Your browser doesn’t support HTML5
ရေကြီးမှုဒဏ်ဆိုးဆိုးဝါးဝါး ခံရလေ့ရှိတဲ့ မြန်မာနိုင်ငံအတွက် သဘာဝဝန်းကျင်ထိန်းသိမ်းဖို့ လုပ်ဆောင်ရာမှာ အရေးပါတဲ့ R ၃ ခုထဲက ပထမဆုံး R ဖြစ်တဲ့ Rain Water Harvesting လို့ခေါ်တဲ့ မိုးရေကို ရအောင်ယူပြီး ဘယ်လို ထိန်းချုပ်နိုင်တယ်ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
မိုးရွာသွန်းချိန်မှာ ရရှိတဲ့ မိုးရေကနေ လူတွေကို အန္တရာယ်ပြုနိုင်တဲ့ အနေထား မရောက်ခင်မှာပဲ သူ့ကိုဘယ်လို ထိန်းချုပ်နိုင်မယ် ဆိုတာကို စတင် စဉ်းစားရမှာ ဖြစ်ပြီး အဲဒီနည်းလမ်းမှာ အပိုင်း ၂ ပိုင်း ရှိတယ်လို့ ထိန်းသိမ်းရေးအင်ဂျင်နီယာ ဦးသိန်းမော်က ပြောပါတယ်။
ဦးသိန်းမော်။ ။ “Rain Water Harvesting ဆိုတာက မိုးရေကို ရအောင်ယူပြီး မိုးရေကို ထိန်းချုပ်ပေးတာ ပေါ့နော်။ အဲဒီနည်းမှာ ၂ မျိုးရှိတယ်။ ၂ ပိုင်းရှိတယ်။ ပထမပိုင်းကတော့ မြေကြီး မြေပြင်ကို ပြင်တာပေါ့နော်။ မြေကြီးကို ပြင်မယ်။ ဒုတိယနည်းကတော့ မြက်ပင်တွေ စိုက်မယ်ပေါ့နော်။”
“အဲဒီတော့ ပထမနည်းဖြစ်တဲ့ မြေကြီး မြေပြင်ကို ဘာ့ကြောင့် ပြင်ရသလဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ အခုဟာက သစ်ပင်တွေလည်း မရှိဘူး။ အပေါ်ပိုင်းမှာ ကျတဲ့ မိုးရေက အတားအဆီးမရှိ ဒလဟောနဲ့ အောက်ပိုင်းကို ဆင်းလာတယ်။ ဆင်းလာတော့ နံပတ် ၁ က တိုက်စားမှုက များတယ်။ နံပတ် ၂ က သူက အပေါ်ကကျတဲ့ မိုးရေက အောက်ကို ချက်ချင်း ရောက်လာတဲ့ အခါမှာ မြေပြင်ကို ဖြတ်သန်းရတဲ့ အချိန်က မရှိတော့ဘူး။ မြေပြင်ကို ဖြတ်သန်းရတဲ့ အချိန် တိုတဲ့အတွက် သူက မြေကြီးထဲကို ရေမစိမ့်ဝင်နိုင်ဘူး။ မြေအောက်ရေ ရဖို့ကလည်း အခွင့်အရေးက နဲသွားတယ်။ အဲဒီတော့ သူ့ကို နှေးအောင် လုပ်ရမယ်။ မြေပြင်ပေါ်မှာ ကြာကြာနေအောင် လုပ်ရမယ်ဆိုရင် မြေကြီးမှာ အတားအဆီးတွေ လုပ်ပေးရမယ်။”
“အဓိကကတော့ သူ့ကို လှေခါးထစ်လို ဟာမျိုးတွေ လုပ်ပေးရမယ်။ လှေခါးထစ် ဆိုရင် သူက တထစ်ချင်းကို သွားရတဲ့ အတွက် ရေစီးနှုန်းကလည်း နဲသွားမယ်။ ရေစီးနှုန်းနဲပြီး တိုက်စားမှုကလည်း နဲသွားမယ်။ မြေပြင်ပေါ်မှာ ကြာကြာ နေရတဲ့ အတွက် မြေကြီးထဲကိုလည်း စိမ့်ဝင်ဖို့ အချိန်ပိုရမယ် ပေါ့နော်။”
