တက္ကသိုလ်တွေမှာ လိုအပ်နေတဲ့ သုတေသန လုပ်ငန်း

In this photo taken on Oct. 2, 2005, graduated students and family members gather outside the convocation hall in the main campus of Yangon University during a graduation ceremony in Yangon, Myanmar. The university was once one of Asia's finest and a poig

သိပ္ပံသုတေသနဆိုင်ရာ တိုးတက်ဖွံ့ဖြိုးဖို့အတွက် မြန်မာနိုင်ငံ တက္ကသိုလ်တွေမှာ ဘာတွေ လိုအပ်နေတယ် ဆိုတာကို အမေရိကန်ပြည်ထောင်စု Ohio တက္ကသိုလ်က ရူပဗေဒ ပါမောက္ခ ဒေါက်တာစောဝေလှရဲ့ အမြင်ကို ဒီတပတ်မှာ တင်ပြပေးမှာပါ။

Your browser doesn’t support HTML5

တက္ကသိုလ်တွေမှာ လိုအပ်နေတဲ့ သုတေသန လုပ်ငန်း

လိုတာကတော့ အားလုံလိုလိုပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ပညာရေးက ခါးက ပြတ်သွားသလို ဖြစ်သွားတာကိုး။ သို့သော် ရန်ကုန် တက္ကသိုလ်မှာလည်း တော်တော်ကြီးကို ပိုပြီးတော့ ကြိုးစားချင်တဲ့ စိတ်တွေ ရှိကြတယ်။ လူငယ်တွေကလည်း ပညာကို လိုလားတဲ့စိတ်တွေ တွေ့တယ်ပေါ့နော်။ အနဲဆုံး ကျွန်တော်သွားတဲ့ ဟောပြောတဲ့ နေရာတွေမှာ တချို့ဆို တထောင်ကျော် လောက်ကို လာတက်တယ် ကျောင်းသားတွေ။ စိတ်ဝင်တစားနဲ့ မေးကြတယ် ဆိုတော့ အားတက်စရာပေါ့နော်။

ဒါပေမယ့် တခုက သူတို့က ဘာပြောလဲ ဆိုတော့ ကျွန်တော်တို့မှာ ဒီမှာ စာရွက်စာတမ်းတွေ ဘာမှ မရှိဘူး။ paper တွေ ဖတ်လို့ မရဘူး။ အဲဒီတော့ research သုတေသနက ဘာတွေ ဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ မသိဘူးတဲ့။ ဒါပေမယ့် တချိန်ထဲမှာပဲ သူတို့ ကျွန်တော့်ကိုဘာမေးလဲ ဆိုတော့ ဆရာတဲ့ ဖေ့စ်ဘုတ် ရှိလားတဲ့။ ကျွန်တော်က ရှိတယ်လို့ပြောတော့ အဲဒါဆို ဖေ့စ်ဘုတ် ဘာလို့မသုံးသလဲတဲ့ ကျွန်တော်တို့ အားလုံးဖေ့စ်ဘုတ်သုံးတယ်။ ကျွန်တော်တို့ ဆက်သွယ်ချင်တယ်တဲ့။ ကျွန်တော်က ဖေ့စ်ဘုတ် အကောင့်တော့ရှိတယ် ဒါပေမယ့် ကြည့်ဖို့ အချိန်လုံးဝမရှိဘူးလို့ ပြောတယ်။ အဲဒီတော့ သူတို့ကို ကျွန်တော်မေးတယ် ခင်ဗျားတို့ ဖေ့စ်ဘုတ် ကြည့်ဖို့ အချိန်ရှိတယ်၊ ဘာလို့ စာကို ကြည့်လို့မရတာလဲ။ တကယ်ဆိုတော့ ဒီဆဲလ်ဖုံးတွေ အများစုက အခုဟာက iPhone - Samsung လို အားလုံးက အတူတူ အရည်သွေးကောင်းတာတွေမို့ပါ။

