Your browser doesn’t support HTML5
ပြန်ပြည့်မြဲစွမ်းအင်အတွက် နိုင်ငံတော်က ချထားတဲ့ အစီအစဉ်မှာ ကမ္ဘာ့ဘဏ် က ရေးဆွဲထားတဲ့ နိုင်ငံတော်ရဲ့ လျှပ်စစ်စွမ်းအင် ဆိုင်ရာ အမျိုးသားရေး အစီအစဉ် NEP (National Electrification Plan) နဲ့ JICA ဂျပန် အဖွဲ့က ရေးဆွဲထား တဲ့ မြန်မာ Energy Master Plan အစီအစဉ်တွေ ရှိပါတယ်။
၂၀၃၀ ရောက်ရင် တနိုင်ငံလုံး မီးလင်းရေးအတွက် JICA ရဲ့ ဒီစီမံကိန်းက ကျောက် မီးသွေး သုံးဖို့ ၃၃ %၊ ရေအားက ၄၂ % ရှိပြီး ပြန်ပြည့်မြဲစွမ်းအင် အတွက်က ၉% ပဲ သတ်မှတ်ထားတာမို့ ပြန်ပြည့်မြဲစွမ်းအင်အတွက် နေရာက သိပ်မရှိဘူးလို့ ဦးအောင်မြင့်က ပြောပါတယ်။ ဒါ့အပြင် အရင်အစိုးရကို JICA က ရေးဆွဲပေး ထားတဲ့ ဒီ် အစီစဉ်ဟာ စွမ်းအင် ဖွံ့ဖြိုးရေးကို ပိတ်ထားသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ၂၀၃၀ မှာ ဒီသတ်မှတ်ချက် ပြည့်မှီဖို့ ရေးဆွဲထားတာကို ပြည့်မှီအောင် ဝန်ကြီးဌာနတွေက လုပ်ဆောင်နေရတာမို့လည်း ပြန်ပြည့်မြဲစွမ်းအင် အတွက် နေရာ သိပ် မရှိပဲ ဖြစ်နေတာပါ။
JICA က တခြားနိုင်ငံတွေမှာ လုပ်သလို စွမ်းအင် အကောင်ထည်ဖေါ်တဲ့နေရာမှာ Public Private Partnership - PPP လို့ခေါ်တဲ့ ပြည်သူ့အခြေပြု စီမံကိန်းတွေ နဲ့ အကူညီတွေ ပေးသင့်သလို အဲဒီအခြေနေထိ ဖြစ်လာအောင် JICA က စီးပွါးဖြစ် ပုံစံတွေ ထုတ်ပေးပြီး လုပ်ဆောင်ပေးဖို့ လိုနေတယ်လို့လည်း ထောက်ပြ ပါတယ်။
စီးပွါးရေးတွက်ခြေကိုက် Business Model နမူနာ ပုံစံတွေ မလုပ်ခင် အစိုးရက မူဝါဒ ချပေးဖို့ လိုပါတယ်။ ဒါပေမယ့် အစိုးရက အခုအချိန်မှာ မူဝါဒ ကောင်းကောင်း မချနိုင်သေးတာမို့ ခုချိန်မှာ အစိုးရကို ဘက်စုံပါတဲ့ စီမံကိန်း နမူနာတွေ တင်ပြဖို့ ဦးအောင်မြင့်တို့ အဖွဲ့က လုပ်နေတယ်လို့ ပြောပါတယ်။
စံပြစီမံကိန်းတွေမှာ Multi- Disciplinary Model Project လို့ခေါ်တဲ့ ဘက်စုံပါတဲ့ စီမံကိန်းကို ရေးဆွဲရမှာဖြစ်ပြီး ပြန်ပြည့်မြဲစွမ်းအင်ကို ပိုထိရောက်စေတဲ့ နည်းတွေ၊ စွမ်းအင်သိုလှောင်တဲ့ နည်းတွေ သုံးပြီး ရေရှည်အတွက် အစိုးရနဲ့ ပုဂ္ဂလိက ဟန်ချက်ညီညီလုပ်ဆောင်ဖို့ လိုတာပါ။ ဥပမာ ကျေးရွာကြီးတရွာအတွက် မီးလင်းစေဖို့ စီမံကိန်းချမယ်ဆိုရင် ဒီဇိုင်းဆွဲတဲ့အခါ ရေအား၊ နေစွမ်းအား၊ ဇီဝစွမ်း အား တွေထဲက ဘယ်စွမ်းအားကို အဓိက သုံးမယ်၊ ဘယ်စွမ်းအားတွေ ကိုတော့ ရောပြီးသုံးမယ် (Hybrid) ဆိုပြီး ပုံစံဆွဲရပါတယ်။ Environment approach သဘာဝဝန်းကျင် မပျက်စီးဖို့ လုပ်ဆောင်မယ့် အချက်တွေ ကိုပါ ထည့်သွင်းထားရမှာပါ။