“တကယ်လို့သာ လှေခါးထစ်တွေ မလုပ်နိုင်ဖူး ဆိုရင် ကျွန်တော်တို့က မြောင်းတွေ ဖေါ်ပေးရမယ်။ သူက အင်္ဂလိပ်လို Swale လို့ခေါ်တာပေါ့နော်။ မြောင်းတွေ တူးပေးဖို့ပေါ့။ မြေအောက်မြောင်းတွေက မြေပြင်ကို တူးရမယ်။ အဲဒီတော့ ကျလာတဲ့ မိုးရေက ဒီမြောင်းတွေထဲ ဝင်မယ်။ တဆင့်ချင်း တဆင့်ချင်း သူက စီးသွားမယ်၊ နှေးသွားမယ်။ နောက်တခါ ပါလာတဲ့ သဲတွေလည်း မြောင်းတွေထဲမှာ သူက ချထားပြီး သူက ဖြေးဖြေးချင်း ဆင်းသွားမယ်။ အဲဒီလို မြောင်းတွေထဲမှာ နေတဲ့အတွက် သူက မြေကြီးထဲကိုလည်း ပိုပြီးတော့ စိမ့်ဝင်ဖို့ အချိန်ရတဲ့အတွက်ကြောင့် မြေအောင်ရေကို သူက ပိုပြီးတော့ တိုးသွားစေတာ ပေါ့နော်။”
“မြောင်းတွေအပြင် ကျွန်တော်တို့က ရေစုဖို့အတွက် ကန်တွေ လုပ်ရမယ်။ နောက်တခါ ချောင်းခြောက်လို့ ခေါ်တဲ့ မိုးတွင်းကျမှ ရေစီးတဲ့ ချောင်းတွေ ပေါ့နော်။ အဲဒီချောင်းတွေ မှာလဲ အဆင့်ဆင့် တမံ အသေးတွေ တုပ်ရမယ်ပေါ့နော်။ ဒါတွေကိုတော့ အင်္ဂလိပ်လို Sand dam ဒါမှမဟုတ် Check dam လို့ခေါ်တာပေါ့နော်။ သဲတားတမံ၊ နုံးတားတမံ လို့ခေါ်တာပေါ့။ အဲဒါလေးတွေလည်း အများကြီး လုပ်ရမယ်။ အဲဒီလို လုပ်တဲ့အတွက် အဲဒီထဲမှာ ရေရှိပြီးတော့ ပါလာတဲ့ သဲတွေကို တမံတွေ အောက်မှာ ထားပစ်ခဲ့မယ်။ ရေကပဲ အောက်ကို စီးသွားမယ်။ နောက်ပြီးတော့ ရေဝပ်နေတဲ့အတွက် မြေကြီးထဲကိုလည်း စိမ့်ဝင်သွားမယ်။ မြေအောက်ရေကို တိုးပွါးစေတာ ပေါ့နော်။”
ကိုယ်နေထိုင်ရာ ဝန်းကျင်က မြေကို ပြင်ပေးဖို့ စဉ်းစားသင့်သလို မြေလွှာ တိုက်စားမှု အမျိုးမျိုးအတွက် ပါ ကာကွယ်နိုင်ဖို့ စဉ်းစားရမှာပါ။
ဦးသိန်းမော်။ ။ “ကျွန်တော်တို့ မြေမှာ ဖြစ်နေတာက အပေါ်ယံမြေလွှာ တိုက်စားမှုပေါ့နော်။ မိုးရွာတာနဲ့ ကျွန်တော်တို့က အပေါ်မှာ အကာအကွယ် မရှိလို့ရှိရင် သဲတွေက အတိုက်စား ခံရတာပေါ့နော်။ ဒါကို ဘာနဲ့ ကြည့်လို့ ရမလဲ ဆိုတော့ ဥပမာ မိုးရွာပြီးလို့ ရှိရင် အုတ်ခဲလေးတွေ အောက်မှာ၊ သစ်ကိုင်းချောက်တွေ အောက်မှာ သဲလေးတွေ ကျန်နေတယ်။ ဒါဟာဆိုရင် အပေါ်ယံမြေလွှာ တိုက်စားတာ ခံရလို့ပေါ့နော်။ Sheet erosion ဖြစ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ အဲဒီ အကျယ်ပြန့်ဆုံး ဖြစ်နေတာက အပေါ်ယံမြေလွှာ အတိုက်စားခံရတာ။ ဒါကို ထိန်းဖို့ ဆိုရင် အကောင်းဆုံးကတော့ အမြစ်မျှင်တွေ အများဆုံးပါတဲ့ မြက်တွေကို စိုက်တာအကောင်းဆုံးပေါ့။ ဘာပင်မှ မရှိဘူး ဆိုရင်တော့ မြက်ကို စိုက်ဖို့ အကောင်းဆုံးပဲ။ မြက်စိုက်တာနဲ့ မြေကို ထိန်းထားမယ်။ ဒါ ရေကိုလည်း သူထိန်းထားမယ်။ ဆိုတော့ တိုက်စားမှုတွေကို သူက ကာကွယ်ပြီးသား ဖြစ်သွားမယ်။”
