Your browser doesn’t support HTML5
အာကာသဟင်းလင်းပြင်ထဲကိုကြည့်ရင် ကမ္ဘာနဲ့ဝေးတဲ့ နေရာမှာရှိတဲ့ ကြယ်တွေ ဂြိုဟ်တွေကို မျက်စိနဲ့ ရေးရေးမြင်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာနဲ့သိပ်မဝေးတဲ့ ကမ္ဘာပတ်လမ်းထဲမှာရှိတဲ့ လူတွေပစ်တင်ထားတဲ့ အမှိုက်တွေကိုတော့ သတိထားမိကြမှာ မဟုတ်ပါဘူး။ အာကာသထဲမှာ အမှိုက်အဖြစ် သွားပြီးစုပုံနေတဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်ကို နာဆာ အာကာသစူးစမ်းရေးဌာနက ဒေါက်တာပဒေသာတင်က ပြောပြပေးမှာပါ။
အမှိုက်ဖြစ်လာမယ့် စွန့်ပစ်ပစ္စည်းတွေ အာကာသထဲ ဘယ်လိုရောက်လာတယ်ဆိုတာက စပြီး ကြည့်ရအောင်ပါ။
ဒေါက်တာပဒေသာတင်။ ။ “၁၉၅၇ ခုနှစ် လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်က ရုရှားကနေပြီးတော့ ပထမဦးဆုံး အောင်မြင်စွာ sputnik ဆိုတဲ့ ဂြိုဟ်တုကို ပစ်တင်ခဲ့တယ်။ အဲ့ဒီ အချိန်ကစပြီး ကမ္ဘာပေါ်က နိုင်ငံပေါင်း ၄၀ ကျော်ကနေ တင်ထားတဲ့ ဂြိုဟ်တုတွေ အားလုံးပေါင်း ၇ ထောင်လောက် ရှိပါတယ်။ ၂၀၁၃ ခုနှစ် ခန့်မှန်းချက်အရဆို ၇၀၀၀ လောက်ရှိတဲ့အထဲက ၃၅၀၀- ၃၆၀၀ လောက်က ကမ္ဘာကိုပတ်နေဆဲပါ။ ဒါပေမယ့် တထောင်ကျော်လောက်ကပဲ တကယ်တမ်း အလုပ်လုပ် နေတဲ့ ဂြိုဟ်တုတွေ ဖြစ်ပါတယ်။ ကျန်တဲ့ ၂၅၀၀ လောက်က ဘက်ထရီအားကုန်သွားတာ၊ စက်ချို့ယွင်းသွားတာ လို သုံးလို့မရတဲ့ ဂြိုဟ်တုတွေ ဖြစ်သွားပါတယ်။ ”
“ဂြိုဟ်တုတင်မကပါဘူး၊ တင်ထားတာတွေက အာကာသလေ့လာရေး သုတေသန ကရိယာတွေ ပါပါတယ်။ ဥပမာအားဖြင့် Hubble အာကာသ မှန်ပြောင်း၊ နောက် အင်္ဂါဂြိုဟ်တို့ ဘာတို့ကို လွှတ်တင်ထားတဲ့ အင်္ဂါဂြိုဟ်ပတ်လမ်းထဲက ဂြိုဟ်တုတွေလည်း ပါတယ်။ ဒါတွေ အကုန်လုံးက အာကာသထဲ ရောက်နေတဲ့ အလုပ်လုပ်နေတာရော အလုပ်လုပ်မနေတဲ့ သိပ္ပံပစ္စည်းတွေပါ။ အဲဒီထဲမှာ သုံးလို့မရတဲ့ ပစ္စည်းတွေ၊ ပျက်သွားတဲ့ ပစ္စည်းတွေ၊ အပိုင်းအစတွေ၊ အာကာသထဲကို လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုရဲ့ နောက်ဆုံးအဆင့် ပစ္စည်းတွေ၊ နောက် ဂြိုဟ်တု အပိုင်းအစတွေ၊ အာကာသလေ့လာ စူးစမ်းရေး သုတေသန၊ ဥပမာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း International Space Station က မသုံးတော့တဲ့ ပစ္စည်းတွေ၊ ပိုလျှံတဲ့ ပစ္စည်းတွေကို အာကာသထဲ ပစ်ထုတ်လိုက်တယ်။ အဲဒါတွေက အရမ်းများလာပါတယ်။”
