သဘာဝအန္တရာယ်လျှော့ပါးစေဖို့ IPCC ကြိုးစား

Global mean temperature change

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ဆက်နွယ်ပြီး ရာသီဥတုဖေါက်ပြန်မှုတွေ၊ လူအသေအပျောက်များတဲ့ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတာမို့ ကမ္ဘာ့ နိုင်ငံအစိုးရတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ စုပေါင်းပြီး တိုက်ဖျက်ဖို့ ကြိုးစားလာကြတာပါ။

၁၉၈၈ ခုနှစ်မှာ UNEP ကုလသမဂ္ဂ သဘာဝဝန်းကျင်ဆိုင်ရာအဖွဲ့နဲ့ WMO နိုင်ငံတကာ မိုးလေဝဿ အဖွဲ့တို့ပူးတွဲပြီး IPCC ခေါ် Intergovernmental Panel on Climate Change အဖွဲ့ကြီးကို ထူထောင်နိုင်ခဲ့ပါတယ်။
IPCC ဟာ ကုလသမဂ္ဂရဲ့ သိပ္ပံဆိုင်ရာအဖွဲ့ကြီးဖြစ်ပြီး နောက်ဆုံးပေါ် သိပ္ပံပညာရပ်တွေ၊ နည်းပညာရပ်တွေနဲ့ လူမှုစီးပွါးအချက်လက်တွေ ပေါ်မူတည်ပြီး ကမ္ဘာတဝှမ်း ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ နားလည်လာစေဖို့နဲ့ အတတ်နိုင်ဆုံး အတိမ်းအစောင်း မရှိအောင် ထိမ်းသိမ်းပေးဖို့ ဖွဲ့စည်းထားတာပါ။
ဂျနီဗာ အခြေစိုက် WMO ဌာနချုပ်မှာ အဖွဲ့ဝင် ၁၉၅ နိုင်ငံရှိတဲ့ IPCC အဖွဲ့ကြီးရဲ့ လှုပ်ရှားမှုအတွက် စီစဉ်ကြပြီး ကမ္ဘာတဝှမ်းက ထောင်နဲ့ချီတဲ့ သိပ္ပံပညာရှင်တွေ စေတနာအလျှောက် ပါဝင်ဆောင်ရွက်နေကြတာပါ။
ဒီအဖွဲ့က လေ့လာဆန်းစစ် ထုတ်ပြန်ချက်တွေဟာ လူမှုစီးပွါးနဲ့ သိပ္ပံနည်းပညာပေါ် အခြေခံထားတာမို့ ဒီအဖွဲ့ရဲ့ အကြံပေးချက်တွေကို နိုင်ငံတကာက စောင့်ကြည့်ပြီး စီမံကိန်းချရာမှာ သုံးလေ့ ရှိပါတယ်။

ဒီအဖွဲ့က အစီရင်ခံစာတွေ ထုတ်ပြန်ရာမှာ Working Group အလုပ်အဖွဲ့ ၁ က ပထမဆုံး Physical Science ခေါ် ပင်လယ်ရေ မျက်နှာပြင်ပြောင်းလဲမှုတွေ၊
ရာသီဥတုဖေါက်ပြန်မှုတွေ အပါအဝင် ရူပ- ဓါတုဆိုင်ရာ သဘာဝနဲ့ စွမ်းအင် ဂုဏ်သတ္တိပေါ် အခြေခံတဲ့ လေ့လာမှုတွေကို တင်ပြရပါတယ်။
ဒါတွေကို အလုပ်အဖွဲ့ ၂ က သဘာဝနဲ့ လူသားတွေအပေါ် ရိုက်ခတ်မှု ဘယ်လို ရှိတယ်ဆိုတာကို ဆန်းစစ်ပေးရ သလို ဒီဆန်းစစ်မှုအပေါ်မူတည်ပြီး အလုပ်အဖွဲ့ ၃ က ရာသီဥတု ဖေါက်ပြန်မှု လျော့ပါးအောင် သုံးလို့ ရနိုင်တဲ့ နည်းပညာတွေနဲ့ လိုအပ်ချက်တွေကို အကြံပေးရပါတယ်။

၁၉၉၀ မှာ ပထမဆုံးအစီရင်ခံစာ FAR ကိုထုတ်ပြန်နိုင်ခဲ့ပြီး SAR ဒုတိယအစီရင်ခံစာကို ၁၉၉၅ TAR တတိယအစီရင်ခံစာကို ၂၀၀၁ ခုနှစ် AR 4 စတုတ္ထ အစီရင်ခံစာကို ၂၀၀၇ ခုနှစ်နဲ့ AR5 ပဉ္စမ အစီရင်ခံစာရဲ့ ပထမအဆင့်ဖြစ်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို ၂၀၁၃ မှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

၂၀၁၅ အောက်တိုဘာ လထဲမှာ အပြီးသတ် တင်သွင်းဖို့ စီစဉ်ထားတဲ့ ဒီအစီရင်ခံစာအတွက် ၂၀၁၄ ခုနှစ်ထဲမှာ ဆန်းစစ်သုံးသပ်မှုတွေ လုပ်နေကြပြီး ဂျပန်နိုင်ငံ ယိုကိုဟားမား၊ ပြင်သစ်နိုင်ငံ ပါရီမြို့နဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့တွေမှာ နှီးနှောဖလှယ်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဒီ AR5 အစီရင်ခံစာထဲမှာတော့ ကမ္ဘာ့ရာသီဥတု ဖေါက်ပြန်မှုမှာ လူသားတွေရဲ့ လုပ်ဆောင်မှုက အရေးပါနေတာ ရှင်းရှင်းမြင်နေရကြောင်းနဲ့ ဥတုရာသီ မဖေါက်ပြန်စေဖို့ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှုတွေ ကန့်သတ်ဖို့ သတိပေးထားပါတယ်။

လူသားထုတရပ်လုံးက သစ်တောတွေ မပြုန်းတီးအောင် ထိမ်းသိမ်းဖို့၊ နေစွမ်းအင်၊ လေစွမ်းအင်နဲ့ ရေစွမ်းအင်တွေလို သဘာဝ အစားထိုးလောင်စာတွေကို ပိုသုံးဖို့လိုပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူတွေကို လွှမ်းမိုးနိုင်တဲ့ လူထုကိုယ်တိုင်က ဒီရာသီဥတု ပြဿ နာကို ထိပ်တန်းတင် မှ အာဏာပိုင်တွေက နည်းပညာပိုင်းကစပြီး အရေးယူဆောင်ရွက်လာမှာမို့ ဒါကို လူတိုင်းစိတ်ဝင်စားအောင် လုပ်ဆောင်ဖို့ပါ လိုအပ်နေတာပါ။