အာကာသထဲ အပင်စိုက်မယ်

Mizuna lettuce growing aboard the International Space Station. Image credit-NASA

အာကာသခရီးရှည်သွားကြမယ့် နောင်ခေတ်လူသားတွေ အတွက် သူတို့စားသုံးဖို့ လိုတဲ့ အပင်တွေကို ဆွဲငင်အား မရှိတဲ့ နေရာမှာ ဘယ်လိုစိုက်ကြမယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

Your browser doesn’t support HTML5

အာကာသထဲ အပင်စိုက်မယ်

အာကာသခရီးရှည်သွားကြမယ့် နောင်ခေတ်လူသားတွေ အတွက် သူတို့စားသုံးဖို့ လိုတဲ့ အပင်တွေကို ဆွဲငင်အား မရှိတဲ့ နေရာမှာ ဘယ်လိုစိုက်ကြမယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

မြေကမ္ဘာပေါ်မှာ အပင်တွေရှင်သန်ကြီးထွားစေဖို့ မြေကြီးလို အပင်ပေါက်နိုင်တဲ့ နေရာမျိုးအပြင် တခြားအခြေခံ လိုအပ်တာတွေက နေရောင်ခြည်၊ ရေ၊ အဟာရဓါတ်နဲ့ သူတို့အစာအဖြစ် စားသုံးတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ပါတဲ့ လေပဲ ဖြစ်ပါတယ်။ အာကာသထဲမှာရှိတဲ့ လကမ္ဘာနဲ့ ဥက္ကာပျံတွေ၊ တခြား ဂြိုဟ်တွေကတော့ ကမ္ဘာမြေနဲ့ မတူတဲ့အတွက် အပင်တွေ ရှင်သန်ဖို့ လိုအပ်တဲ့ အရာတွေ မရနိုင်သလို ဒီလို နေရာမျိုးတွေမှာ အပင်တွေရှင်သန်ဖို့က မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် အခုဆိုရင် အာကာသစခန်းထဲမှာ ရောက်နေတဲ့ အာကာသယာဉ်မှူးဖတွ သူတို့ ကိုယ်တိုင် စိုက်ပျိုးထားတာကို စားလို့ရနေပြီလို့ အမေရိကန်အာကာသစူးစမ်းရေးအဖွဲ့ NASA က သိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။ ။ “အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာ အခု လက်ရှိ ရောက်နေတဲ့ အာကာသယာဉ်မှူး ၆ ဦးဆိုလို့ရှိရင် အာကာသထဲမှာ လက်တွေ့စိုက်ပျိုး နေတဲ့ ဆလပ်ရွက် အစေ့လေးတွေ ကိုစပြီး ပျိုးပြီးတော့ စစိုက်တာက စားလို့ရပြီ။ စိုက်ပြီးတာနဲ့ အပင်ပေါက်စား ဆိုတာမျိုး မဟုတ်ပါဘူး။ သုတေသနလည်းလုပ်၊ စားလည်းစားနိုင်ဖို့ အခြေနေရောက်ဖို့ိကို ၁၉၇၀ လွန်ခဲ့တဲ့ အနှစ် ၄- ၅၀ လောက် ကတည်းက စပြီးတော့ စဉ်းစားခဲ့ကြတာပါ။ သုတေသန အဆင့်ဆင့် လုပ်ကြရပါတယ်။“

အာကာသထဲ အခုလို စိုက်ပျိုးနိုင်ဖို့ လုပ်ခဲ့ကြတဲ့ သုတေသနတွေကို ကြည့်ရအောင်ပါ။

ဒေါက်တာပဒေသာတင်။ ။ “အပင်တွေ အာကာသထဲမှာ စိုက်ဖို့ဆိုရင် အပိုလို ၁၄ ဆိုရင် ၁၉၇၀ လောက်ကပေါ့နော်။ ကမ္ဘာပတ်လမ်းထဲမှာ အပင်မျိုးစေ့ပေါင်း ၅၀၀ ကို အဲဒီအထဲမှာ ထင်းရှူးပင်က အစ ယူသွားပြီးတော့ ဒီလပတ်လမ်းကြောင်းထဲမှာ၊ အာကာသ ထဲမှာ တပတ်လောက် ပတ်နေပြီးတော့မှာ ပြန်ယူလာပြီး ဒီအစေ့ကို စိုက်ပြီးတော့ ဘယ်လိုထူးခြားမှု၊ ပြောင်းလဲမှုများ ဖြစ်သွားမလဲ ဆိုတာကို စလေ့လာခဲ့တာပါ။

နောက် ၁၉၈၀ လောက်မှာဆို ဆိုဗီယက်အာကာသယာဉ် ဆိုယုစ် ထဲမှာ မုန်ညင်းပင် တမျိုးကို စိုက်ပျိုး ကြည့်ခဲ့ဘူးပါတယ်။ အဲဒီလိုပဲ Skylab ဆိုတဲ့ အမေရိကန်က လွှတ်ထား တဲ့ ပထမဦးဆုံး အာကာသ သုတေသန စခန်းထဲမှာ ၁၉၈၀ လောက်က ကမ္ဘာ့ဆွဲအား မရှိတဲ့နေရာမှာ သဘာဝရဲ့ နေရောင်ခြည်လည်း မဟုတ်ဘူး။ ဆွဲအားလည်း မရှိတဲ့ နေရာမှာ စပါးစိုက်ရေး သုတေသန လုပ်ခဲ့ပါတယ်။ နောက်တခုက seed to seed ဆိုတဲ့ အစေ့စိုက်ပြီး နောက်တခေါက် ပြန်ပြီး အစေ့စိုက်ရတဲ့အထိ - ဥပမာ စပါးဆိုရင် ၃-၄ လလောက်မှာ အစေ့ပြန်ရတယ်။ ရက် ၁၂၀ လောက်ကြာမယ်။ ဒီ့ထက် မြန်အောင် စိုက်လို့ မရဘူးလား၊ လေ့လာတဲ့ seed to seed အစီအစဉ် တခု ရှိပါတယ်။ အဲဒီမှာ အယ်လ်ဖာ- အယ်လ်ဖာ ဆိုတဲ့ အပင် တမျိုးကို ရက် ၄၀ အတွင်းမှာ အပင်ပြန် ပေါက်ပြီးတော့ အစေ့ပြန်ရတာပေါ့နော်။ ဆိုတော့ ဒီ့ထက်ပို မြန်မြန်ထွက်နိုင်တဲ့ အပင်တွေများ ရပြီလား။ ဆိုတာကို စပြီးတော့ သုတေသနလုပ်နေပါပြီ။ ဒါလည်း တချို့တဝက် တော်တော်ကို အောင်မြင်နေပါပြီ။

နောက်တခုက မာလကာပင်၊ သရက်ပင်လိုမျိုး အပင်ကြီးတွေများ အာကာသထဲမှာ စိုက်လို့ ရမလား ဆိုတဲ့ သုတေသနကိုလည်း စပြီးကြိုးစားနေပါပြီ။”

ကမ္ဘာ့ဆွဲအားမရှိတဲ့နေရာမှာ အပင်စိုက်ဖို့ ကြိုးစားနေတာမို့ ကမ္ဘာ့ဆွဲအားရဲ့ အပင်အပေါ် သက်ရောက်မှုကို လေ့လာရတာ ဖြစ်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။ “၁၈၈၀ ပေါ့နော် သိပ္ပံပညာရှင် Charles Darwin ဆိုတာ theory of evolution ကိုသူ စပြီးတော့ပြောခဲ့တာပါ။ သူကဆိုရင် မြေကြီးကို စောင်း ပြီးတော့ အပင်ကို စိုက်ကြည့်လိုက်တဲ့အခါကျတော့ အပင်အမြစ်တွေက ခပ်စောင်း စောင်း ပေါက်တာကို လေ့လာခဲ့ ပါတယ်။ ဒါက ၁၈၈၀ တုန်းက။ ပြီးခဲ့တဲ့ ၄- ၅ ဆယ် နှစ်လောက်က စပြီးတော့ ကမ္ဘာ့ဆွဲအား မရှိတဲ့ နေရာမှာ အပင်စိုက်တဲ့အခါမှာ အမြစ်တွေက ယိုင်ပြီးပေါက်တာကို တွေ့ရတယ်။ ဒါကို skewing effect လို့ခေါ်ပါတယ်။

မကြာသေးခင်က အာကာသစခန်းထဲမှာ လုပ်တဲ့ သုတေသနမှာ စပြီးတွေ့ရမှာပါ။ အပင်ဟာ အလင်းရောင်နဲ့ မြေဆီမြေလွှာ အပြင်အမြစ်မှာ အောက်ဆီဂျင်ရဖို့ ကိစ္စဟာ အဓိကကျတာကို ပြန်ပြီးတော့ လေ့လာနေပါတယ်။ အပင်တွေဟာ ကမ္ဘာ့ဆွဲအား မဲ့ သွားတဲ့အခါမှာ အမြစ်ရဲ့ ဆဲလ် နံရံတွေဟာ ကမ္ဘာ့ဆွဲအားရှိရင် အမြစ်တွေက အောက် ကို တည့်တည့်ကျသွားတဲ့အခါ သူ့ဆဲလ်ရဲ့ နံရံက ဆဲလ်ဗီဇနဲ့ အခုကမ္ဘာ့ဆွဲအား မရှိတဲ့ အခါ စိုက်တဲ့ အပင်တွေ အမြစ်တွေကို ဒီမှာ ပြန်ပြီးတော့ ဇီဝဗေဒ genetic expression လေ့လာတဲ့အခါကျတော့ ဆဲလ် နံရံ တွေရဲ့ expression က ဗီဇအပြောင်းအလဲ ဖြစ်တာကို တွေ့ရပါတယ်။”

အခုလို ကမ္ဘာ့ဆွဲအားမရှိတဲ့ နေရာမှာ အပင်ကို ရေပေးဖို့ ဘယ်လို လုပ်ရမှာပါလဲ။

ဒေါက်တာပဒေသာတင်။ ။ “ကမ္ဘာပေါ်မှာ အပင်စိုက်လို့ ရေလောင်းလိုက်ရင် ရေက သူ့ဟာသူ အောက်ကို ကမ္ဘာ့ဆွဲအားကြောင့် ကျသွားပြီးတော့ အမြစ်နေရာအနှံ့က အမြစ်ဖျားလေးတွေအထိ ရေအနှံ့ရောက်တယ်။ ဒါပေမယ့်ကမ္ဘာ့ဆွဲအား မရှိတဲ့ အခါကျတော့ ရေက အပေါ်မှာ တင်ပြီးတော့ ဘယ်မှ မသွားတော့ဘူး။ အဲဒီတော့ ရေရဖို့အတွက်က တနည်းပဲ ရှိတယ်။ အဲဒါ ရူပဗေဒအရ ဆိုရင် capillary action လို့ခေါ်တဲ့ ရေစိမ့်လျှောက်တဲ့ သဘောမျိုးနဲ့ ရေပြန့်သွားတာပေါ့နော်။ ဒီနည်းနဲ့ပဲ ရေဟာ အမြစ်တွေဆီ ရောက်တယ်။ capillary action အတွက် ဥပမာကို ကြည့်ရင် အလွန်သေးတဲ့ ပိုက်ကလေးရဲ့ အဖျားကို ရေထဲ အသာလေး နှစ်လိုက်ရင် မျက်နှာပြင် တင်းအားနဲ့ molecular force တွေကြောင့် ရေက အပေါ်ကို တက်လာတယ်။ နောက် ဥပမာ တခုက အိမ်မှာ စမ်းကြည့်လို့ ရပါတယ်။ စက္ကူခပ်ပွပွ ကို ရေနဲ့ ထိလိုက်တဲ့အခါ ရေက တဖြေးဖြေး အပေါ်ကို စိမ့်ပြီး တက်လာတယ်။ နောက်တခုက တိုက်ကို ထုံးသုတ်တဲ့အခါကျရင် တံမျက်စီးကို ထုံးရည်ထဲ နှစ်လိုက်တဲ့အခါ ထုံးရည်တွေ တံမျက်စည်းတလျှောက် အပေါ်ကို တက်လာတယ်။ ဒါတွေကို capillary action လို့ခေါ်တယ်။ ဒီနည်းနဲ့ပဲ အပင်တွေက ရေကို ရကြတယ်။”

