{{Zawgyi/Unicode}}
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးသံတမန်စွန်ကော့ရှန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလကုန်ပိုင်းကျင်းပဖို့ရှိနေတဲ့ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ထည့်သွင်းရေးကိစ္စအတွက် အဓိက ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ဒီလိုဖိတ်ကြားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးကို ပစ်ပယ်လို့ မရတာကြောင့် ညှိနှိုင်းဆွေးနွေးနေပုံရကြောင်း သုံးသပ်တာ တွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ စွန်ကော့ရှန်ရဲ့ ခရီးစဉ်သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၉ လတာကာလအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးသံတမန် မစ္စတာစွန်ကော့ရှန်ဟာ မြန်မာပြည်ကို ဒုတိယအကြိမ် ရောက်ရှိလာတာဖြစ်ပြီး တနင်္လာနေ့ကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးသွားတဲ့အချက်တွေကိုတော့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောဆိုထားပါတယ်။
“အဓိကကတော့ ဒီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် တို့၊ ဦးတည်ချက် ၉ ရပ်တို့ လုပ်နေတဲ့ အခြေအနေတွေ၊ ဒီပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ်မှာ ခိုင်ခိုင်မာမာနဲ့ ဆက်လက် လျှောက်လှမ်းသွားမယ်ဆိုတဲ့အခြေအနေတွေ၊ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ဆက်ဆံရေး၊ တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများရဲ့ ဆက်ဆံရေးအခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်နေမှုကို တရုတ်ကနေပြီး ဆက်လက်ကူညီဆောင်ရွက်သွားမယ့်အခြေအနေတွေ အဲဒါတွေ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်ဗျ။”
တရုတ်-မြန်မာဆက်ဆံရေးကို လေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား ဒီလထဲကျင်းပဖို့ရှိတဲ့ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာပြည်ကို ထည့်သွင်းနိုင်ရေးညှိနှိုင်းဆွေးနွေးမှုက အဓိက အချက်ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။
“နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ASEAN plus China ဆိုတာ Seminar ကြီးရှိတယ်။ အဲဒီဟာမှာ မြန်မာပြည်ကို ဖိတ်သင့်၊ မဖိတ်သင့် စဉ်းစားနေတယ်ထင်တယ်။ ဟိုတနေ့ ကတော့ ပီကင်းမှာ အစည်းအဝေး တခုလုပ်တယ်ဗျ။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ASEAN နိုင်ငံ ၁၀ နိုင်ငံက သံအမတ်တွေနဲ့ ခေါ်တွေ့တာလေ။ အဲဒီ Seminar အတွက် ပြင်ဆင်တာ။ အဲဒါကလည်း အရေးကြီးတယ်ဗျ။”
အာဆီယံအသင်းနဲ့ တရုတ်နိုင်ငံကြား ဆွေးနွေးဘက် မိတ်ဖက်ဖြစ်တဲ့ အနှစ် ၃၀ ပြည့် အထိမ်းအမှတ်နဲ့ တရုတ်သမ္မတ Xi Jinping နဲ့ အာဆီယံခေါင်းဆောင်တွေ အွန်လိုင်းကနေ ဆွေးနွေးကြဖို့ရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တခြားဒေသတွင်း ကိစ္စတွေအတွက်လည်း ထည့်သွင်းစဉ်းစားထားပုံရကြောင်း အခုလို ဆက်ပြောပါတယ်။
