စုပေါင်းလယ်ယာ လုပ်နိုင်မလား

စုပေါင်းလယ်ယာ လုပ်နိုင်မလား Myanmar Farm (Photo credit to Pioneer Agrobiz)

တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ တိုးတက်လာစေဖို့ စက်မှုလယ်ယာ ပြောင်းတဲ့အခါ လယ်ကွင်းတွေရဲ့ အနေအထားက ဘယ်လောက်အရေးပါ ပါသလဲ။ ဆန်အများအပြား တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံတွေထဲက အိမ်နီးချင်း ဗီယက်နမ်မှာ လယ်ကွင်းတွေရဲ့ အနေထားကအစ ပြောင်းလဲပစ်ခဲ့တဲ့ အကြောင်း မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းက ဦးမျိုးအောင်ကျော်က ပြောပြပေးမှာပါ။

Your browser doesn’t support HTML5

စုပေါင်းလယ်ယာ လုပ်နိုင်မလား

တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ တိုးတက်လာစေဖို့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာပြောင်းတဲ့အခါ လယ်ကွင်းတွေရဲ့ အနေအထားက ဘယ်လောက် အရေးပါ ပါသလဲ။ ဆန်အများအပြား တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံတွေထဲက အိမ်နီးချင်း ဗီယက်နမ်မှာ လယ်ကွင်းတွေရဲ့ အနေထားကအစ ပြောင်းလဲပစ်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်းက ဦးမျိုးအောင်ကျော်က ပြောပြပေးမှာပါ။

ဦးမျိုးအောင်ကျော် ။ ။ “အဲဒါနဲ့ ပတ်သက်ပြီးတော့ ဗီယက်နမ်နိုင်ငံမှာ ကျွန်တော် လေ့လာဖူးတယ် ခင်ဗျ။ Small farmers large field model ဆိုပြီးတော့ သူတို့ အစီစဉ်လေးတွေ လုပ်တယ်။ အဲဒါကတော့ ဗီယက်နမ်ရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကနေပြီးတော့ သူတို့က ဘာလုပ်သလဲ ဆိုတော့- ရွာတွေမှာ သူတို့က commune လေးတွေရှိတယ်။ ကျေးရွာအဖွဲ့အစည်းလေးပေါ့။ တောင်သူလယ်သမား အဖွဲ့အစည်းလေးတွေပေါ့နော်။ အဲဒီဧရိယာတွေမှာ ဥပမာ ဟက်တာ တထောင် ၂ ထောင်လောက်ပေါ့။ ဧကအားဖြင့်ဆိုရင် ၂ ထောင်၊ ၂၅၀၀ လောက်။ အဲဒါမျိုး လယ်သမားတွေကို စည်းရုံးပြီးတော့ လယ်သမားတွေအတွက် မြေတွေကို အကုန်ပြုပြင်ပေးတယ်။

အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်က - အဲဒီက ညွှန်ကြားရေးမှူးတယောက်ကို မေးတယ် ပေါ့နော်။ ခင်ဗျားတို့ ဒီလိုလုပ်လိုက်တဲ့ အခါကျတော့ သူတို့ရဲ့ လယ်ပိုင်ဆိုင်မှု ကလည်း အဲဒီလိုပဲ ဧကလေးတွေ နဲနဲလေးပဲ ဖြစ်တဲ့အခါကျတော့ ပြဿနာမတက်ဘူးလား။ ပြောလိုက်တော့ တက်တာပေါ့တဲ့။ တော်တော်ကို လုပ်ယူရတယ်တဲ့။ တခါတလေ ညှိရတာ တော်တော်ခက်တယ်ပေါ့နော်။ ဒါပေမယ့် ဒီလိုစံနစ်တကျ သူတို့ ထိန်းကျောင်း ပြီးတော့ ဒီအဖွဲ့တွေကို သူတို့ collected farming လုပ်လိုက်တဲ့အခါကျတော့ ထောင်နဲ့ ချီတဲ့ လယ်ဧကကြီးက လုပ်ငန်းရှင်တွေအတွက် မျက်စိကျစရာ ဖြစ်လာတယ်။”

လယ်မြေဧက နည်းနည်းပိုင်ဆိုင်တဲ့ လယ်သမားတွေ စုပေါင်းပြီး စုပေါင်းလယ်ယာအဖြစ် လုပ်ကိုင်ကြတဲ့အခါ ကြီးမားတဲ့လယ်ကွင်းအဖြစ် ပြောင်းသွားပြီး အကျိူးကျေးဇူး ခံစားကြရ တာပါ။ ဗီယက်နမ်လယ်ယာတွေ စုပေါင်းလယ်ယာ အဖြစ်ရောက်သွားတဲ့အခါ သူတို့ရဲ့ တိုးတက်မှုအတွက် အရင်းအနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်တွေဘက်က ဘယ်လိုမျက်စိကျ စရာတွေ ဖြစ်လာတာပါလဲ။