“အပေါ်ယံမြေလွှာ တိုက်စားမှုထက် နောက်တဆင့် ပိုပြီး ဆိုးတာက Rill erosion လို့ခေါ်တဲ့ မြောင်းကလေးတွေ ပေါ်အောင် တိုက်စားသွားတာ။ အဲဒီ မြောင်းကလေးတွေကနေ တခါ ပိုဆိုးလာတာက မြောင်းပေါက် ချောင်းပေါက် တိုက်စားတယ်လို့ပြောတဲ့ Gully erosion ပေါ့နော်။ ဒါကတော့ ချောင်းဖြစ်သွားတဲ့ အချိန်မှာ ဘယ်လိုမှ စိုက်ပျိုးလို့ မရဘူး။ အဲဒီ မြေမျက်နှာပြင်တွေ ပျက်စီးသွားတာ။ အဲဒီအနေအထားပေါ့။ ဆိုတော့ ဒါတွေ ကာကွယ်ဖို့ကျတော့ စောစောက ရိုးရိုးမြက်နဲ့ ဘယ်လိုမှ စိုက်လို့မရတော့ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က အမြစ်အများကြီး ရှည်တဲ့ Vetiver ဆိုတဲ့ မြက်တွေ စိုက်မှ ရတယ်။”
“အဲဒီ ဗက်တီဗာ မြက်က မြေပြင်ညီအတိုင်း အတန်းလိုက် စိုက်လို့ရှိရင် နီးတဲ့ အပင်ချင်း၊ အရွက်ချင်း အမြစ်ချင်း ကူးယှက်သွားပြီးတော့ သဘာဝ မြေထိန်းတမံ ဖြစ်သွား တယ်။ သူက ကျလာတဲ့ ရေရော၊ မြေရော ၂ ခုစလုံးကို ထိန်းထားမယ်။ အဲဒီမှာ ရေကို စုထားတဲ့ အတွက် ရေတွေကလည်း မြေကြီးထဲကို စိမ့်ဝင်သွားမယ်။ အဲဒီတော့ ဗက်တီဗာ မြက်ကို ၂၀၁၅ က စစိုက်တာ၊ အခု အစိုးရဌာနတွေ အတော်များများကလည်း ပါလာပြီ။ အဓိကအားဖြင့် ဆည်မြောင်း ဦးစီးဌာနတို့၊ မြစ်ကြောင်း ထိန်းသိမ်းရေးဌာနတို့၊ စိုက်ပျိုးရေးဌာနတို့၊ လမ်းဦးစီးဌာနတို့ သူတို့က သူတို့ကိုယ်တိုင်လည်း ဒါကို လက်တွေ့ အသုံးချလာကြပြီ။”
“အခု နောက်ဆုံးလုပ်တာ ဆိုရင် ချင်းပြည်နယ်၊ ဖလမ်းက လေဆိပ် အသစ်မှာ ဖို့မြေကြီးကို မြက်တွေ စိုက်ပြီးတော့ပဲ ထိန်းထားတာ ပေါ့နော်။ အဲဒါကတော့ ချင်းပြည်နယ်မှာ။ ချင်းပြည်နယ်မှာ ကျတော့ ရာသီဥတု ကလည်း အရမ်းအေးတယ်။ မြက်စိုက်ဖို့ တော်တော် ခက်တယ်။ အဲဒီ ပရောဂျက်မှာ စပြီးတော့ စိုက်ချိန်ရော၊ စိုက်နည်းရော မှန်တဲ့အတွက် တော်တော်လေးကို အကျိုးရှိတာ တွေ့ရတာ ပေါ့နော်။”
ဒီလို မိုးရေကို ထိန်းချုပ်ပြီး လက်တွေ့ အသုံးချတာဟာ ဒေသတွင်း လူနေမှုဘဝ ကိုပါ ပြောင်းလဲ သွားစေတာပါ။
