ဆော်ဒီ အာရေးဘီးယား နိုင်ငံ၊ Medina မြို့က အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွတ်မြတ်ဆုံး နေရာတခု ဖြစ်တဲ့ Prophet's Mosque ဗလီ အပြင်က စစ်ဆေးရေး ဂိတ်မှာ အသေခံဗုံးခွဲသူ တယောက်က ဗုံး ဖေါက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်သူ အထဲမဝင်နိုင်အောင် တားဆီးခဲ့ကြတဲ့ လုံခြုံရေး အရာရှိ ၄ ယောက် သေဆုံးခဲ့တဲ့ အပြင် ၅ ယောက်ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Saudi ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။
အေဒီ ၆၃၂ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ တမန်တော် မိုဟာမက်ကို မြှုပ်နှံထားတဲ့ Prophet’s ဗလီဟာ အစ္စလာမ် ဘာသာဝင်တို့အတွက် ဒုတိယမြောက် အထွတ်မြတ်ဆုံး ဘာသာရေး အဆောက်အဦးဖြစ်ပါတယ်။
နှစ်စဉ် Mecca ဘုရားဖူး လာကြတဲ့ ကမ္ဘာတဝန်းက မွတ်ဆလင်သန်းပေါင်းများစွာ သွားရောက် ဝတ်ပြုကြတဲ့ ဗလီလဲဖြစ်ပါတယ်။ ဆော်ဒီ အာရေးဘီးယားနိုင်ငံ တခြားနေရာ ၂ ခုမှာလဲ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ တစ်ခုက နိုင်ငံ အရှေ့ပိုင်း Qatif မြို့က ရှိရာဗလီတခုမှာ အသေခံ ဖေါက်ခွဲမှုဖြစ်ပြီး တခြား သေဆုံးသူရှိတယ် လို့တော့ မသိရပါဘူး။
အစောပိုင်း ကတော့ နိုင်ငံ အနောက်ပိုင်း Jeddah မြို့က အမေရိကန် ကောင်စစ်ဝန် ရုံးနားမှာ အသေခံသူက ဗုံးခွဲတိုက်ခိုက်ခဲ့တယ် လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန် အမှုထမ်းတွေထဲမှာ ထိခိုက်သေဆုံးသူ မရှိဘူးလို့ သံရုံး ထုတ်ပြန်ခဲ့ပါတယ်။
Your browser doesn’t support HTML5