ဦးမျိုးအောင်ကျော် ။ ။ “သူတို့က အုပ်စုလိုက်ဖြစ်တဲ့အတွက်ကြောင့် ဥပမာ ဝန်ဆောင် မှု ပေးတဲ့ လယ်ယာသုံး ကရိယာလို၊ ဝန်ဆောင်မှုပေးတဲ့ ထွန်စက်ကုမ္ပဏီတွေ၊ မြေပြင် တဲ့ ကိစ္စတွေအကုန်လုံး အုပ်စုလိုက်သူတို့ ကန်ထရိုက်သဘောမျိုး လုပ်လို့ ရသွားတယ်။ နောက် ကောက်စိုက်ချိန် ကျလို့ရှိရင်လည်း ကောက်စိုက်တဲ့စက်တွေနဲ့ စိုက်မယ်။ မစိုက်ရင်လည်း ကြဲခင်းပေါ့နော်။ - ပြီးရင် မြေသြဇာကုမ္ပဏီတွေ ကလည်း သူတို့နဲ့ စာချုပ် ချုပ်တယ်။ ဘဏ်တွေကလည်း ဒီလိုအုပ်စုလိုက် ဖြစ်တဲ့အခါကျတော့ ငွေကြေး ပိုင်းမှာ အစ သူတို့ရဲ့ ခိုင်မာမှုတွေရှိလာတဲ့ အခါကျတော့ ငွေချေးချင်လာတယ်။ နောက်ပြီး ရိတ်တဲ့သိမ်းတဲ့ အချိန်ဆိုလည်း ကုမ္ပဏီကြီးတွေက သူတို့နဲ့ စာချုပ်ချုပ် ပြီးတော့ အချိန်နဲ့တပြေးညီချုပ်- ချုပ်ပြီးတော့ ဝန်ဆောင်မှုတွေ ပေးတယ်။ ထွက်လာတဲ့ စပါးကို သူတို့ရဲ့ ပိုင်ဆိုင်မှုအရ၊ သူတို့ရဲ့ ဆုံးဖြတ်ချက်အရ- ဥပမာ တဧက ပိုင်တဲ့သူက သူတို့အချိုးက ဘယ်လောက်ရာခိုင်နှုန်း၊ ဧကများတဲ့သူတွေက ဘယ်လိုပေါ့။ အဲဒီမှာ စီမံခန့်ခွဲတဲ့အဖွဲ့ကနေပြီးတော့ လုပ်ငန်း အစအဆုံးကို သူတို့က စီမံခန့်ခွဲတယ်။ အဲဒါကို ဒီဌာနကနေပြီးတော့ ထိန်းကျောင်းပြီးတော့ ငွေရေးကြေးရေးကို ဘယ်လို စီမံခန့်ခွဲရ သလဲ အကုန် သင်တန်းတွေ ပေးပြီး လုပ်ပေးတာပေါ့လေ။”

“နောက်တခုက ဒါတွေအတွက်ကို ဆုံးရှုံးမှု မရှိအောင်လည်း သူတို့ဘက်က insurance program အာမခံပေးတဲ့ အစီအစဉ်တွေနဲ့ သူတို့က ထိန်းထားတယ်။ အဲဒါမျိုး ကလေးတွေ လုပ်ပြီးတော့ ထွက်လာတဲ့ စပါးသည်လည်း export ကုမ္ပဏီတွေက သူတို့နဲ့ တခါတည်း စာချုပ် ချုပ်ပြီးတော့ ဈေးနှုန်းကအစ အာမခံချက်တွေ ရှိလာတဲ့ အခါကျတော့ - ကန်ထရိုက်စံနစ်တွေ ဖြစ်လာတာပေါ့နော်။ ဒါမျိုးလေးတွေက ကျွန်တော်တို့ ဆီမှာလည်း မဖြစ်နိုင်စရာ မရှိဘူးလို့ ကျွန်တော်မြင်တာပေါ့။”