ဦးသိန်းမော်။ ။ “ဒီဟာတွေဟာ အသစ်အဆန်းတော့ မဟုတ်ဖူး။ ကမ္ဘာပေါ်မှာ Rain water harvesting က ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်။ ဒီအအောင်မြင်ဆုံး နေရာတခုက အိန္ဒိယနိုင်ငံက ပြည်နယ် တခုမှာပေါ့နော်။ အဲဒီပြည်နယ်က မိုးခေါင်တယ်။ လယ်သမားတွေ ကိုယ့်ကိုယ်ကို သတ်သေတာ အများဆုံးလည်း ဖြစ်တယ်။ အဲဒီပြည်နယ်မှာ ပါနီဖေါင်ဒေးရှင်း (Paani Foundation) ဆိုပြီး တော့ ရေရရှိရေး အဖွဲ့ ဖွဲ့ပြီးတော့ မြောင်းတွေ လုပ်တယ်။ မိုးတွင်းကျတော့ ရေတွေ အများကြီး စုမိပြီးတော့ လယ်သမားတွေ အရမ်းပျော်ကြတာပေါ့လေ။ အကျိုးဆက် အများကြီး ရခဲ့တဲ့ နေရာပေါ့။ ဒီဟာကို သူတို့ ၃ နှစ် ဆက်တိုက်ရှိပြီ လုပ်နေတဲ့ အခြေနေပေါ့နော်။”
“အဲဒီတော့ ကျွန်တော်တို့ကလည်း သစ်ပင်ကြီးတွေကို မစိုက်နိုင်တဲ့ အချိန်မှာ မြောင်းတွေကို တူးရမယ်။ ကန်တွေကို ဖေါ်ရမယ်။ ချောင်းခြောက်တွေကို ပိတ်ရမယ်။ အဲဒီ နည်းတွေ အပြင် မြက်တွေကို စိုက်တဲ့ နည်းနဲ့ပါ ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်ရင် ကျွန်တော်တို့က ကိုယ့်ဒေသမှာ ကျလာတဲ့ မိုးရေက ကိုယ့်ဒေသမှာပဲ နေရမယ် ဆိုတဲ့ အနေအထားပေါ့နော်။ အပြင်ကို လွယ်လွယ်ကူကူ စီးထွက် မသွားအောင် လုပ်နိုင်မှ စိုက်ပျိုးရေးအတွက် အကျိုးရှိမယ်ပေါ့နော်။ မိုးရေ ရတဲ့ အချိန်မှာ မြေကြီးက စိုစွတ်မှု ကောင်းလာတယ်။ စိုစွတ်မှု ကောင်းလာလို့ရှိရင် သစ်ပင် သီးနှံ စိုက်ဖို့ လွယ်လာမယ်။ ဘာမှ မစိုက်ရင် တောင်မှပဲ လေထဲမှာ လွင့်လာတဲ့၊ တိရိစ္ဆာန်တွေ သယ်လာတဲ့သစ်စေ့ တွေက အပင်တွေ ပေါက်လာမယ်။ နောက်တချက်က မြေအောက်ရေ တိုးလာဖို့ လိုတယ်။ အခုဟာက မြေအောက်ရေက ဝင်ဖို့ အခွင့်အရေးက အရမ်းနဲတယ်။”
“အရင်တုန်းက မြေကြီးထဲက မြေအောက်ရေရဲ့ level က မြင့်တယ်။ မြစ်ပြင်ရဲ့ လယ်ဗယ်က နိမ့်တယ်။ နွေကျလို့ ရှိရင် ဒီမြေအောက်ရေက မြစ်ထဲကို ပြန်ဝင်သွားတယ်။ ဆိုတော့ နွေမှာလည်း မြစ်တွေက အမြဲတမ်းလိုလို ရေရှိတာ ပေါ့နော်။ အခုဟာက မြစ်ကြမ်းပြင် ရေပြင်က မြင့်လာတယ်။ မြေအောက်ရေက နိမ့်သွားတယ်။ ဆိုတော့ မြစ်ထဲကို မြေအောက်ရေကနေ ဖြည့်ပေးစရာ ရေက မရှိတော့ဘူး။ အဲဒီတော့ မြစ်ထဲမှာ ရေကြီးရေလျှံ ဖြစ်တာက အမြဲတမ်း ပိုပြီးတော့ တနှစ်ထက် တနှစ် ဆိုးလာနေတာ ပေါ့နော်။”
ထိန်းသိမ်းရေးအင်ဂျင်နီယာ ဦးသိန်းမော်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။