ရန်ကုန် EU ရုံးရှေ့ ကျောင်းသား ဆန္ဒပြ

ရန်ကုန်ု EU ရုံးရှေ့ ကျောင်းသားဆန္ဒပြ ။ သတင်းဓာတ်ပုံ- ကိုထက်အောင် (VOA မြန်မာပိုင်း)

ကျောင်းသားဆန္ဒပြမှုတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းတဲ့နေရာမှာ အရပ်သားစွမ်းအားရှင်ဆိုသူတွေကို အသုံးပြုနေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဓိကရုဏ်းနှိမ်နှင်းရေး သင်တန်းတွေ ပေးနေတဲ့ EU ဥရောပသမဂ္ဂကို ကန့်ကွက်တဲ့ ဆန္ဒပြမှု ဥရောပ သမဂ္ဂ ရန်ကုန်ရုံးရှေ့မှာ ကျောင်းသားတွေ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်လှည်းတန်းဈေးအနီးက ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ကိုထက်အောင်ရေ အခုဒီနေ့ညနေပိုင်းမှာပဲ လှည်းတန်းဈေးနား မှာ ကျောင်းသားတွေကနေပြီးတော့ ဆန္ဒပြမှုတခု ထပ်လုပ်တယ်လို့သိရပါတယ်။ ကိုထက်အောင်လည်း အဲ့ဒီ့မှာ ကိုယ်တိုင်သွားပြီး သတင်းယူတယ်ဆိုတော့ အဖြစ်အပျက်မြင်ကွင်း ဘယ်လိုရှိတယ်ပြောပြပါဦးဗျ။

ကိုထက်အောင်။ ။ ဟုတ်ကဲ့ဗျ။ ဒီနေ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ ကျောင်းသား ၄၀ကျော် ၅၀ပတ်ဝန်းကျင်လောက်က ညနေလေးနာရီလောက်မှာ လှည်းတန်းဈေးရှေ့ကနေပြီးတော့ EU ဥရောပသမဂ္ဂရုံးရှိတဲ့ လှည်းတန်း စင်တာကို သွားရောက်ပြီးတော့ ဆန္ဒပြခဲ့ကြတာပါ။ EU ကနေပြီးတော့ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့တွေကို အကြမ်းဖက်နှိမ်နှင်းတာတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးခဲ့ပေမဲ့လို့ပေါ့လေ မနေ့ကလိုဖြစ်ရပ်မျိုး ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နှင်းတာတွေနဲ့ပတ်သက်ပြီး အခါကျတော့ ဒီ EU မှာ တာဝန်မကင်းဖြစ်တယ် ဆိုပြီး သူတို့က ယူဆတဲ့အတွက်ကြောင့်မို့လို့ EU ရုံး ရှေ့ကို သွားရောက်ပြီး ဆန္ဒပြတောင်းဆိုခဲ့တာလို့ ပြောပါတယ်ခင်ဗျ။

သူတို့ အဓိက တောင်းဆိုတဲ့အချက်ကတော့ မနေ့ကလို ဖြစ်ရပ်မျိုး အကြမ်းဖက်မှုကို သူတို့အနေနဲ့ လုံးဝ အလိုမရှိဘူး။ နောက်ထပ် တခုက ကျောင်းသား သပိတ်အောင်ရမယ် ဆိုပြီးတဲ့အခါကျတော့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြတောင်းဆို ခဲ့ကြတာပါ။ နောက်ထပ်တချက်က လောလောဆယ် လက်ပံတန်းမြို့ မှာ ပိတ်မိနေတဲ့ ပင်မသပိတ်စစ်ကြောင်းကို ဖွင့်ပေးဖို့ပေါ့လေ။ ဖွင့်ပေးရန်နဲ့ နောက် ကျန်တဲ့သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွဲတာမျိုး ပြုလုပ် သွားမယ်ဆိုရင် အခုလိုမျိုး ရန်ကုန်မြို့မှာ ဆန္ဒပြတောင်းဆိုတာတွေ ထပ်ပြီးတော့ ပြုလုပ်သွားမယ်ဆိုပြီး ဆန္ဒပြကျောင်းသား ခေါင်းဆောင်တွေက ဆိုပါတယ်ဗျ။"

ကိုသားညွန့်ဦး။ ။ အဲ့တော့ လုံခြုံရေးအာဏာပိုင်တွေဘက်က လုံခြုံရေးယူထားတဲ့အနေအထားရော ဘယ်လိုမြင်ရပါလဲခင်ဗျ။