မြန်မာနိုင်ငံမှာ မဟာဓါတ်အားလိုင်းက ၃၂ % ပဲရှိပါတယ်။ မဟာဓါတ်အား လိုင်း မရောက်တဲ့ မြို့တွေ ရွာတွေ၊ စက်မှုဇုံတွေမှာ လျှပ်စစ်လိုအပ်တဲ့အတွက် သူ့နည်း သူ့ဟန်နဲ့ လုပ်ကိုင်နေကြတာ ရှိပါတယ်။ အခုလို သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်ရာမှာ အစိုးရက ဥပဒေနဲ့ အားပေးမှု မရှိသလို ငွေကြေးအရ အကူညီပေးတာမျိုးလည်း မရှိတဲ့ အပြင် နည်းပညာ ပံ့ပိုးပေးတာမျိုးလည်း မရှိပါဘူး။ ဒါ့ကြောင့် အခက်အခဲ အများအပြားကြုံရပြီး တန့်နေတာတွေ တွေ့နေရတယ်လို့လည်း ပြောပါတယ်။
စီမံကိန်းကို လုံးဝ သီးသန့် အစိမ်း သက်သက် Green နဲ့ Brown ဆိုပြီး ၂ မျိုး ဆွဲဖို့ စဉ်းစားတယ်လို့ ပြောပါတယ်။ Green စီမံကိန်းမှာ မီးမရတဲ့ မြို့တမြို့ဖြစ်စေ၊ စက်မှုဇုံတခု အတွက် ဖြစ်စေ နိုင်ငံတော်က မီးပေးတဲ့ grid လိုင်းကို ထည့်မစဉ်းစားပဲ မီးရအောင် လုပ်ဆောင်တာပါ။
ဒေသတွင်း ပုဂ္ဂလိက လုပ်ဆောင်မှုမှာ ဒေသတွင်း ကပဲ သီးသန့်ဖြစ်စေ နိုင်ငံခြား နဲ့ တွဲလုပ်တာဖြစ်စေ လုပ်ဆောင်လို့ ရသလို ဘယ်လို နည်းနဲ့ လုပ်လုပ် ဒီဒေသမှာ သုံးဖို့ လိုအပ်တဲ့ မီးအား ပမာဏအလိုက် ဒီဇိုင်းဆွဲဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင် ရာမှာ နိုင်ငံတော် အစိုးရက လုပ်ပိုင်ခွင့် အပြည့်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ဖို့အတွက် အတွေ့အကြုံမရှိသူတွေ အဖို့ အစပိုင်းမှာ စလုပ်ဖို့အတွက် စိုးရိမ်မှု နဲ့ တူ ကြောက်နေ တာမျိုး ရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒါမျိုးလုပ် လာ နိုင်အောင် နိုင်ငံတော်က မူချပြီး အားပေးဖို့ လိုပါတယ်။ အားပေးရာ မှာ ငွေကြေးကအစ နည်းပညာအဆုံး လုပ်ပေး ရင် အမြန်တိုးတက်လာဖို့ ရှိပါတယ်။
ဒီလို မူဝါဒချရာမှာ သဘာဝ ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ၊ လူမှုရေး ပြဿနာတွေ၊ စွမ်းအင် ဆိုင်ရာတွေ၊ ဥပမာ စွမ်းအင် ကို နေ၊ ရေ၊ လေ၊ ဇီဝ သုံးတာ တင်မကပဲ စွမ်းအင် ထိရောက်သုံးတဲ့နည်း သိုလှောင်တဲ့နည်း တွေ အပါအဝင် အားလုံးကို ရော ထားတဲ့ Multi- Disciplinary Model Project ဒီဇိုင်းတွေ ဆွဲဖို့ တင်ပြမယ်လို့ ပြောပါတယ်။
တကယ်လို့ နိုင်ငံတော် အစိုးရက ပံ့ပိုးပေးပြီဆိုရင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဘက်ကပါ စီးပွါးရေးဆန်ဆန် ရေရှည်အတွက် တွက်ပြီး လုပ်ရင် အောင်မြင်နိုင်ချေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။
