မြန်မာနိုင်ငံကို သယံဇာတ ပေါကြွယ်တဲ့ နိုင်ငံလို့ အများကသိထားတာပါ။ ဒီအထဲက သတ္တု သယံဇာတမှာဆိုရင် အမျိုးအစားက အများကြီးရှိပြီး အကြမ်းအားဖြင့် တောင်မြောက် တန်းနေတဲ့ ရပ်ဝန်း အနဲဆုံး ၄ ခုခွဲနိုင်တယ်လို့ မြန်မာဘူမိသိပ္ပံအသင်း အထွေထွေ အတွင်းရေးမှုး ဦးအေးလွင်က ပြောပါတယ်။
ဘူမိရပ်ဝန်း ၄ ခုမှာ ဖြစ်တည်နေတဲ့ သတ္တုသယံဇာတ အလိုက် ရပ်ဝန်းကြီး ၄ ခုပိုင်းခြားနိုင်ပြီး အနောက်ဖက် မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ တည်ရှိရာ ရခိုင်ကမ်းရိုးတန်း၊ နီကယ်နဲ့ ခရိုမိုက်ထွက်ရှိရာ အနောက်ရိုးမ၊ ရွှေ ကြေးနီ ကျောက်မီးသွေးနဲ့ ရေနံ သဘာဝ ဓါတ်ငွေ့ တွေ ထွက်တဲ့ အလယ်ပိုင်း ဒေသနဲ့ ခဲ၊ သွပ်၊ ကြေးနီ၊ ငွေ၊ အဖြိုက်နက်၊ ခနောက်စိမ်းနဲ့ သံတွေ ထွက်တဲ့ အရှေ့ဖက် ကုန်းမြင့် ဒေသ အဖြစ် ခွဲခြားနိုင်တာပါ။
သတ္တုတူးဖေါ်ရေး လုပ်ငန်းထဲမှာ ကျောက်စိမ်း၊ ပတ္တမြား နီလာ လို ကျောက်မျက်ရတနာတွေ ပါဝင်သလို စက်မှုကုန်ကြမ်းပစ္စည်း အဖြစ်သုံးတဲ့ ဘရိုင်းတီး၊ မိုက်ကာ -လချေး၊ ဖယ်လ်စပါနဲ့ ကေအိုလင်းတွေ၊ နောက် ခဲမဖြူ ၊ အဖြိုက်နက်၊ နီကယ်၊ ခဲ၊ သွပ်၊ ကြေးနီ၊ သံလို တွင်းထွက်တွေ၊ ရေနံ သဘာဝ ဓါတ်ငွေ့ အပြင် အလှဆင်ကျောက် တွေဖြစ်တဲ့ စကျင်ကျောက်တွေ လှပတဲ့ မီးသင့်ကျောက် အသွင်ပြောင်းကျောက် တူးဖေါ်ရေး တွေပါ ပါဝင်တာပါ။
အခုလို မြန်မာနိုင်ငံမှာ တူးဖေါ်နိုင်တဲ့ အမျိုးအစား အများအပြားရှိပေမယ့် အားလုံးကို စီးပွါးဖြစ်သတ္တုသိုက် အဖြစ် မသတ်မှတ်နိုင်ပါဘူး။ စီးပွါးဖြစ် သတ္တုသိုက် ဖြစ်လာဖို့ အတွက် ဆိုရင် အမျိုးအစား၊ သတ္တုသိုက်ရဲ့ ဖြစ်တည်မှု အနေထားအပြင် ကမ္ဘာ့ပေါက်ဈေးပေါ်မူတည်ပြီး ဈေးအတက်အကျ အလိုက် အရင်က စီးပွါးဖြစ် မဟုတ်တဲ့ သတ္တုကနေ နောင်မှာ စီးပွါးဖြစ်ကို ပြောင်းသွားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။
ဥပမာ မုံရွာတဝိုက်မှာ တူးဖေါ်နေတဲ့ ကြေးစင်တောင် လက်ပံတောင်းတောင် က ကြေးနီသတ္တုသိုက်တွေကို တွေ့ရှိခဲ့တာ နှစ်ပေါင်း ၅၀ ကျော်နေပြီဖြစ် ပြီး ပမာဏ ကိုပါ တွက်ချက်ထားပေမယ့် အခု အချိန်ကျမှ ထုတ်လုပ်မှု နည်းပညာ ပြောင်းလဲ တိုးတက်လာတာ၊ ကမ္ဘာ့ပေါက်ဈေး မြင့်တက်လာတာတွေ ကြောင့် စီးပွါးဖြစ် သိုက်အဖြစ် ပြောင်းလဲ သွားတာမျိုးပါ။
သတ္တုတူးဖေါ်တဲ့ နေရာမှာ စံနစ်ကျဖို့ သိပ်ကို အရေးကြီးပါတယ်။ စံနစ်မကျပဲ ထုတ်လုပ်တဲ့ အခါမှာ ဝန်းကျင်ပျက်စီးမှုက သိပ်ကြီးမားတာမို့ ဒီလုပ်ငန်းကို မြန်မာ နိုင်ငံမှာ စံနစ်ကျတဲ့ လုပ်ငန်း အဖြစ် ပြောင်းလဲ နိုင်ဖို့ လိုပါတယ်။ ဖားကန့်လို ဒေသမှာ မြေမျက်နှာ သွင်ပြင် ပြောင်းလဲမှုတွေ နဲ့ ဝန်းကျင်ထိခိုက်မှုတွေ ဆုံးရှုံးမှုတွေ သိပ်များတာဟာ စံနစ်မကျလို့ ဖြစ်ပါတယ်။
