အင်ဒိုနီးရှားသမ္မတ ရှေ့သီတင်းပတ် မြန်မာပြည် သွားမည်

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယူနို (အလယ်)။

အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယူနို (အလယ်)။

အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono ဟာ လာမယ့် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို တရားဝင် အလည်အပတ် သွားရောက် ဖြစ်ပါတယ်။ ဒါဟာ သမ္မတ Susilo Bambang Yudhoyono အနေနဲ့ ၂ဝဝ၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတော်ဧည့်သည် အဖြစ် ပြည်ပနိုင်ငံတခုကို သွားရောက် လည်ပတ်တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ်နေတဲ့အချိန် ကမ္ဘာ့ အစ္စလာမ်ဘာသာဝင် အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတတစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို အခုလို လာလည်တဲ့ အတွက် နှစ်နိုင်ငံအကြားရှိနေတဲ့ ဆက်ဆံရေးကို စမ်းသပ်မယ့် ခရီးစဉ်လည်း ဖြစ် ပါတယ်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ မနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် OIC - အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဝန်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့ ကို မြန်မာနိုင်ငံကို လာရောက် လေ့လာခွင့်ပြုဖို့ OIC အကြီးအကဲ Ekmeleddin Ihsanoglu က မကြာသေးခင် ရက်ပိုင်း အတွင်းကပဲ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အနေနဲ့လည်း အဲဒီ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ အချက်အလက် ရှာဖွေရေးအဖွဲ့ အမြန်ဆုံး စေလွတ်ဖို့လည်း OIC အဖွဲ့က တောင်းဆိုထားပါတယ်။