အာကာသထဲမှာ အမှိုက်ပမာဏက ဘယ်လောက်ရှိ နေပါသလဲ။
ဒေါက်တာပဒေသာတင်။ ။ “အခုလောလောဆယ် လက်သီးဆုပ်ပမာဏလောက် ရှိတဲ့ ကမ္ဘာကနေပြီးတော့ လှမ်း ပြီးတော့ မှန်ပြောင်းတွေနဲ့ သေချာ track လုပ်ပြီးတော့ သူတို့သွားတဲ့ လမ်းကြောင်းတွေ သေချာလိုက်ကြည့် လို့ ရတဲ့ဟာ၊ လက်သီးဆုပ်ပမာဏ ထက်ကြီးတဲ့ဟာကတင် တသောင်း ရှစ်ထောင်၊ ၂ သောင်းလောက် ရှိတယ်။ ဒါကို ကမ္ဘာ့ပေါ်က နိုင်ငံတော်တော်များများကနေ လိုက်ပြီး သူတို့ အမှိုက်သွားလမ်းကို လိုက်ပြီး track လုပ် နောက်ယောင်ခံ လိုက်ကြည့်နေပါတယ်။ လက်သီးဆုပ်ထက် သေးတဲ့ တလက်မ လက်မဝက်လောက်ကနေ လက်သီးဆုပ်လောက်ရှိတဲ့ စွန့်ပစ် ပစ္စည်း အလေအလွင့် အမှိုက်တွေက အားလုံးပေါင်း ၅ သိန်း မက ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ”
ဒီအာကာသ ထဲက အမှိုက်တွေရဲ့ အန္တရာယ်က သိပ်မသေးလှပါဘူး။
ဒေါက်တာပဒေသာတင်။ ။ “ခက်တာက သူတို့က ဒီအတိုင်း နေတာ မဟုတ်ဖူး။ သူတို့က ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပတ်နေတဲ့အတွက် ကမ္ဘာအထက် မိုင် ၂၀၀ နဲ့ ၅၀၀ ကြားလောက်မှာ ပတ်နေတဲ့အခါမှာ သူ့ရဲ့ အရှိန်က တနာရီကို မိုင် တသောင်းရှစ်ထောင်နှုန်းနဲ့ လည်ပတ်နေပါတယ်။ ဆိုတော့ တချိန်ကျလို့ ရှိရင်တော့ ကမ္ဘာ့ဆွဲအားနဲ့ တဖြေးဖြေး ကမ္ဘာ့လေထုထဲရဲ့ မိုင် ၂၀၀ အောက်ကို ရောက်လာတာနဲ့ သူက ကမ္ဘာကို ပတ်ပြီး ပြန်အကျမှာ အတော်များများက ကမ္ဘာလေထုထဲက မြူမှုန်တွေနဲ့ တိုက်ပြီးတော့ မီးလောင်ပြီး ပျက်ကျ သွားပါတယ်။ ဒါပေမယ့် အားလုံး လောင်ကျွမ်းမသွား ပဲနဲ့ ကမ္ဘာကို ပြန်ကျလာတဲ့ အပိုင်းအစလေးတွေ ရှိပါတယ်။ အဲဒီတော့ ပြန်ကျလာတဲ့ အပိုင်းအစတွေက ထုတည် ကြီးပြီး အရှိန်ကြီးမားစွာနဲ့ အောက်ကို ပျက်ကျတဲ့အတွက် ကမ္ဘာပေါ်က လူသားတွေနေထိုင်ရာ ဝန်းကျင်မှာ အသက်အိုးအိမ် အတွက် အန္တရာယ် အများကြီး ရှိပါတယ်။ ရှိလည်းရှိခဲ့ပါတယ်။ ရှိလည်း ရှိအုံးမှာပါ။”
