြဘူး ပေါ့နော်။ မလုပ်ကြတော့ ကျွန်တော်တို့ စားသောက်နေတဲ့ ပစ္စည်းတွေမှာ safety ဆိုတဲ့ ပြဿနာက တော်တော်လေးကြီး လာတယ်ပေါ့နော်။ နေလှန်းတယ် ဆိုတဲ့ နေရာမှာ များသောအားဖြင့် ကျွန်တော်တို့ သိတာကတော့ ၅ ရက်လောက် လှန်းရတယ်။ ကျွန်တော်တို့ အခု ဆိုရင် ငရုပ်သီးကို ဆိုလာ အခြောက်ခံစက်တွေထဲမှာ ထည့်ပြီး လှန်းလိုက်တဲ့ အခါကျတော့ အချိန်က တော်တော်လေး ကြုံ့သွားတယ်။ ကျွန်တော်ထင်တယ် ၂ ရက်လောက်ဆို ရတဲ့ သဘောရှိပါတယ်။”

ဒေါက်တာမျိုးအောင်ကျော်ရဲ့ ပြောကြားချက်နဲ့ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကိုဒီမှာပဲ ရပ်နားလိုက်ပါရစေ။