ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Luzon ကျွန်းကို Mangkhut ဆူပါတိုင်ဖုန်းမုန်တိုင်းကြီး စနေနေ့ အရုဏ်မတက်ခင်မှာ ဝင်တိုက်တာ ကြောင့် လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး မိုး အပြင်းအထန် ရွာပြီးတော့ မြေပြိုကျတာတွေရှိသလို လူနေအိမ်အများအပြား ပျက်စီးသွားပါတယ်။
ဆူပါတိုင်ဖုန်းမုန်တိုင်းအဆင့်ကနေ တိုင်ဖုန်းမုန်တိုင်းအဆင့်ကို လျှော့ချထားလိုက်ပြီးဖြစ်ပေမဲ့လည်း မုန်တိုင်းဟာ အားပြင်းနေဆဲ ဖြစ်ပြီး လူဦးရေ ၅ သန်းကျော် မုန်တိုင်းဘေးသင့်မယ့်အရေး ရင်ဆိုင်နေရတာပါ။
မုန်တိုင်းဒဏ် ခံစားရမယ့်အန္တရာယ် အမြင့်မားဆုံးရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံတွင်း ဒေသတွေက လူပေါင်း ၈၇,၀၀၀ ပတ်ဝန်းကျင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။ မနီလာမြို့တော်အပါအဝင် Luzon ကျွန်းပေါ်က ပြည်နယ်နဲ့မြို့အများစုမှာ မုန်တိုင်း အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ တနင်္ဂနွေနေ့မှာ ဖိလစ်ပိုင်နိုင်ငံခရီးစဉ် စတင်ဖို့ စီစဉ် ထားပေမဲ့ မုန်တိုင်း အန္တရာယ်ရှိနေတာကြောင့် ခရီးစဉ်ကိုရွှေ့ဆိုင်းဖို့ နှစ်နိုင်ငံအကြား သဘောတူ ထားပါတယ်။ ပြည်ပခရီးစဉ် သုံးပုံတပုံအပါအဝင် လေယာဉ်ခရီးစဉ် ၁၅၀ လောက်ကို ပယ်ဖျက် ထားပြီး ရေကြောင်းသွားလာရေးကိုလည်း ရပ်ဆိုင်းထားပါတယ်။
မုန်တိုင်းဟာ အခုဆိုရင် ဟောင်ကောင်ကျွန်းနဲ့ တရုတ်တောင်ပိုင်းဒေသတွေဘက်ကို ဦးတည် ရွေ့လျားသွားနေပြီး တရုတ်နိုင်ငံ၊ Guangdong ပြည်နယ်ဟာလည်း မုန်တိုင်းလမ်းကြောင်း အတွင်းမှာ ကျနေပါတယ်။ တနင်္ဂနွေနေ့လည် ဒါမှမဟုတ် ညနေပိုင်း လောက်မှာ Guangdong ပြည်နယ် ကမ်းရိုးတန်းတနေရာရာကနေ ကုန်းတွင်းပိုင်းကို Mangkhut မုန်တိုင်း ဝင်လာမယ်လို့ တရုတ် မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဟောင်ကောင်ဒေသခံတွေအနေနဲ့ အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ လုံခြုံရေးဆိုင်ရာဝန်ကြီး Lee Ka-chiu က တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5