လွှတ်တင်ထားတဲ့ ပစ္စည်းတွေ အာကာသထဲမှာပဲ ပျက်စီးနိုင်သလို နောက်ထပ် ထပ်ပြီး လွှတ်တင်စရာ နေရာ မရှိတဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။
ဒေါက်တာပဒေသာတင်။ ။ “လွှတ်တင်ထားတဲ့ ဒီ လည်ပတ် အလုပ်လုပ်တဲ့ ဂြိုဟ်တုတွေ၊ ဒီသိပ္ပံပစ္စည်းတွေဟာ တခုနဲ့တခု တိုက်မိတာ၊ ဒါမှမဟုတ် အရင် အလေအလွင့် တွေနဲ့ အခု လည်ပတ်နေတဲ့ ဂြိုဟ်တုတွေ၊ သိပ္ပံကရိယာ၊ သုံးနေသေးတဲ့ စက်ပစ္စည်းတွေ နဲ့ တိုက်မိတဲ့ အခါကျလို့ ရှိရင် ဒီသုံးနေတဲ့ ပစ္စည်းတွေက ပျက်သွားပါတယ်။ ဥပမာ အားဖြင့် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က Hubble အာကာသ စူးစမ်းလေ့လာရေး မှန်ပြောင်းမှာ သူ့မှန်က အချိန်အဆက လွဲနေတဲ့ အတွက် ကမ္ဘာပေါ်ကို ပြန်ယူလာပါတယ်။ ကမ္ဘာကို ရောက်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ အဲဒီမှာ Hubble telescope ရဲ့ အဝေးကြည့်မှန်ပြောင်းကို အလုပ်လုပ်ဖို့အတွက် ဆိုလာပြားတွေ ရှိတယ်။ အဲဒီ ဆိုလာပြားတွေက ပဲ့နေတာတွေ ပေါက်နေတာတွေ တွေ့ရပါတယ်။ ဘာကြောင့်လည်း ဆိုရင် အဲဒီ အာကာသထဲကို ရောက်နေတဲ့ ခုနက ဂြိုဟ်တုတွေ၊ စက်ပစ္စည်းတွေ၊ အပိုင်းအစတွေကနေ အရှိန်နဲ့ တိုက်မိပြီး ပျက်ကုန်တာ။”
“အဲဒီတော့ တချိန်ကျလို့ရှိရင် အာကာသ စူးစမ်းလေ့လာရေး လုပ်ဖို့ အတွက် ဂြိုဟ်တုတွေက နောင်လည်း တင်နေအုံးမှာပဲ။ မိုးလေဝဿ လေ့လာရေး အတွက် သော်လည်းကောင်း၊ သိပ္ပံပညာ လေ့လာရေးအတွက်၊ အာကာသ လေ့လာရေးအတွက် ဒါမှမဟုတ် စက်မှု လက်မှု နည်းပညာ တိုးတက်ဖို့အတွက်၊ နောက်ဆိုရင် အာကာသထဲမှာ စက်ရုံတွေ ထောင်ကြအုံးမှာပါ။ ဒါ့အပြင် နိုင်ငံတိုင်း နိုင်ငံတိုင်းက ဆက်သွယ်ရေး ဂြိုဟ်တုတွေကို လွှတ်တင်နေပါပြီ၊ မြန်မာပြည်ကလည်း လွှတ်တင်တော့မယ် ထင်ပါတယ်။ အဲဒီတော့ ဒါတွေ သိပ်များလာ လို့ ရှိရင် များလာတာနဲ့ အမျှ သူတို့ပျက်သွား လို့ရှိရင် ဒီအတိုင်းပဲ ထားလို့ မရတော့ဘူး။ နောက်ထပ်လွှတ်တင် စရာ နေရာလည်း မရှိတော့ဘူး။ အောက်ကို ပြန်ကျရင်လည်း လူတွေအတွက် ဒုက္ခရောက်မယ် ဆိုတာကို နိုင်ငံတော်တော် များများက အရမ်း စဉ်းစား လာကြပါပြီ။”