ကိုထက်အောင်။ ။ ဟုတ်ကဲ့။ လုံခြုံရေးအာဏာပိုင်တွေက လုံခြုံရေးယူထားတဲ့ အပိုင်းမှာတော့ ရဲအင်အားက ၅၀ကျော်လောက်ရှိပါမယ်။ ထူးခြားတာ ကိုပြောရမယ်ဆိုရင်တော့ ရဲအင်အားတွေမှာ ဒီသေနတ်တွေပါလာတယ်။ ကျည်တွေပါလာမယ်။ ဒိုင်းတွေ ပါလာတယ်။ လုံခြုံရေးအပြည့်အဝကို ယူထားတာ တွေ့ရပါမယ်။ နောက်ထပ်တချက်ကတော့ မနေ့ကလိုဖြစ်ရပ်မျိုး ပြန်ကောက် မယ် ဆိုရင်တော့ တာဝန် ဒါမှမဟုတ် စည်းကမ်းဆိုပြီး လက်ပတ်အနီပတ်ထားတဲ့သူတွေကိုတော့ မတွေ့ရပေမဲ့လည်း အဲ့သလိုလူမျိုးလို့ ထင်ရတဲ့ သူအချို့ကိုလည်း ကျောင်းသားတွေနဲ့ အနီးမှာ တွေ့ရပါတယ်။ အဲ့လူမျိုးတွေက လုံခြုံရေးအင်အားထက်ကိုပဲ တော်တော်များ များတွေ့ရပါတယ်ဗျ။ ဒါပေမဲ့ အကြမ်းဖက်ဖြိုခွဲတာမျိုးတော့ ဒီနေ့ဖြစ်ရပ်မှာ မတွေ့ခဲ့ရပါဘူး ခင်ဗျ။"

ကိုသားညွန့်ဦး။ ။ အဲ့ဒီ့လူတွေနဲ့ ရဲအာဏာပိုင်တွေနဲ့ ဆက်စပ်မှုရော မြင်ရပါလား။

ကိုထက်အောင်။ ။ "ဖုန်း။ ဒါမှမဟုတ် နုတ်စ်စာအုပ်တွေနဲ့ သူတို့အချင်းချင်း ပြောဆိုနေကြတာ။ ဒါမှမဟုတ် ကျောင်းသားခေါင်းဆောင်တွေရဲ့ နာမည်တွေကို ရည်ညွန်းပြောဆိုနေကြတာကို ကျနော်တို့ သတင်းထောက်တွေ အားလုံး ကြားသိခဲ့ရပါတယ်ခင်ဗျ။"

ကိုသားညွန့်ဦး။ ။ ဒီလုံခြုံရေးရဲအာဏာပိုင်တွေလည်း ချထားတယ်။ ကျောင်းသားတွေလည်း ဆန္ဒပြတော့ ထိပ်တိုက်ဖြစ်သွားတာမျိုးရော ရှိသေးလား။

ကိုထက်အောင်။ ။ " ကျောင်းသား၊ ကျောင်းသူတွေ လှည်းတန်းဈေးကနေ ဥရောပသမဂ္ဂ ရုံးရှေ့ကို လာရောက်တဲ့အခါမှာတော့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့က ရဲမှူး ဇော်ဝင်းက လာတားပါတယ်ခင်ဗျ။ ကျောင်းသားကျောင်းသူတွေကို ဘာဖြစ်လို့ ပြတာလဲ။ ခွင့်ပြုချက်ရလားဆိုပြီးတဲ့အခါကျတော့ ဆန္ဒပြခေါင်းဆောင်အချို့ကို မေးမြန်းတာမျိုး ရှိပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက သူတို့အနေနဲ့ ခွင့်ပြုချက် မယူပါဘူး။ သူတို့အနေနဲ့ အကြမ်းဖက်ဖြိုခွဲတာကို မလိုလားတဲ့အတွက် အခုလိုမျိုး တောင်းဆိုတာပါလို့ပြောပါတယ်။ ဆိုတော့ ရဲတပ်ဖွဲ့ကလည်း ပြန်ပြောတာကတော့ ခွင့်ပြုချက်မယူဘူးဆိုရင်တော့ ဥပဒေအရ အရေးယူမယ်လို့ပြောတဲ့အခါမှာ ကျောင်းသားတွေဘက်က လိုလိုလားလား ကျနော်တို့ ဥပဒေလမ်းကြောင်းအရပဲ အရေးယူဆောင်ရွက်မှုတွေ လက်ခံပါမယ်။ အကြမ်းဖက်ဖြိုခွဲတာမျိုးတော့ မလုပ်ပါနဲ့ဆိုပြီး ရဲတပ်ဖွဲ့ကို ပြန်လည်တောင်းဆိုတာမျိုးကို ကျနော်တို့တွေ့မြင်ခဲ့ရပါတယ်။"

ကိုသားညွန့်ဦး။ ။ ဖမ်းတာဆီးတာတွေရောရှိပါသလား။

ကိုထက်အောင်။ ။ ဖမ်းတာဆီးတာကတော့ လောလောဆယ် လုံးဝ မရှိပါဘူး ခင်ဗျ။ ကျောင်းသားတွေက မိနစ်သုံးဆယ်ကျော် ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ပြီးတဲ့အချိန်မှာတော့ သူတို့က ငြိမ်းငြိမ်းချမ်းချမ်းပဲ သူတို့လမ်း သူတို့ပြန်ပြီး ထွက်ခွာသွားပါတယ်။

ရန်ကုန်လှည်းတန်းဈေးအနီးက ဆန္ဒပြပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။