သတ္တုတူးဖေါ်တဲ့ အခါ အသေးစားလုပ်ငန်း လေးတွေ ကြောင့် ဝန်းကျင်ပျက်စီးခဲ့တဲ့ သာဓကတွေ အများအပြားရှိပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံတို့ ထိုင်းနိုင်ငံတို့ အင်ဒိုနီးရှားတို့မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်ရတာ ရှိခဲ့သလို မြန်မာနိုင်ငံ မှာတော့ ရွှေတူးဖေါ်ရေး လုပ်နေတဲ့ ဧရာဝတီ မြစ်ကြောင်း တလျှောက် နဲ့ ချင်းတွင်း မြစ်ကြောင်းတွေ မှာ အကြီးမားဆုံး တွေ့နေရသလို ရှမ်းပြည် ဘက်မှာ သိပ်လှပတဲ့ ရှုခင်းနဲ့ ဝန်းကျင်ပျက်စီးစေတဲ့ ကျောက်မီးသွေးထုတ်လုပ်မှုတွေ ရှိနေတာပါ။
သတ္တုတူးဖေါ်မယ် ဆိုရင် တွင်းတူးသင့်ရင် တူးရမှာ ဖြစ်သလို တောင်ကို ဖြိုသင့်ရင် ဖြိုဖို့ လှိုဏ်ခေါင်းတူးသင့်ရင် တူးဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်ရာမှာ စံနစ်ကျဖို့ လိုပါတယ်။ စည်းစံနစ် အပြင် ရင်းနှီး မြှုပ်နှံဖို့ နဲ့ တတ်သိပညာရှင်တွေကို သုံးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အတွက် ဒီအပိုင်းမှာ အားနဲနေတယ် လို့လည်း ဝေဖန်ပါတယ်။
စံနစ်တကျ တူးဖေါ်ရာမှာ တာဝန်ခံမှု တာဝန်ယူမှု ဟာ သိပ်ကို အရေးပါပါတယ်။ ဒီ့အတွက် အသေးစားတွေ ပိုင်းနေမယ့် အစား အကြီးစား လုပ်ငန်းအဖြစ် လုပ်ကိုင်စေတာ ဟာ ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါမှ ရေရှည်အတွက် ပါ စီမံကိန်းတွေ ချနိုင်မှာ ဖြစ်သလို ဒေသခံတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးတွေကို တာဝန်ယူဖို့၊ တူးဖေါ်ပြီး နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးအတွက် အစီအစဉ်တွေ ချပေးဖို့ပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်အောင်လည်း အစိုးရက လုပ်ကွက် ချပေးကတည်းက သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။
မလေးရှား နိုင်ငံမှာ ဟိုအရင်တုန်းက ခဲမဖြူ အဖြိုက်နက် ကြီးကြီးကျယ်ကျယ် တူးခဲ့တဲ့ နေရာမှာ သတ္တုကို ကုန်အောင် ထုတ်တဲ့ အတွက် ကြီးမားတဲ့ တွင်းကြီးတွေနံဲ့ မြေပြင်ပြောင်းလဲမှုတွေ ရှိခဲ့ပေမယ့် ရေကန်ကြီးတွေ အထပ်မြင့် အဆောက်အဦးတွေ၊ ဘန်ဂလိုတွေ၊ ပန်းခြံတွေ ကစားကွင်းတွေ အပြင် စာသင်ကျောင်းတွေ လူနေအိမ်တွေပါ ဆောက်ပြီး မြို့ပြတည်ပေးခဲ့တာမို့ အခုအခါမှာ အဲဒီ Mine City ဟာ နေချင့်စဘွယ် သာယာတဲ့ နေရာ အဖြစ် ကျန်ရစ် တာပါ။
သတ္တုတူးဖေါ်မှုမှာ ကောင်းမွန်တဲ့ မူဝါဒချမှတ်ပေးမှု လိုအပ်သလို စံနစ်တကျ တူးဖေါ်မှုနဲ့ ရေရှည် ဒေသတွင်း အကျိုးစီးပွါးကိုပါ ထည့်သွင်းတွက်ချက်ဖို့ အရေးကြီးပါတယ် လို့ ဦးအေးလွင်က အကြံပေးပါတယ်။
Your browser doesn’t support HTML5