ဂရိကြွေးမြီ ကယ်တင်ရေး သဘောတူညီမှုကြောင့် စတော့ဈေးပြန်တက်

ဂရိဝန်ကြီးချုပ် Alexis Tsipras (ဗဟို) နဲ့ ဂရိဘဏ္ဍာရေးဝန်ကြီး Euclid Tsakalotos (ဝဲ) တို့ ဘရပ်ဆဲလ်မှာကျင်းပတဲ့ ယူရိုခေါင်းဆောင်များအစည်းအဝေးမှ ထွက်ခွာလာစဉ်။ (ဇူလိုင် ၁၃၊ ၂၀၁၅)

အကြွေးတွေနဲ့ပိနေတဲ့ ဂရိနဲ့ အိမ်နီးချင်း ဥရောပနိုင်ငံတွေအကြား နာရီပေါင်းများစွာ ဆွေးနွေးကြပြီးတဲ့နောက် ကြွေးမြီပြဿနာ ကယ်တင်နိုင်ရေး တတိယမြောက် အစီအစဉ်ကို သဘောတူလိုက်ကြတဲ့အတွက် တနင်္လာနေ့က ကမ္ဘာ့အစုရှယ်ယာဈေး တန်ဖိုးတွေ မြင့်တက်ခဲ့ပါတယ်။

ဥရောပနဲ့ အာရှတို့မှာ အလားတူ အစုရှယ်ယာတန်ဖိုးတွေ မြင့်တက်ခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံက အစုရှယ်ယာ တန်ဖိုးတွေလည်း ၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။

အခုလို သဘောတူညီချက်ရလိုက်တဲ့အပေါ် အမေရိကန်သမ္မတ Barack Obama က ကြိုဆိုလိုက်ပြီး ဂရိနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကြွေးမြီတွေကို ခံနိုင်ရည်ရှိတဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာအောင် ဂရိနိုင်ငံကို ငွေကြေး အထောက်အကူပေးနေတဲ့ နိုင်ငံတွေဘက်က ကတိကဝတ် ခိုင်မာကြောင်း ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ဆောင်စရာရှိတဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို ဂရိနဲ့ ဥရောပနိုင်ငံတွေအနေနဲ့ဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဂရိနိုင်ငံအနေနဲ့ ဥရောပကြွေးရှင်တွေက တောင်းဆိုတဲ့အတိုင်း တင်းကျပ်တဲ့ ခြိုးခြံချွေတာမှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့အတွက် ဂရိအနေနဲ့ ဥရောပရဲ့ ၁၉ နိုင်ငံပါ ယူရိုငွေကြေးသုံး ဇုန်ထဲမှာ ဆက်လက် တည်ရှိခွင့်ရလိုက်တဲ့အပေါ် ကမ္ဘာ့ ငွေကြေးဈေးကွက်က ခေါင်းဆောင်တွေကလည်း ကြိုဆိုလိုက်ကြပါတယ်။