အခု ဒီ အမေရိကားလို နေရာမျိုးမှာ ကျတော့ စာကြည့်တိုက် ဆိုတာ မရှိတော့ဘူး။ ကျွန်တော်တို့ Ohio မှာ စာကြည့်တိုက်ကို ကျွန်တော်တို့က နံမယ်ပြောင်းလိုက်ပြီး museum ပြတိုက်ဆိုပြီးတော့။ ဘာလို့လည်း ဆိုတော့ အားလုံးက အွန်လိုင်း online ကပဲ ကြည့်ကြတော့တာ၊ စာတွေ အကုန်လုံးကို။ အဲဒီတော့ သူတို့ကို ကျွန်တော် ပြောပြတယ်။ သူတို့လက်ထဲမှာ information device ရှိတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ information အချက်အလက်တွေက လက်ထဲမှာ ရောက်နေတယ်။ အဲဒါကို ဘာလို့ အသုံးမချတာလဲ။ သူတို့ မျက်စိပွင့်အောင် ကျွန်တော် ရှင်းပြတယ်။ သုတေသန လုပ်ငန်းတွေက အားလုံး အွန်လိုင်းပဲ ကျွန်တော်တို့ publish လုပ်ရင် ထုတ်ဝေရင်။ ကျွန်တော်ဆို paper တောင် ပုံမနှိပ်တော့ဘူး။ အဲဒါကို ကျွန်တော်က ရှင်းပြပါတယ်။

နောက်တခုက သိပ္ပံနဲ့ ပတ်သက်တဲ့ ဓါတ်ခွဲခန်းထဲမှာ သုံးတဲ့ပစ္စည်းတွေ ဘာတွေလည်း သိပ်မရှိကြဘူးလို့ပြောပါတယ်။ ဒါပေမယ့် ပစ္စည်း မရှိတာထက် ကျွန်တော် မြင်တာကတော့ အဲဒီမှာ information ကို အဓိက ပြတ်နေတာပေါ့။ ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့ဟာ။ အင်ဖေါ်မေးရှင်းရတဲ့ စက် device က လက်ထဲမှာ ရှိနေပေမယ့် အဲ့ဒါကို အသုံးမချတတ်ဘူး။

ဘာ့ကြောင့်လည်း ဆိုတော့ သူတို့မသိကြလို့ဖြစ်မှာပါဆရာ။

ဟုတ်ပါတယ် အဲဒါကို ကျွန်တော်ပြောပြချင်ပါတယ်။ အဲဒါက ဘာမဟုတ်တာလေးနဲ့ အရမ်းကို အပြောင်းအလဲ ဖြစ်သွားနိုင်တာလေးပေ့ါနော်။ နောက် တကယ်ကို အဓိက ကျသွားနိုင်တာ တခုပါ။ ဒါကို သိစေချင်ပါတယ်။

နောက်တခုက တိုးတက်တဲ့ နိုင်ငံတွေမှာ တက္ကသိုလ်တွေမှာ ရှိတဲ့ ပါမောက္ခတွေက သီးခြားလွတ်လပ်ပါတယ် independent ဖြစ်ပြီး သူတို့ရဲ့ သုတေသနကို သူတို့ တည်ဆောက်ပြီးတော့ ကမ္ဘာနဲ့ ယှဉ်ပြိုင်ပြီးတော့ အလုပ်လုပ်ကြတယ်။ ကျွန်တော်တို့ ဆီမှာ ကျတော့ တက္ကသိုလ်တွေကို အထက်တန်းကျောင်းကြီး တွေလို သဘောထားပြီးတော့ နဲနဲ အောင်မြင်ဖို့ ရှိသေးတယ်၊ ရာထူးတိုးတာနဲ့ နယ်တက္ကသိုလ်ကို ပြောင်းမယ်။ ပြောင်းတဲ့အခါ ဟိုမှာက သုတေသန အလုပ်တွေ ဆက်လုပ်ဖို့ ဘာမှ မရှိတော့ဘူး။ အဲဒီအခါမှာ လုပ်လက်စတွေ အကုန်လုံး ပျက်စီးကုန်ပြီး ဒီအတိုင်းပဲ ပြန်ဖြစ်သွားတာမို့ သုတေသန လုပ်ငန်းက ဘာမှမတိုးတက် လာနိုင်တော့ဘူးပေါ့။ ဒါက အပစ်တင်တဲ့ သဘောမဟုတ်ပါဘူး။ ပညာရေးမှာ ပြောင်းလဲဖို့ လိုတဲ့ဟာပေါ့။