မြန်မာနိုင်ငံမှာ တချို့ဒေသတွေဆိုရင် စက်တွေကို အသုံးပြုလာတာရှိပေမယ့် အားလုံးကို ခြုံကြည့်ရင်တော့ လက်မှုလယ်ယာအဆင့်မှာပဲ ရှိနေသေးတာပါ။ ဒီလိုလက်မှုလယ်ယာ အခြေနေကနေ တိုးတက်လာရေးမှာ လယ်ကွင်းတွေရဲ့ အနေထားကို ပြောင်းပစ်ဖို့ လိုနေ တာမို့ လက်ရှိအစိုးရက အခုအခါ မိရိုးဖလာ လုပ်ကွက်ငယ် လယ်မြေတွေကို စက်မှု လယ်ယာ စံနစ်တကျဖေါ်ထုတ်ဖို့ ရေတိုရေရှည် စီမံကိန်းတွေချ ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိလယ်ယာမြေတွေဟာ စိုက်ပျိုးဖို့အတွက် ရေဝင်ရေထွက် မကောင်းတာကစပြီး ဆန်စပါး သယ်ယူပို့ဆောင်ရေး အတွက်ပါ လမ်းကောင်းကောင်း မရှိတာလိုမျိုး ပြုပြင် စရာတွေက အများကြီး ရှိနေသေးတာပါ။

“ပိုင်ဆိုင်မှုတွေကို တချို့က မက်ပြီးတော့ အဲဒါလေးကို ထိန်းသိမ်းပြီးတော့ မပြုပြင် မပြောင်းလဲချင်တဲ့ အခါကျတော့၊ တချို့တလေကလည်း တော်တော် ခက်ခက်ခဲခဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါပေမယ့် အဲဒီလို ညှိနှိုင်းပြီးတော့၊ အကွက်စံနစ် တကျ ဖေါ်လိုက်တဲ့ အခါကျတော့ မိမိလယ်ကွက်ကို မိမိ အချိန်နဲ့ တပြေးညီ ဝင်လို့ထွက်လို့ ရတယ်။ စက်တွေလည်း ဝင်လို့ ထွက်လို့ ရတယ်။ အဲဒီသဘောမျိုးပါ။”

“ဗီယက်နမ်မှာဆိုလည်း အဲဒါ သူတို့တွေ အနေနဲ့ တသက်လုံး မရဘူူးတဲ့ပိုက်ဆံတွေကို ရလာကြတယ်။ ဆိုတော့ သူတို့အများကြီး အလုပ်လုပ်လို့ ရသွားတယ်ပေါ့လေ။ ကျွန်တော်ဆို အဲဒီမှာ ကြည့်ခဲ့တဲ့ လယ်ကွက်တွေဆိုရင် ဟိုတုန်းကဆို သေးသေးလေး တွေ အကွက်ကလေးတွေ။ နောက်ပိုင်းကျတော့ တကယ့် ဟက်တာကွက်ကြီးတွေများ အဲဒီမှာ ယဉ်တစီးမောင်းနေရင် ပြပြလေးပဲ မြင်ရတော့တဲ့ အခြေနေ အထိကို သူတို့ အကွက်တွေက ကြီးကုန်တာ။ အဲဒီတော့ ဘာပဲပြောပြော အလေအလွင့် တွေ နည်းသွားတယ်။ စွမ်းဆောင်ရည်တွေ ပိုကောင်းလာတဲ့ အခြေအနေကို ကြုံလာတယ်။ လုပ်ငန်းတွေ တွင်ကျယ်လာတယ်။ ဒီအားသာချက်တွေက ဗီယက်နမ်နိုင်ငံက အခု အခါမှာ သူတို့က ဆန်တန်ချိန် ပေါင်း ၇ သန်းလောက် တင်ပို့လာနိုင်တယ်ဆိုတာ ယုံမှား သံသယ ရှိစရာကို မလိုဘူး။ ဒါမျိုးကို ကျွန်တော်တို့တွေ ဖြစ်စေချင်ပါတယ်ခင်ဗျ။”

လယ်ကွက်တွေကို စံနစ်တကျနဲ့ အကွက်ဖေါ်ပြီးတော့ စိုက်ပျိုးဖို့အတွက် အစိုးရက တာဝန်ခံပြီးတော့ လုပ်ပေးရမှာ ပေါ့နော်။

“ဟုတ်တယ်ခင်ဗျ။ အစိုးရက လုပ်ပေးတယ်။ အဲဒီနေရာမှာတော့ ကမ္ဘာ့ဘဏ်တို့ ADB တို့ရဲ့ အကူအညီတွေလည်း သူတို့ရယူတာပေါ့နော်။ နောက် သူတို့မှာ နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုတွေ အကူအညီတွေက ကျွန်တော်တို့ မြန်မာနိုင်ငံ ပြီးခဲ့တဲ့ အစိုးရ လက်ထက်လောက်ကတည်းက သူတို့မှာ ဒီလိုအခွင့်ရေးတွေ တော်တော်ရ နေတာပေါ့နော်။ ဒါကြောင့်မို့လည်း သူတို့တွေ အရမ်းတိုးတက်သွားတာပေါ့။”