“နောက်တခုက ဒီလို ARCEP လို့ခေါ်တဲ့ Regional Comprehensive Economic Partnership ဆိုတာလေ၊ ASEAN ၁၀နိုင်ငံနဲ့ တရုတ်အပါအဝင်ပေါ့။ အာရှနိုင်ငံက စီးပွားရေးနိုင်ငံကြီးတွေ ၅ နိုင်ငံပေါ့။ သြစတေလျတို့၊ ဂျပန်တို့၊ တောင်ကိုရီးယားတို့ အဲဒါတွေပါတဲ့ ကမ္ဘာ့ လွတ်လပ်တဲ့ ဈေးကွက်ကြီးကို တရုတ်က တော်တော်အားသန်နေတယ်။ လုပ်ဖို့ကိုလေ။ ဒီနှစ်ကုန်မှာ။ အဲဒီဟာတွေနဲ့လည်း ပတ်သက်လို့ တရုတ်က နည်းနည်း လောနေပုံရတယ်။ နောက် တောင်တရုတ်ပင်လယ်တွင်းမှာလည်း သူက Code of Conduct ရေးဆွဲဖို့ ကိစ္စတွေ ရှိသေးတယ်ဗျ။ အဲတော့ အဲဒီမှာ မြန်မာနိုင်ငံကို ချန်ထားလို့ မဖြစ်ဘူးလေ။ သူက ASEAN နိုင်ငံထဲမှာလည်း ပါတော့။ အဲတော့ ASEAN ထဲကို ဘယ်လိုပြန်ဆွဲမလဲဆိုတဲ့အခါမှာ သူတို့ တော်တော်ကြိုးစားနေပုံရတယ်။”
အခြားနိုင်ငံရေးသုံးသပ်သူ သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း အလားတူ ရှုမြင်ထားပါတယ်။
“အခုလာတာကတော့ ကျနော်ထင်တယ်။ သူတို့ဆီမှာ အခု ASEAN နဲ့ တရုတ်နဲ့ အစည်းအဝေးလုပ်ဖို့ ရှိတယ်လေ။ အဲဒီအစည်းအဝေးလုပ်ဖို့ ရှိတော့ ပုံမှန်အနေအထားဆိုရင်တော့ မြန်မာကလည်း အသင်းဝင်နိုင်ငံတခုဆိုတော့ ဖိတ်လိုက်ပြီး အစည်းအဝေးလုပ်ကြရင် ပြီးသွားတာပေါ့ဗျ။ ဒါပေမဲ့ မြန်မာက နောက်ဆုံး ASEAN လုပ်တဲ့အစည်းအဝေးမှာ ဖိတ်ကြား မခံရဘူးပေါ့နော်။ အဲဒီဟာကို ဖိတ်ကြားဖို့ အတွက် လာရင်းနဲ့ တခြား ကိစ္စတွေကိုလည်း ဆွေးနွေးညှိနှိုင်းတယ်လို့ ထင်တယ်။ အဓိကကတော့ အဲဒီကိစ္စပေါ့။ ”
တချိန်တည်းမှာ မြန်မာနိုင်ငံရေးကိုလည်း ဆွေးနွေးသုံးသပ်နိုင်ကြောင်း ဦးရဲထွန်းက ဆက်ပြောပါတယ်။
“နောက်ဆုံး ကျနော်တို့ ခန့်မှန်းရတဲ့သဘောထားကတော့ NLD ကို ဖျက်သိမ်းတာတော့ သူတို့ သိပ်သဘောမကျဘူးလို့ ယူဆတယ်။ နောင် အနာဂတ်မှာ NLD မပါတဲ့ မြန်မာနိုင်ငံရေးဟာ တည်ငြိမ်မှုရှိမှာ မဟုတ်ဘူးလို့ သူတို့ ကတော့ မြင်တယ်ပေါ့နော်။ အဲလို တည်ငြိမ်မှုမရှိရင် သူရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက်လည်း အများကြီး အခက်အခဲတွေ့နိုင် တာပေါ့။ ဆိုတော့ သူတို့ကတော့ တတ်နိုင်သမျှတော့ မဖျက်သိမ်းခံရဖို့ကိုတော့ သူတို့ ကြိုးစားပြီး ရပ်တည်နေတယ်။ ဖြစ်နိုင်ရင်တော့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြီးတော့ ဒီပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ အဲသလို တိုက်တွန်းနေတာပဲ။”
မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုဘေးဖယ်ထားလို့ မရဘူးလို့ တရုတ်ဘက်က သဘောထားရှိပုံရကြောင်း ဒေါက်တာလှကျော်ဇောကလည်း သုံးသပ်ပါတယ်။
“တရုတ်ဘက်က ကြည့်တော့လည်း တကယ်လို့ ဒီမိုကရေစီလမ်းအတိုင်း ပြန်သွားမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ NLD တို့ မပါလို့ မဖြစ်ဘူး။ ဒါကြောင့်မို့ NLD တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ဘယ်လိုနည်းနဲ့ ပြန်ပြီးတော့ စေ့စပ်ပေးလို့ရမလဲလို့ သူတို့က တွက်နေပုံရတယ်။ အဲတော့ ဗမာပြည်ပါရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်လိုက်လို့လည်း မဖြစ်ဘူး။ အဲတော့ တခြား ဘယ်လမ်းများ ရှာလို့ရမလဲလို့ ရှာနေပုံရတယ်။”
ဒါတွေကတော့ တရုတ်မြန်မာအရေးသုံးသပ်သူတွေရဲ့ အမြင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဆိုင်ရာအထူးသံတမန် မစ္စတာ စွန်ကော့ရှန်ဟာ သြဂုတ်လအတွင်းကလည်း မြန်မာပြည်ကို တစ်ပတ်ကြာ ပထမအကြိမ် လာရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်အဖြစ် တရုတ်နိုင်ငံရဲ့ အာရှဆိုင်ရာ အထူးသံတမန် စွန်ကော့ရှန် မြန်မာနိုင်ငံကို လာရာက်တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
============
{{Unicode}}
============