မြန်မာနိုင်ငံမှာ သိပ္ပံနဲ့ နည်းပညာ တိုးတက်ဖို့ ဆိုပြီး လူတိုင်းက ရည်ရွယ်ချက်တော့ ရှိကြတယ်။ ရှိပေမယ့် မတိုးတက်နိုင်ဖြစ်နေရတဲ့ အကြောင်းတွေထဲက အကြောင်း ၂ ခုကို ပြောသွားတာပါ။ အချက်အလက် ရှာပေးနိုင်တဲ့ ကရိယာ ဆဲလ်ဖုံးတွေ လက်ထဲ ရှိနေရက်နဲ့ အသုံးမချတတ်ကြတာနဲ့ တကယ်တမ်း သုတေသန လုပ်ရမယ့် တက္ကသိုလ်တွေလို နေရာမျိုးက ခဏခဏ အပြောင်းအရွှေ့လုပ်တာနဲ့ ကိုယ်ပိုင်သုတေသန မလုပ်ကြတာပါ။

ဟုတ်ပါတယ်။ မလုပ်နိုင်ကြတာပါ။ နောက်တခုက ကျွန်တော် သွားတဲ့ တက္ကသိုလ်တိုင်းကို ရောက်ရင် မေးကြတာက ဓါတ်ခွဲခန်းအတွက် စက်တွေ လိုနေတာမို့ သုတေသနအတွက် လိုချင်တယ် လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်မြင်တာက စက်က တပိုင်းပဲ ပါပါတယ်။ အဓိက အရေးကြီးတာက information အချက်အလက်ပါ။ ဒါက သိပ်ကို အဓိကကျပေမယ့် ဒီအပိုင်းကို လစ်ဟင်းနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ကိုယ်လုပ်နိုင်ရဲ့သားနဲ့။ မသိလို့ပေါ့နော်။

အထက်ကလည်း တမင်ပြောင်းတာမျိုး မဟုတ်ဖူး။ ရာထူးတက်တယ်ဆို နယ်မှာ လုပ်မဲ့ သူ မရှိဘုူး။ မြစ်ကြီးနားကိုသွား၊ မုံရွာသွား၊ပေါ့။ ဒါပေမယ့် မြစ်ကြီးနားမှာလဲ ဆရာတွေ လိုတာပဲ။ သူက တနိုင်ငံလုံးမှာ လိုတာကိုး။ ဒါ့ကြောင့် နယ်တွေမှာ လုပ်မယ်ဆိုရင် သူတို့ စိတ်ဝင်စားတာ၊ အခွင့်ထူးပေးတာတွေ လုပ်ရမယ်။ လခပိုတိုးပေးတာ၊ အခွင့်အလန်းတွေ ပိုပေးတာမျိုးပါ။ နယ်မှာ သွားလုပ်ချင်တဲ့ ဆရာတွေကို အခွင့်အလန်းပိုပေးတာဟာ၊ သူတို့ လည်း အဆင်ပြေအောင်ပေါ့။ အရေးကြီးတာက သူတို့တွေ သုတေသန လုပ်ငန်း အောင်မြင်လာတဲ့အခါ အဲဒီနေရာက မရွှေ့ပဲ ထားမှ ဖြစ်မှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ နောက်တနေရာကို ပြောင်းလိုက်ရင် သူလုပ်နေတဲ့ သူလုပ်ထားတဲ့ သုတေသနနဲ့ အားလုံး အဆက်ပြတ် ကုန်ပြီး တစ်ကနေလည်း ပြန်မစနိုင်တော့ လက်လျှော့ ကုန်ကြရော။ အဲဒီတော့ မအောင်မြင်တော့ ဘူးပေါ့။

ဒါဟာ သုတေသနကောင်းတွေ မထွက်ပေါ်ရတဲ့ ပြဿနာတွေ ထဲက တခု ဖြစ်ပါတယ်။

အဲဒါဟာ မသိလို့ဖြစ်တာပါ။ ပညာရေးဟာ အစိုးရပေါ်မူတည်ပါတယ်။

ဒါဟာ ဆရာတွေအပိုင်း ဖြစ်ပါတယ်။ ကျောင်းသားတွေအပိုင်းကို ကြည့်ရအောင်ပါ။

ကျောင်းသားတွေ အပိုင်းမှာ အားလုံးလိုလို - တရာ ရာခိုင်နှုန်းလောက်ရဲ့ လက်ထဲမှာ ဆဲလ် ဖုံးတွေ ရှိကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အံ့သြစရာ ကောင်းတဲ့ အချက်တခုပါ။ ဆဲလ်ဖုံးက ကျောင်းသားတိုင်း လိုလိုမှာ ရှိကြပါတယ်။ အကုန်လုံးဟာ တချိန်လုံး အဲဒါကို အသုံးချနေ ကြတယ် ဆိုတာတွေ့ရပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီဆဲလ်ဖုံးကို information အတွက် သုံးရ ကောင်းမှန်း မသိကြတာပါ။ ဆိုရှယ် လုူမှုရေး အတွက်ပဲ သုံးနေကြတာ များပါတယ်။ သူတို့ရဲ့ ပညာသင်တဲ့ learning information ဟာ အဲဒီထဲမှာ ရှိနေတယ် ဆိုတာကို မသိကြပါဘူး။ ဒါကို သိဖို့ လိုအပ်ပါတယ်။

