အစ္စရေး၊ ပါလက်စတိုင်း တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူတွေရှိ

အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက Al-Aqsa Martyrs ဆေးရုံဝင်း မီးလောင်ပျက်ဆီးပြီး လူအများအပြားသေဆုံး (Photo: AP Photo/Abdel Kareem Hana)

ဒီကနေ့ အစောပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာဒေသက ဆေးရုံဝင်းအတွင်း ယာယီတဲမှာ ခိုလှုံနေသူ ၄ ဦး အပါအဝင် လူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ အစ္စရေးနိုင်ငံ Tel Aviv မြို့စွန်မှာ ပါလက်စတိုင်းတဦးက ဓားနဲ့ထိုးရာက ၂ ဦး သေဆုံးခဲ့တာပါ။

ဂါဇာဒေသမှာ စစ်ဖြစ်နေတာ ၁၀ လနီးပါး ရှိလာနေပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အီရန်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ စစ်သွေးကြွအဖွဲ့တွေရဲ့ အဆင့်မြင့်ခေါင်းဆောင် ၂ ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် တင်းမာမှုတွေလည်း ကြီးထွားလာနေပါတယ်။ အီရန်နဲ့ မဟာမိတ်တွေက လက်တုံ့ပြန်ဖို့ ခြိမ်းခြောက်ထားတာကြောင့် ဒေသတွင်းမှာ စစ်ပွဲကျယ်ပြန့်လာပြီး အခြေအနေတွေ ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေကြတာပါ။

Tel Aviv မြို့တော်မှာ ပါလက်စတိုင်းသားတဦးက ဓားနဲ့ထိုးခဲ့တာကြောင့် အသက် ၇၀ ကျော် အမျိုးသမီးတဦးနဲ့ အသက် ၈၀ ကျော် အမျိုးသားတဦး သေဆုံးပြီး၊ နောက် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့နဲ့ အနီးအနားဆေးရုံက တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်မှုကို ပါလက်စတိုင်း စစ်သွေးကြွတယောက်က ကျုးလွန်ခဲ့တာဖြစ်ပြီး၊ ကျုးလွန်သူကို ထိန်းချုပ်နိုင်ခဲ့ပြီး နောက်ထပ် မသင်္ကာသူတွေကို ရှာဖွေနေတယ်လို့လည်း အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ဂါဇာဒေသမှာ ဒီနေ့မနက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် Al-Aqsa Martyrs ဆေးရုံဝင်းထဲမှာ ယာယီတဲထိုး နေသူတွေကို ထိမှန်ခဲ့ပြီး အမျိုးသမီးတဦး အပါအဝင် လူ ၄ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။