မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးအတွက် အဓိက လိုအပ်တဲ့ အခြေခံ အချက်ကြီး ၃ ချက် ဖြစ်တဲ့ ရေ၊ မြေနဲ့ နေရောင်ခြည်တွေ အကုန်လုံး ပြည့်စုံနေပေမယ့် နည်းပညာပိုင်း အသုံးချမှု လိုအပ်ချက်တွေကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် တိုးတက်မှုအား နဲနေတယ်လို့ စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံဟာ နေရောင်ခြည်ကောင်းစွာရတဲ့ဒေသပါ။ စိုက်ပျိုးဖို့ မြေ အနေထားကို ကြည့်မယ်ဆိုရင် အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် ဒုတိယ အကျယ်ပြန့်ဆုံး နေရာဖြစ်ပါတယ်။ ရေရရှိမှုကိုကြည့်ရင်လည်း မြေအောက်ရေနဲ့ တကွ အင်းအိုင် ချောင်းမြောင်းတွေ ကြွယ်ဝပြီး မြစ်ကြီး ၄ စင်း ပါဖြတ် သန်း စီးဆင်းနေတာမို့ ပြည့်စုံနေတာပါ။
ဒါပေမယ့် စိုက်ပျိုးရေးကဏ္ဍ တိုးတက်သင့်သလောက် မတိုးတက်ပဲ ရှိနေတာမို့ နိုင်ငံခြားကို တင်ပို့ရောင်းချဖို့ ကောင်းကောင်း မလုပ်နိုင်သလို ရေရှည်မှာ မြန်မာနိုင်ငံသားတွေ အဓိကထား စားသုံးတဲ့ ဆန်ကအစ ဖူလုံမှု မရှိမှာကိုပါ စိုးရိမ်ရတဲ့ အနေထား ဖြစ်နေတယ်လို့ ပြောပါတယ်။ အိမ်နီးချင်း နိုင်ငံတွေဆီက နိုင်ငံခြားကို ဆန်တင်ပို့ရောင်းချမှု နဲ့ ယှဉ်ရင် မြန်မာနိုင်ငံက ၇ ဆ ရှစ်ဆလောက် နဲပါးနေတဲ့အပြင် အရံ ဆန်သိုလှောင် နိုင်စွမ်းလည်း မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ သဘာဝကပေးထားတဲ့ မြေတွေ ရေတွေကို စီမံခန့်ခွဲ နိုင်မှု အားနဲနေတဲ့ အတွက်ဖြစ်ပါတယ်။
အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ စိုက်ပျိုးရေးအတွက် စံနစ်ကျတဲ့ စီမံခန့်ခွဲမှုတွေကြောင့် လူဦးရေထူထပ်သော်လည်း အိန္ဒိယဟာ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပကို ဆန်တင်ပို့ရာမှာ ထိုင်းတို့ ဗီယက်နမ်တို့နဲ့ ယှဉ်ပြီး ဆန်တန်ချိန် ဆယ်သန်းလောက်ကို ဈေးနှုံးလျှော့ချ အပြိုင် ရောင်းချနိုင်တဲ့အပြင် ပြည်တွင်း သဘာဝဘေးအန္တရာယ် အတွက်ပါ ဆန်တန်ချိန် သန်း ၃၀ လောက် အရံအဖြစ် သိုလှောင်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကလည်း တပြည်လုံးရဲ့ ထက်ဝက်လောက်ကို ဆည်ရေသောက် စိုက်ပျိုးရေးလုပ်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံ စေတဲ့အပြင် ဆန် အထုတ်လုပ်နိုင်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်အောင် ကျိုးစား နေတာပါ။
မြန်မာနိုင်ငံမှာတော့ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း၊ ဧရာဝတီ မြစ်ကြောင်း တွေ တလျှောက် စီးဆင်းတဲ့ ရေတွေကို နိုင်ငံသားတွေအတွက် ကောင်းကောင်း အသုံးမချနိုင်ပဲ ပင်လယ်ထဲ တောက်လျှောက်စီးဆင်းသွားတာ တွေ့နေရပါတယ်။
ရေတင် အသုံးမချနိုင်တာ မဟုတ်ပဲ မြေယာသိမ်းယူမှုတွေနဲ့ အတူ မြေကိုလည်း ကောင်းကောင်း စီမံမခန့်ခွဲနိုင် တဲ့အတွက် စိုက်ပျိုးမြေတွေ အလဟဿ ဖြစ်နေရတာပါ။
နိုင်ငံတနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ရေနဲ့ မြေယာ စီမံခန့်ခွဲမှုတွေ ကတင် သက်ရောက်စေတာ မဟုတ်ပဲ သွင်းကုန် ကန့်သတ်ပေးမှုကလည်း အရေးပါပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ၁၉၈၀ နှစ်တွေတုန်းက နိုင်ငံရပ်ခြားက စားအုန်းဆီ တွေကို ဈေးပေါပေါနဲ့ တင်သွင်း ခဲ့တဲ့ နောက်ပိုင်း ကျန်းမာရေးအတွက် သင့်တော်ပြီး အမျိုးအစား ကောင်းတဲ့ မြေပဲဆီ၊ နှမ်းဆီတွေ ထွက်အောင် စိုက်ပျိုးနေတဲ့ ပဲ၊ နှမ်း၊ နေကြာစိုက် တောင်သူတွေဟာ ဈေးနှိမ်မရောင်း နိုင်သလို အမြတ်အစွန်း မကာမိကြတဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေးကိုပါ ထိခိုက်စေခဲ့တာပါ။
အခုလို စိုက်ပျိုးရေးအတွက် လိုအပ်ချက်တွေ အများအပြား ရှိနေတဲ့ထဲက ရေ အသုံးချမှုကို ပြုပြင်ပြောင်းလဲပေးဖို့က သိပ်ကို အရေးကြီး သလို မြန်မာ့စိုက်ပျိုးရေးအတွက် စီမံခန့်ခွဲမှု ကောင်းကောင်းရှိဖို့လည်း လိုအပ်နေတယ်လို့ စိုက်ပျိုးရေး ပညာရှင် ဒေါက်တာထွန်းဝင်းက ပြောပါတယ်။