အခုတော့ ဒီအာကာသ အမှိုက်တွေကို ရှင်းလင်းဖို့ ကြိုးစားနေပါပြီ
ဒေါက်တာပဒေသာတင်။ ။ “ဒီအာကာသ အမှိုက်သရိုက် ပစ္စည်းတွေကို ဘယ်နည်းဘယ်ပုံနဲ့ အာကာသထဲ မှာပဲ ရှင်းလင်းပြီး ထုတ်ပစ်လိုက်မလဲ၊ ဂြိုဟ်တု အဟောင်းအပျက် ပစ္စည်းတွေကို ကမ္ဘာ့ လေထုထဲကို စိတ်ချရတဲ့ နေရာကို ပြန်ဆွဲလာပြီးတော့ မီးလောင်ပြီး ပျက်ကျသွားတဲ့အထိ စိတ်ချရတဲ့ နေရာကို ရောက်တဲ့အထိ ဘယ်လို ဆွဲချရမလဲ၊ ဆိုတဲ့ နည်းတွေကို အများကြီး အသုံးပြုနေကြပါပြီ။”
“ဒီပစ္စည်းတွေကို ဘယ်နည်းနဲ့ ဖယ်မလဲ။ ဆိုတာကို စပြီးတော့ သုတေသန လုပ်တာက ကြာပါပြီ။ ဆယ်နှစ် ၁၅ နှစ် မကတော့ပါဘူး။ အဲဒီထဲမှာ အမေရိကန်နိုင်ငံက University of Colorado က လုပ်တာက Pulsed Electron Gun လို့ခေါ်ပါတယ်။ သူက အီလက်ထရွန်တွေ အင်အားပေါင်း မြောက်များစွာနဲ့ ပျက်နေတဲ့ ဂြိုဟ်တုတွေ အစိတ်အပိုင်းတွေကို သူကလှမ်းပြီးတော့ ပစ်လိုက်ပြီးတော့ အဲဒီနေရာကနေပြီးတော့မှ အရှိန်နဲ့ အောက်ကို ပြန်ထိုးကျသွားအောင် ဖြုတ်တဲ့နည်းကို သူတို့အခု စဉ်းစားနေပါတယ်။”
“ဥရောပအာကာသစူးစမ်းရေးအဖွဲ့ ကလည်း ထုထည် သိပ်ကြီးတဲ့ ဂြိုဟ်တု အဟောင်းတွေကို သူတို့ လှမ်းပြီးတော့ ဖမ်းယူပြီးတော့ ကမ္ဘာ့လေထု မိုင် ၂၀၀ နီးပါးလောက်ကို ဆွဲယူလာပြီး မီးလောင်ပြီး ပျက်ကျသွားအောင် လုပ် တဲ့နည်း ၂၀၂၃ ခုနှစ်မှာ စမ်းသပ်မှာ ဖြစ်ပါတယ်။ ဂျပန်အာကာသအေဂျင်စီ JAXA ကလည်း အီလက်ထရို ဒိုင်နမစ်နည်းနဲ့ သံလိုက်စက်ကွင်း နဲ့ ညှို့ပြီး အဲဒီသံထည် တွေကိုဆွဲယူ လိုက်ပြီးတဲ့အခါကျတော့မှ လွှတ်ချတာမျိုး၊ တချို့ကျတော့လည်း ဂြိုဟ်တု အဟောင်းတွေကို မှိန်းနဲ့ ထိုးလိုက်မယ်။ နောက် ဂြိုဟ်တု တခုကနေ သူ့ကို လမ်းကြောင်းမှန်တဲ့ နေရာကို ဆွဲယူသွားပြီး ပျက်စီး သွားအောင် လုပ်တဲ့နည်း၊ နောက်တနည်းက ပိုက်ကွန်ကြီးတွေနဲ့ မိုင် ၅၀ - တရာလောက် ရှိတဲ့ ပိုက်ကွန်ကြီးတွေနဲ့ သယ်သွားပြီး တနေရာ ကျတော့မှ ကမ္ဘာပတ်လမ်းကြောင်းထဲ မီးလောင်ပြီး ပျက်စီး သွားဖို့ အတွက်ကို ကြိုးစားနေကြပါတယ်။”
ဒေါက်တာပဒေသာတင်ပါ။