ဆွီဒင်နိုင်ငံမှာ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ဆိုရှယ် ဒီမိုကရက်တစ် ပါတီက ထောက်ခံမဲအများဆုံး ရရှိကြောင်း တရားဝင် အတည်ပြုလိုက်ပါတယ်။
ဒါပေမယ့်လည်း အနိုင်ရတဲ့ အရေအတွက်က စံချိန်တင် လျော့နည်းခဲ့ပြီး ရွှေ့ပြောင်းဝင်ရောက်မှုကို ဆန့်ကျင်မှုတွေ ကြီးထွားလာနေချိန်မှာ လက်ယာဝါဒီ ဆွီဒင် ဒီမိုကရက်တွေ အနိုင်ရမှုကတော့ မြင့်တက်လာပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်လိုက်တဲ့ အပြီးသတ် မဲရလဒ်တွေ အရတော့ ဝန်ကြီးချုပ် Stefan Lofven ရဲ့ ဆိုရှယ် ဒီမိုကရက်တွေက ထောက်ခံမဲ ၂၈ ဒသမ ၃ ရာခိုင်နှုန်း၊ ဗဟိုလက်ယာဝါဒီ Moderate ပါတီက ၁၉ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ဆွီဒင် ဒီမိုကရက်တွေက ၁၇ ဒသမ ၅ ရာခိုင်နှုန်း အနိုင်ရကြပါတယ်။
လက်ဝဲဝါဒီ ဆိုရှယ် ဒီမိုကရက်တွေ အနေနဲ့ ပါတီ တခုတည်း အစိုးရ ဖွဲ့နိုင်မှာ မဟုတ်ပါဘူး။ တဖက်မှာလည်း အလယ်အလတ်ဝါဒီတွေရဲ့ အတိုက်အခံ ပါတီ နဲ့ လက်ရှိ အာဏာရ ဗဟိုလက်ယာ ဝါဒီ ပါတီ တို့ အနေနဲ့လည်း လွှတ်တော် အမတ်နေရာ ၃၄၉ နေရာမှာ အများစုဖြစ်ဖို့ လုံလောက်တဲ့ ထောက်ခံမဲ ရမထားပါဘူး။ အတိုက်အခံ Moderate ပါတီ ဘက်ကရော လက်ရှိ အာဏာရ ဆိုရှယ် ဒီမိုကရက် ပါတီတို့ကရော အစိုးရဖွဲ့နိုင်ရေး အတွက် အလားအလာ အရှိဆုံး လက်ယာဝါဒီ ဆွီဒင် ဒီမိုကရက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားတာပါ။
ဒါကြောင့်လည်း အခု ရွေးကောက်ပွဲ ရလဒ်တွေ အရဆိုရင်တော့ ဆွီဒင်နိုင်ငံမှာ အစိုးရဖွဲ့နိုင်ရေး ဆွေးနွေးမှုတွေ အတွင်း နိုင်ငံရေး အရ မရေရာမှုတွေ သတင်းပတ်နဲ့ချီ ရင်ဆိုင်ရမယ့် အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲထွက်ထည့်သူက ၈၇ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5
ဆွီဒင်ရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရကြေညာ