ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်

KIA စစ်စခန်းတစ်နေရာ။

ဗန်းမော်ခရိုင်အတွင်းမှာ ဒီကနေ့ မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်ဖွဲ့အကြား နေရာ ၄နေရာလောက်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ် လို့ ဒေသတွင်းက ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှုးကတော့ ဒီမနက်က တိုက်ပွဲတကြိမ်ဖြစ်ခဲ့တယ် ဆိုတာ သိရကြောင်းနဲ့ ကျန်သတင်းတွေတော့ မရသေးကြောင်းပြောပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲဟာ သစ်မှောင်ခိုထုတ်သူတွေကို တပ်မတော် စစ်ကြောင်းတွေက လိုက်လံရှင်းလင်းရာကနေ ထိတွေ့မှုဖြစ်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးနေချိန်မှာပဲ အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ အကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ နေရာ ၄နေရာလောက်မှာ ဖြစ်ပွားခဲ့တာလို့လည်း ဒုကသည်အရေးကို ကူညီနေတဲ့ ဝမ်ပေါင်နိန်းထွဲအဖွဲ့က တာဝန်ခံ ဒေါ်မေရီတွမ်က ပြောပါတယ်။

"အခုက လေးနေရာ၊ လေးနေရာမှာတောင်ဖြစ်နေတယ်။ အခု သုံးနာရီမှာပဲ နောင်ဆိုင်း ဆိုတဲ့ နေရာမှာဖြစ်တယ်။ ဒီမနက် ၇နာရီမှာဖြစ်တာက နမ်ကောင် နတ်မင်းကာဘေးနားက နမ်ကောင် ဆိုတဲ့ရွာမှာဖြစ်တယ်။ ၈ နာရီမှာကျတော့ မိုးမောက်ဘေးနားကနေ ကျောက်စခန်းဘးက ဘဂေါ် ဆိုတဲ့နေရာ အဲဒီမှာ ကေအိုင်အေတပ်တစ်ခုက အဲဒီမှာ ထမင်းစားရင်းနဲ့ လာဝင်ပစ်သွားတယ်ပြောတယ်။ လာသိမ်းလိုက်တယ်လို့ပြောတယ်ပေါ့နော်။ အဲ့ဒါ နောက်တစ်နေရာကတော့ ကောင်ရွန်ရွာ၊ ကောင်ရွန်ဆိုတဲ့နေရာ။ ကောင်ရွန်က မန်စီ မြို့နယ်ထဲမှာပဲ။ မိုးမောက်မြို့နယ်ထဲမှာပဲ နှစ်နေရာ။ အဲဒီ ဒဂေါ နဲ့ နမ်ဆိုင်းဆိုတဲ့နေရာမှာ ဖြစ်တယ်။ နောက်ပြီးတော့ နန်စီမြို့နယ်မှာကျတော့ နမ်ကောင်နဲ့ ကောင်ရွန် ဆိုတဲ့နေရာပေါ့"

မန်စီမြို့နယ် နန့်လင်းပါဒေသကတော့ အရင်နှစ် အောက်တိုဘာလ နောက်ဆုံး ပတ်လောက် စပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ခဲ့တာကြောင့် အဲဒီဒေသက ဒုကသည် ၂ထောင်ကျော်ဟာ တရုတ်နယ်စပ်နဲ့ ဗန်းမော်မြို့ဖက်တွေကို ထွက်ပြေး တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတချို့နဲ့ ကျန်းမာရေးမကောင်းသူတွေဟာ တောတောင်နဲ့ တောင်ယာတွေမှာ ပုန်းခိုနေတာတွေ ရှိနေသလို ဒီဇင်ဘာလကုန်ပိုင်းက အစိုးရတပ်တွေ ရုတ်သိမ်းသွားခဲ့တာကြောင့် နေရပ်ပြန်သူတချို့လည်း ရှိနေတာဖြစ်ပါတယ်။

လောလောဆည်မှာတော့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူတွေရဲ့ အခြေအနေကို အသေးစိတ်တော့ မသိရသေးဘူးလို့ ဒေါ်မေရီတွမ် က ပြောပါတယ်။

