လူဗန်းကက်သလစ် တက္ကသိုလ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဒေါ်စုလက်ခံရယူ

ဘယ်လ်ဂျီယံဘုရင်နဲ့ မိဖုရားက ဒေါ်အောင်ဆန်းစုကြည်ကို Laeken နန်းတော်တွင် တွေ့ဆုံစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၉ ရက်၊ စနေနေ့ ဒီကနေ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ရောက်နေပြီဖြစ်ပြီး လူဗန်း ကက်သလစ်တက္ကသိုလ် (Universite catholique de Louvain) မှာ စကားပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဒီတက္ကသိုလ်က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း လက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ် ဥရောပခရီးစဉ်အကြောင်းကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဘရပ်ဆဲလ်ြမို့ဆီ ရောက်သွားပြီးတဲ့နောက် ဒေသစံတော်ချိန် ညနေ ၃ နာရီက လူဗန်း ကက်သလစ် တက္ကသိုလ်မှာ စကားပြောခဲ့ပါတယ်။ အဲဒီပွဲကို လူ ၁,၀၀၀ ကျော် တက်ရောက်မယ့်အကြောင်း တက္ကသိုလ်ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဘရူနို ဒန်ဗူး (Bruno Denvaux) က အစောပိုင်းမှာ ဗွီအိုအေကို ပြောခဲ့ပါတယ်။

“နိုင်ငံရေးမှာ သဒ္ဓါတရားနဲ့ ကရုဏာတရား ထားရှိရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။
တဆက်ထဲမှာပဲ လူဗန်းကက်သလစ်တက္ကသိုလ်က ၁၉၉၈ ခုနှစ်ကတည်းက ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာနဲ့ တက္ကသိုလ်က အလေးအမြတ်ထားတဲ့ တန်ဖိုးတွေအတွက် ရုန်းကန် လုပ်ဆောင်ခဲ့တာကြောင့် ဒီဆုကို ချီးမြှင့်တာဖြစ်တယ်လို့ မစ္စတာဒန်ဗူးက ပြောပါတယ်။

“ထူးချွန်ပြောင်မြောက်တဲ့ လူတွေက လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး စတဲ့တန်ဖိုးတွေအတွက် လုပ်ဆောင်ချက်တွေကို ကျောင်းသားတွေအကုန်လုံးဆီ ရောက်ရှိစီးဆင်းစေချင်တဲ့အတွက် ဒီလိုဂုဏ်ထူးဆောင်ဆုကို ကျနော်တို့တက္ကသိုလ်ကနေ ချီးမြှင့် ပေးအပ်တာဖြစ်ပါတယ်။”

ဒီဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို ပေးအပ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အကျယ်ချုပ် ကျနေတာမို့ ကိုယ်တိုင် သွားမယူနိုင်ခဲ့ဘဲ ကွယ်လွန် သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်လ် အဲရစ်စ် လက်ခံရယူခဲ့တယ် လို့ ညွန်ကြားရေးမှူး မစ္စတာဒန်ဗူးက ပြောပါတယ်။ အခုတစ်ကြိမ်မှာမှ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက္ကသိုလ်ဆီသွားရောက်ပြီး လက်ခံရယူနိုင် တာပါ။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက္ကသိုလ်ဆီ လာရောက်တဲ့အပေါ် သူဘယ်လိုခံစားရတယ်ဆိုတာကို မစ္စတာဒန်ဗူးက အခုလို ပြောပြပါတယ်။

“သိပ်ကိုဝမ်းသာပျော်ရွှင်ပြီး အင်မတန် ဂုဏ်ယူမိပါတယ်။ ကျနော်တို့ဆီလာပြီး ဒီကလူ တွေနဲ့ အပြန်အလှန် ဆွေးနွေး၊ ကျောင်းသားတွေနဲ့ စကားပြောတာ ဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ကိုပေးတဲ့ သိပ်ကောင်းမွန်တဲ့ လက်ဆောင်ပါ။ သူက မိနစ် ၂၀ ကြာ စကားပြောပြီးတဲ့နောက် အမေး အဖြေ လုပ်ကြမှာပါ။ ဒါဟာ သိပ်ကို ကောင်းပါတယ်ဗျာ။ ကျောင်းသားအားလုံး အတွက်တော့ သူမတူတဲ့ အခွင့်အလမ်းပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၈ ရက် သောကြာနေ့က မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် ဥရောပခရီးစဉ်က နိုဝင်ဘာလ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း အောက်တိုဘာလ ၂၀ ရက်၊ တနင်္ဂနွေနေ့ နေ့လည်ပိုင်းကျရင် ဘရပ်ဆဲလ်မြို့မှာ ဥရောသမဂ္ဂဥက္ကဋ္ဌ Herman van Rompuy၊ အောက်တိုဘာလ ၂၁ ရက်၊ တနင်္လာနေ့ကျရင် လူဇင်းဘိုမှာ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး အောက်တိုဘာလ ၂၂ ရက် အင်္ဂါနေ့ ကျရင်တော့ ပြင်သစ်နိုင်ငံ Strasbourg မှာ ဥရောပပါလီမန်ကပေးထား တဲ့ ဆာခါရော့ဗ်ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်မှာ စကားပြောဖို့၊ မြောက်ပိုင်း အိုင်ယာလန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လေ့လာဆွေးနွေးဖို့၊ အီတလီနိုင်ငံမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့တဲ့ မြို့ ၄ မြို့ဆီ သွားရောက်ဖို့ အစီအစဉ်တွေရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။