နောက် တခုက ကျွန်တော် သွားပြောခဲ့တဲ့ တက္ကသိုလ် ၅ ခုမှာ ကွန်ပြူတာ တက္ကသိုလ့်က ကျောင်းသားတွေက ကြိုးစားကြတာ တွေ့ရပါတယ်။ သူတို့က သူတို့ ဘွဲ့ရပြီးရင် အလုပ်ရမယ် ဆိုတာသေချာတယ် ဆိုတာ သိကြပါတယ်။ သူတို့သင်နေတဲ့ ပညာကို တန်ဖိုးထားပါတယ်ဒါပေမယ့် ဒဂုံတို့ အနောက်ပိုင်း တို့က ကျောင်းသားတွေကကျတော့ ကိုယ့်ကိုယ်ကို မလေးစားကြပါဘူး။ ရမယ့် ဘွဲ့ကိုလည်း အထင်မကြီး ကြပါဘူး။ အထင်ကြီးစရာလည်း မရှိဘူး။ ဒီဘွဲ့က အလုပ်ရဖို့ မျှော်လင့်ချက် သိပ်မရှိဘူး ဆိုပြီး သဘောထားကြတာပါ။ ဒါဟာ မှားပါတယ်။ တကယ်ဆို ဘယ်ပညာကို မဆို လိုလိုလားလား သင်ယူဖို့လိုအပ်ပါတယ်။

လက်ရှိအခြေနေမှာ ကွန်ပြူတာ တက္ကသိုလ်လို ကျောင်းက ကျောင်းသားတွေဟာ ကျောင်းပြီးရင် အလုပ်သေချာ တာမို့ ဒီလိုအလုပ်အကိုင်သေချာတဲ့ ဘာသာရပ်ကိုသာ သင်ယူလိုသူ များနေပြီး တခြား ဘာသာရပ်တွေ ဖြစ်တဲ့ ဥပမာ သမိုင်းလို ဘာသာရပ်မျိုးကို စိတ်ဝင်တစား သင်ယူလိုသူ သိပ်မရှိပဲ ဖြစ်နေတာ တွေ့ရပါတယ်။

တကယ်တော့ သမိုင်းတို့ ပထဝီတို့လို ဘာသာရပ်မျိုးဟာ တကယ်တန်ဖိုးရှိတဲ့ ဘာသာရပ် တွေ ဖြစ်ပါတယ်။ တခြား ဘာသာရပ်တွေလည်း ထိုနည်းအတူဖြစ်ပါတယ်။ တကယ်က ကျောင်းသားလူငယ်တွေ အနေနဲ့ နားလည်ရမယ့် အရေးကြီးတဲ့ အချက်က ဘယ်ဘာသာရပ်ကို မဆို နက်နက်နဲနဲ သင်ယူကြဖို့ပါ။ အဆင့်မြင့် သထက် မြင့်ပြီး ဘာသာရပ်တခုမှာ ထိပ်ဆုံးအနေထား ထိရောက်အောင် သင်ယူ လေ့လာမယ် ဆိုရင် ဘာသာရပ်တိုင်းဟာ သိပ်ကို တန်ဖိုး ရှိလာတာ တွေ့ရမှာပါ။ ဘယ်ဘာသာရပ်မှာ မဆို ပါရဂူအဆင့် သူ့ဘာသာရပ်နဲ့သူ ကြိုးစားပြီး သုတေသနတွေ လုပ်နိုင်မယ် ဆိုရင် ရှေ့မှာ သိပ်အကျိုးရှိနိုင်ပါတယ်။

