ရုရှားနိုင်ငံ St. Petersburg မြေအောက်ရထားပေါ်မှာ ဗုံးဖောက်ခွဲခဲ့သူဟာ ဗဟိုအာရှက အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး၊ အသေခံဗုံးခွဲခဲ့တယ်လို့ ယုံကြည်ကြောင်း Russia အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
အဲဒီမသင်္ကာသူဟာ ဖောက်ခွဲရေးပစ္စည်းတွေကို ကျောပိုးအိတ်နဲ့ ရထားတွဲပေါ် ယူလာတာဖြစ်တယ်လို့ ရဲရဲ့အပြောကို Interfax သတင်းဌာနက ကိုးကားဖော်ပြပါတယ်။ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg မြို့က မြေအောက်ဘူတာ ၂ ခုကြားမှာရောက်နေတဲ့ ရထားတွဲပေါ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် ၂ နာရီခွဲကျော်လောက်က ဗုံးပေါက်ကွဲခဲ့တဲ့အတွက် ၁၁ ယောက်သေဆုံးပြီး ၅၀ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ပေါက်ကွဲမှုပြင်းထန်တဲ့အတွက် ရထားတွဲက ထူထဲတဲ့သံတံခါးမှာ အပေါက်ကြီးတောင်ဖြစ်သွားခဲ့ပါတယ်။ အနားမှာရှိတဲ့ နောက်မြေအောက်ဘူတာတခုက မီးသတ်ပိုက်ထဲမှာ မြှုပ်ထားတဲ့ဗုံးတလုံးကိုလည်း ရဲတွေက စနက်တံဖြုတ်ခဲ့ရပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် မြေအောက်ရထားစနစ်တခုလုံးကို တနင်္လာနေ့က ရပ်ဆိုင်းခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူတွေ အတွက် ဝမ်းနည်းခြင်း ၃ ရက်သတ်မှတ်တယ်လို့ St. Petersburg မြို့တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။
ဗုံးပေါက်ကွဲချိန်က ရုရှားသမ္မတ Vladimir Putin ဟာ Belarus သမ္မတ Alexander Lukashenko နဲ့တွေ့ဆုံဖို့ St. Petersburg မြို့မှာရောက်နေတာပါ။ ဗုံးကွဲတဲ့ရထား ဆိုက်ရောက်ရပ်ထားတဲ့ ဘူတာရုံမှာ သေဆုံးသူတွေအတွက် ပန်းစည်းတွေ ဖယောင်းတိုင်တွေလာထားနေကြတာမှာ သမ္မတ Putin လည်းပန်းစည်းသွားရောက်ထားခဲ့ပါတယ်။ ရုရှားကမြေအောက်ရထားဗုံးကွဲမှုဟာ သိပ်ကိုဆိုးဝါးတဲ့အဖြစ်ဖြစ်တယ်လို့ အမေရိကန်သမ္မတ Trump ကပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ခုလိုဆိုးဝါးတဲ့လုပ်ရပ် လုပ်သူတွေကို အရေးယူရမယ်လို့ ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5
St. Petersburg မြေအောက်ရထား အသေခံဗုံးခွဲသူ ရုရှားရဲ ဖေါ်ထုတ်