Sydney မြို့မှာ ဓါးထိုးတိုက်ခိုက်မှု ၆ ဦးသေဆုံး

ဩစတြေးလျနိုင်ငံ၊ Sydney မြို့က နာမည်ကျော် Bondi ပင်လယ်ကမ်းခြေရှိ Westfield Shopping Mall အတွင်း ဓားနဲ့လိုက်လံ တိုက်ခိုက်မှုက လွတ်မြောက်လာသူများ

ဩစတြေးလျနိုင်ငံ၊ Sydney မြို့က နာမည်ကျော် Bondi ပင်လယ်ကမ်းခြေနဲ့ မဝေးတဲ့ Shopping mall ကြီး တခုအတွင်း လူတယောက်က ဓားနဲ့လိုက်လံ တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၉ လသား ကလေးငယ်လေး အပါအဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Bondi Junction နေရာမှာရှိတဲ့ Westfield Shopping Mall ထဲမှာ လူတဦးက ဓားနဲ့လိုက်ထိုးတာဖြစ်ပြီး အဲဒီ တိုက်ခိုက်တဲ့သူကိုတော့ ရဲမေတဦးက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ဩစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီနေ့ စနေနေ့ နေ့လည်ခင်း ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့အချိန် တိုက်ခိုက်မှု ဖြစ်သွားခဲ့တာပါ။

အမျိုးသမီး ၅ ဦးနဲ့ အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ New South Wales ပြည်နယ် ရဲမှူးကြီး Karen Webb က ပြောပါတယ်။

တိုက်ခိုက်သူဟာ အသက် ၄၀ ဝန်းကျင်ရှိသူ အမျိုးသားတဦးဖြစ်ပြီး တိုက်ခိုက်မှုကို သူတဦးထဲ လုပ်ပုံရတယ်လို့ ရဲကပြောပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။