"အခုကျမတို့ကြားတာက ခုနကလို ပစ်ပွဲဖြစ်ပြီဆိုတော့ မိုးမောက်က နယ်ခံတွေက ပြန်ပြေးပြီပေါ့လေနော်။ ပြေးတယ်။ ဘေးပေါက်တွေလည်းပြေးပြီ။ နမ့်လင်းပါဘေးနားက ခုနက ရှိတဲ့ရွာက နဂိုကတည်းက ပါတ်ဝန်းကျင် ခဝမ်ဘန်မှာ နေတယ်ဆိုတော့ ထွက်ပြေးနေကြတယ်။ အဲလိုပဲကြားရတယ်ရှင့်။ အသေးစိတ်ကတော့ ကျမတို့မသိရသေးဘူး။ ဟုတ်ကဲ့"

ဗန်းမော်ခရိုင် ခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာအောင်ကတော့ ဒီနေ့ တိုက်ပွဲဖြစ်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"မန်စီမြို့နယ်ဖက်က မဘိန်းနယ်စပ်ပေါ့ခင်ဗျာ။ ရှမ်းမြောက်နယ်စပ်လေ။ ရှမ်းမြောက်နယ်စပ် နမ်ဟန်။ နမ်ဟန် နဲ့ နဲနဲ နီးပါတယ် နမ့်ကောင်မှာ လို့ပြောပါတယ်။ နမ့်လင်းပါ နဲ့လည်း နဲနဲ နီးတယ်ခင်ဗျ။ မနက်ပိုင်းပဲခင်ဗျ ခန့်မှန်း ၇ နာရီလောက်ပေါ့ခင်ဗျာ။ တစ်ကြိမ်ပဲ ကျနော်တို့ကြားသေးတယ်ခင်ဗျ။ ထပ်တော့ မကြားသေးဘူး ခင်ဗျ။ မိုးမောက်ဘက်ကတော့ ထွေထွေထူးထူး မရှိဘူးခင်ဗျ။ စစ်ကြောင်းဝင်တယ်ဆိုတဲ့ သတင်းပဲကြားတယ်။ ထိခိုက်မှု ဆိုတာမျိုး မကြားမိဘူးခင်ဗျ"

တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ထိခိုက်တာ ၊ ထွက်ပြေးတိမ်းရှောင်တာ စတာတွေလည်း မကြားသိရသေးဘူးလို့ ပြောပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး ဦးတေဇာအောင်က အခုလို သုံးသပ်ပါတယ်။

"အဲဒီဖက်မှာတော့ ကျနော်တို့က ယခင်က သစ်ဖမ်းထားတာရှိတယ်လေ။ နမ့်ခမ် မှာ။ နမ့်ခမ်မှာ သစ်ဖမ်းနေတာဟာက သစ်သယ်ယူရေး သစ်ထုတ်အဖွဲ့နဲ့ လုပ်နေတာပေါ့။ လုပ်နေတာတော့ တန် ၉၀၀ကျော်မှာ ၆၀၀ကျော်လောက် သယ်ထားပြီးပြီပေါ့။ နဲနဲလေးကျန်သေးတယ်။ အဲဒီဖက်မှာ အဲဒါတွေရှိတော့ ဒါတွေနဲ့တာ့ ဆက်စပ်မှုရှိနိုင်တာပေါ့"

မန်စီမြို့နယ် နန့်လင်းပါနဲ့ မုန်းဒိန်ပါရွာဖက်တွေမှာ အစိုးရတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ရက်နေ့က ဆုတ်ခွာသွားခဲ့ချိန်က စပြီး တိုက်ပွဲတွေငြိမ်သက်နေခဲ့ တာဖြစ်ပါတယ်။ ဒီလ ၂၁ရက်နေ့ကတော့ အစိုးရစစ်တပ်က နန့်လင်းပါရွာဖက်ကို ဝင်ရောက်လာတဲ့နောက် နှစ်ဖက်တင်းမာမှုတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်းကတော့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းအဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ြ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ ရေးဆွဲထားတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို ပေးအပ်ခဲ့ပြီး အစိုးရဖက်က မူကြမ်းပါ အချက်အလက်တွေရဲ့ ၈၀ရာခိုင်နှုန်းကို မူအားဖြင့် သဘောတူကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ တိုက်ပွဲတွေဖြစ်ပွားတဲ့ သတင်းနဲ့ပတ်သက်ပြီးတော့ ကို ကေအိုင်အေနဲ့ ဗန်းမော်ခရိုင်က တပ်မတော်တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။