Off grid လို့ခေါ်တဲ့ ပင်မ မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက်မထား တဲ့ နေရာတွေ မှာ မီးရဖို့ စံပြအဖြစ် လျာထားပြီး မီးပေးဖို့ လုပ်လာနိုင်ပြီ ဆိုရင် အဲဒီနေရာ အတွက် မီးပေးတဲ့ ပင်မလိုင်း ရောက်လာချိန်မှာ တရားဝင် ချိတ်ဆက်ပိုင်ခွင့် ရှိဖို့က အဓိက အရေးပါပါတယ်။
မြို့ငယ်တခုဖြစ်စေ ရွာအုပ်စု တစု ဖြစ်စေ ကိုယ်ထူကိုယ်ထ မီးရဖို့ လုပ်ထားတဲ့ စံပြနေရာမှာ တကယ်လို့ ပင်မဓါတ်အား လိုင်း ရောက်လာမယ် ဆိုရင် တရားဝင် ချိတ်ဆက်ပိုင်ခွင့် Grid connectivity ကို တရားဝင် ချထားပေးဖို့ လိုပါတယ်။ ဘယ်လို လုပ်ထုံးလုပ်နည်းနဲ့ ချိတ်ဆက်မလဲ၊ ဓါတ်အားခ ငွေအပေးအယူ power purchase ဘယ်လို လုပ်မလဲ၊ ဆိုတာတွေကို တခြားနိုင်ငံတွေမှာ ဘယ်လို လုပ်ဆောင်ကြတယ် ဆိုတာကြည့်ရှု အတုယူပြီး modeling နမူနာ ကို စပေးဖို့ လိုအပ်ပါတယ်။
ဒီလို လုပ်ဆောင်တာကို မီးမရသေးတဲ့ မြို့နယ်တွေ၊ ကျေးရွာတွေ၊ စက်မှုဇုံတွေ အပြင် အိမ်ယာစီမံကိန်းတွေမှာ အစိုးရရဲ့ ပင်မဓါတ်အားလိုင်းတခု ထဲကိုပဲ အားမကိုးပဲ ကိုယ်တိုင် မီးပေးတဲ့ စံနစ်နဲ့ ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်ပေးပြီး လုပ်ဆောင်နိုင်ဖို့ အားပေးရမှာ ဖြစ်ပါတယ်။
ဒါကို မူဝါဒချမှတ်ပြီး အားပေးရင် သိသိသာသာ အောင်မြင်ဖို့ရှိတယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။ ပုဂ္ဂလိက ကဏ္ဍကို အားပေးရင် အခုထက်ပိုပြီး ပြန်ပြည့်မြဲစွမ်းအင် သုံ းမီးပေးမှုဟာ အမြန်ဆုံး အလုပ်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိ ပင်မဓါတ်အားလိုင်းနဲ့ မီးပေးနေတဲ့ ကိစ္စမှာ ဒီပင်မလိုင်းကို ကောင်းအောင် မပြုု ပြင်နိုင်သေး သလို နိုင်ငံတော်က ဘီလျံနဲ့ချီ ငွေစိုက်ထုတ်ပြီး မီးပေးနေရ တာမို့ ရေရှည် အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
decentralized လို့ခေါ်တဲ့ ဗဟိုကပဲ ချုပ်ကိုင်မထားပဲ ပုဂ္ဂလိက ကဏ္ဍကို ခွဲပေးရာမှာ ပီပီပြင်ပြင် ခွဲပေးဖို့ လိုပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ အစိုးရ၊ ပုဂ္ဂလိက၊ ပြည် တွင်း ပြည်ပ ကဏ္ဍစုံနဲ့ လက်တွဲ လုပ်မှု မရှိတဲ့ အတွက် မီးပေးရေး နှောင့်နှေး မှုတွေ ဖြစ်နေ တာကို သိနိုင်ပြီး လာမယ့် ၂၀၁၇ ခုနှစ်မှာတော့ အစွမ်းလုပ်နိုင်အောင် ကျိုးစား နေတယ်လို့လည်း ပြောပါတယ်။
ကမ္ဘာမှာ ပြန်ပြည့်မြဲစွမ်းအင် ကို အစားထိုးမှုတွေ အောင်မြင်နေ ချိန်မှာ ပြောင်းလဲနေ တဲ့ မြန်မာ နိုင်ငံမှာလည်း အလားတူ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့် ထားကြောင်း လည်း ဦးအောင်မြင့်က ပြောပါတယ်။