လယ်ယာမြေကို အကွက်ချစိုက်ပျိုးပြီး အထွက်တိုးလာချိန်မှာ ရလာတဲ့စပါးတွေ မပျက်စီးေ စဖို့ အခြောက်ခံစက်တွေ သုံးတာဟာ အကောင်းဆုံးနည်း ဖြစ်ပါတယ်။ ဆန်စက်တွေမှာ အခြောက်ခံစက်တွေသုံးပြီး စပါးတွေမပျက်စီးအောင် အချိန်မှီလုပ်ပေးနိုင်သလို လယ် သမားတွေကလည်း တနိုင်တပိုင် အခြောက်ခံစက်တွေသုံးပြီး ကိုယ့်ထွက်ကုန် မပျက်စီး အောင် ကာကွယ်နိုင်တာပါ။ ဒီနေရာမှာ အရင်းအနှီးက စကားပြောတတ်ပေမယ့် စုပေါင်းလယ်ယာစံန စ်နဲ့ လုပ်တဲ့အခါ လယ်သမား တဦးချင်းစီအတွက် ငွေရင်းသိပ်စိုက်စရာ မလိုဘဲ အလုပ်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

“လယ်သမားတွေ အတွက် ဆိုရင်တော့ ကျွန်တော်တို့ ဘာလုပ်ပေးနိုင်သလဲ ဆိုတော့၊ ဥပမာ ကျွန်တော်တို့ အခုတည်ဆောက်ပေးနေတဲ့ အခြောက်ခံစက်တွေသည် တန်ဖိုးသိပ်မမြင့်မားပါဘူး။ အဲဒီနေရာမှာ ကျေးရွာအလိုက်ပေါ့နော်။ owenership ပေါ့ ဥပမာ-လယ်သမား ဆယ်ယောက် စုပေါင်းပြီး ရင်းနှီးမြှုပ်နှံမလား။ ဆယ့်ငါးယောက် ရင်းနှီးမြှုပ်နှံမလား။ အဲဒီအခါကျတော့ ဘာပဲပြောပြော တယောက်ကို ဝန်ထုပ်ဝန်ပိုး ဘာမှမဖြစ်တော့ဘူး။ အားလုံးသဘောတူညီချက်နဲ့ ဒီဟာကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာပဲ ညှိနှိုင်းဖို့ လိုပါတယ်။ ဒါမျိုးလေးတွေ စုပေါင်းပြီးလုပ်လိုက်ရင် တယောက်မှ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်မှ မလိုပါဘူး။ ဒါတွေက လုပ်နိုင်ပါတယ်။”

“နောက်တခုက အခုအခါမှာ ဖြစ်နိုင်ခြေက တချို့သော နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ငွေကြေး ထောက်ပံ့ပေးတာတို့ ဒါတွေက အခွင့်အလန်းတွေ ရှိလာပါပြီ။ နောက်တခုက ကျွန်တော်တို့- SME နဲ့ ပတ်သက်တဲ့ လယ်သမားတွေအနေနဲ့ ဖြစ်နိုင်ခြေက သူတို့အနေနဲ့ ဒီလုပ်ငန်းကို ဘယ်လို အကောင်ထည် ဖေါ်မလဲ ဒီငွေကြေးက ဘယ်လောက် ကာလအတွင်းမှာ ပြန်ရမလဲ။ ဒါလေးတွေက - ဘဏ်တွေဆိုလဲ ဒါက ပံ့ပိုးပေးလို့ရတဲ့ အခြေနေတွေ ရှိလာပါပြီ။ အဲဒီတော့ သူတို့အနေနဲ့ တစ်အချက်က လုပ်ချင်စိတ်ပဲ ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်က နည်းပညာပိုင်းတွေရော၊ ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဘယ်လိုအကျိုးရှိအောင်လုပ်မလဲ ဆိုတာ package လိုက်ကို ကျွန်တော်တို့ပညာပေးလို့ရတယ်။ သင်ပေးလို့ရတယ်။ ဆောက်ပေးလို့ရတယ်။”

ဦးမျိုးအောင်ကျော်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ နိဂုံးချုပ်ပါရစေ။