လက်ရှိမှာ ရန်ကုန်တက္ကသိုလ် အနေထား ပြောင်းသွားတာ တွေ့ရပါတယ်။ ဌာနတခုအတွက် ကျောင်းသား အယောက် ၅၀ စီပဲ လက်ခံတာ တွေ့ရပါတယ်။ ဒီအခါမှာ ဥပမာ ရူပဗေဒ ဌာန ကို သွား ကြည့်တဲ့ အခါ တနှစ်ကို ကျောင်းသား ၅၀ စီပဲလက်ခံတဲ့အခါ အတော်ဆုံးကျောင်းသားတွေ လာစုတာ တွေ့ရပါတယ်။ ဆေးကျောင်း မှတ်မှီတဲ့ လူကလည်း ရူပဗေဒကိုတကယ်ပဲ စိတ်ဝင်စားလို့ ဆေးကျောင်းမတက်ပဲ လာတက်တာ မျိုးပါ။ ဒီအခါမှာ ဒီကျောင်းသား မျိုးဟာ သူတို့ပညာကို သူတို့တန်ဖိုးထား ကြပါတယ်။ တကယ် ဝါသနာ ပါတဲ့ သူမှ လာတက်တာ မျိုး ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဒီလိုကျောင်းသားမျိုးတွေအတွက် ရှေ့မှာ လမ်းတွေက အများကြီးပွင့်နေပြီး တိုးတက်ဖို့ပဲ ရှိပါတော့တယ်။

ဒါပေမယ့် အနောက်ပိုင်း တက္ကသိုလ်တို့ ဒဂုံ တက္ကသိုလ်တို့ ဘက်ကို သွားကြည့်တဲ့အခါ အဲဒီမှာ ရှိတဲ့ ရူပဗေဒဌာနမှာ ကျောင်းသားက ၂၅၀၀ ရှိနေတာတွေ့ရပါတယ်။ ဒါဟာ တခြားနိုင်ငံတွေမှာ တခါမှ မကြားဖူးတဲ့ အရေအတွက်ပါ။

Ohio တက္ကသိုလ် မှာ ဆိုရင် ကျောင်းသားက ၇၀ ပဲ ရှိတယ်။ ပါမောက္ခက ၄၀ ကျော်ရှိတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ ဆရာကျောင်းသား ပုံမှန် အချိုးပါ။ အခု ၂၅၀၀ ဆိုတာ သိပ်ကို များနေတာပါ။ ဒါက ဘွဲ့တခု ရဖို့အတွက် လာတက်ကြတဲ့ သဘောဖြစ်နေပြီး ကျောင်းသားတွေကလည်း ဘာသာရပ်ကို တန်ဖိုး မထားကြ ပါဘူး။ တကယ်က ဒီလောက် များပြားတဲ့ ကျောင်းသားတွေကို တတ်အောင်လည်း မသင်ပေးနိုင်ပါဘူး။ ရူပဗေဒလို ဘာသာရပ်မျိုးဟာ ဓါတ်ခွဲခန်းတွေမှာ လက်တွေ့သင်ကြားရတာ များပါတယ်။ ဒါ့ကြောင့် ဒီလောက်များတဲ့ ကျောင်းသားတွေကို တကယ် တတ်အောင် သင်ပေးဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဒီလို လက်ခံ မယ့် အစား သူတို့ သင်ချင်တဲ့ ဘာသာရပ်တွေ ဥပမာ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ဘာသာရပ်မျိုးလို တခုခုကို သင်ခွင့်ရရင် သူတို့အတွက်လည်း အကျိုး ရှိနိုင်ပြီး ပိုကောင်းမှာ ဖြစ်ပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံမှာ ဆေးကျောင်း မှ ဆေးကျောင်း၊ ဆေးကျောင်းမရနိုင်မှာ အင်ဂျင်နီယာ၊ ပြီးမှ ကျန်တဲ့ ဘာသာရပ်တွေ ကို သင်ကြားဖို့လျှောက် ထားလေ့ ရှိကြပါတယ်။ တကယ်က နိုင်ငံ တနိုင်ငံမှာ တိုးတက်ဖို့အတွက် ဘက်စုံတိုးတက်မှ တိုးတက်တာပါ။ ဆရာဝန်တွေနဲ့ ချည်း နိုင်ငံ တည်လို့ မရပါဘူး။ ရှေ့ရှောက် မြန်မာနိုင်ငံမှာ တိုးတက်လာ ရင် ဒီလို ဘာသာရပ်မျိုးစုံ အများကြီး လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်ဘာသာရပ်မဆို အားလုံးအရေးကြီးတယ် ဆိုတာ သိကြဖို့ လိုအပ်ပါတယ်။ ဒီ့အတွက် ဒါကို အားပေးဖို့လို အပ်ပါတယ်။