ကမ္ဘာ့ဆွဲအားမရှိတဲ့ နေရာမှာ ဘယ်လိုအပင်စိုက်ဖို့ ကြိုးစားတယ်ဆိုတာကို ကြည့်ရအောင်ပါ။

ဒေါက်တာပဒေသာတင်။ ။ “ကျွန်တော်နဲ့ အတူလုပ်ခဲ့တဲ့ နာဆာကနေဒီက အာကာသဌာနမှာ ဒေါက်တာဂိုင်ရိုမာစတာဟာ ကမ္ဘာ့ဆွဲအားမဲ့တဲ့ အာကာသထဲမှာ စားပင်တွေ အကြောင်းကို အဓိက ထားပြီးလေ့လာခဲ့ပါတယ်။ သူ့ရဲ့ အပင်စိုက်တဲ့ အိုးကတော့ ခေါင်းအုံးလိုပုံသဏ္ဍာန်နဲ့ တူပါတယ်။ အဲဒီအထဲမှာ သစ်ဆွေးတို့ လွှစာတို့ မှုန့်နေအောင် ကြိတ်ရောထားပြီးတော့ ဓါတ်မြေသြဇာတွေ ထည့်ထားပါတယ်။ အပေါ်ရောက်တဲ့ အခါကျတော့မှ သူ့ကို ရေဖြည့်လိုက်၊ ၃ ရက်လောက် နေပြီးတဲ့အခါ အစေ့လေးတွေကို စိုက်တော့ အပင်တွေ ပေါက်လာတယ်။ တပတ်လောက် အကြာမှာ trim လုပ်ရတယ်။ တပင်ထဲ ကျန်ခဲ့အောင် ကျန်တဲ့အပင်တွေကို သင်းသတ်ရတယ်။ ပြီးတော့မှ ဒီအပင်တွေကို ရက် ၆၀ လောက်အထိ ထားလိုက်တဲ့အခါ အပွင့်တွေ ပွင့်လာတယ်။ အသီးတွေ သီးပါတယ်။ ပန်းတွေ၊ ခရမ်းချဉ်သီးတို့ အမွှေးအကြိုင်တွေပေါ့ နံနံပင်လို၊ နောက် ဆလပ်ပင်တို့ စိုက်လို့ ရပါတယ်။

နောက်တနည်းက Hydroponics လို့ခေါ်တဲ့ ရေထဲမှာ စိုက်တဲ့နည်း ဖြစ်ပါတယ်။ ရေကို အလုံပိတ်ပြီးတော့ အသီးတွေကိုအဲဒီထဲမှာ ရေနဲ့ ဓါတ်မြေသြဇာရောဖြည့်ထားပြီး အစေ့တွေကို အဲဒီထဲကနေပြီးမှ အမြစ်တွေ တွယ်ပြီး ပေါက်အောင်လုပ်တဲ့နည်း ဖြစ်ပါတယ်။ ဒီနည်းနဲ့လည်း ကြက်သွန်တို့ ခရမ်းချဉ်သီးတို့ စိုက်လို့ရပါတယ်။

နောက်တနည်း အာကာသထဲမှာ ထူးခြားတဲ့နည်းကတော့ aeroponics လို့ခေါ်ပါတယ်။ လေထဲမှာ အမြစ်တွေ တန်းလန်းနဲ့ စိုက်ပျိုးတာမျိုးပါ။ ဒီနည်းကိုတော့ ကျွန်တော့်ရုံးက အဖွဲ့တဖွဲ့က သုတေသနလုပ်ပြီး ကူညီနေပါတယ်။ အမြစ်ကို မြေသြဇာပါတဲ့ ရေမွှာလေးတွေ ဖြန်းဖြန်းပေးပြီးတော့မှ အပင်ရှင်အောင် လုပ်ကြရတာပါ။”

အခုလို အာကာသမှာ စိုက်ပျိုးဖို့သုတေသနတွေလုပ်ရင်း မြေကမ္ဘာပေါ်မှာ လက်တွေ့ အကျိုး ရှိရှိ အသုံးချနေတာတွေကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးပါ့မယ်လို့ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။