ဓာတုလက်နက် ရှင်းလင်းဖို့ သမ္မတ Assad အာမခံ

Syria သမ္မတ Bashar al-Assad Fox News နဲ့ အင်တာဗျူးပြုလုပ်နေစဉ်။ (စက်တင်ဘာ ၁၈၊ ၂၀၁၃)

ဆီးရီးယားသမ္မတ Bashar al-Assad က ဓါတုလက်နက်တွေကို ဖျက်စီးပစ်ဖို့
အပြည့်အဝ သန္နိဋ္ဌာန်ချထားပြီလို့ ပြောခဲ့ပေမဲ့ ပြီးခဲ့တဲ့လက ဓါတုလက်နက်နဲ့
တိုက်ခိုက်မှုက သူ့တပ်တွေလုပ်တာ မဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်၊
ဓါတုလက်နက်တွေ ဖယ်ရှားရှင်းလင်းရေးအတွက် အမေရိကန်နဲ့ Russia
တို့ကြားရရှိထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဖို့အတွက် ကတိပြုတယ်လို့ အမေရိကန် ရုပ်သံ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ Mr. Assad ကပြောကြားခဲ့ပါတယ်။

အခြေအနေဟာ ခက်ခဲရှုပ်ထွေးပြီး ဓါတုလက်နက်တွေကို
ဖျက်စီးပစ်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံလောက် ကုန်ကျနိုင်သလို ၁
နှစ် ဒါမှမဟုတ် ၁ နှစ်ကျော်ကြာနိုင်တယ်လို့ သူကပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခြေအတင် ဆွေးနွေးနေဆဲဖြစ်တဲ့
လက်နက်ဖြုတ်သိမ်းရေးအစီအစဉ်အရ ဆီးရီးယားအစိုးရအနေနဲ့ သူတို့ရဲ့
ဓါတုလက်နက်စာရင်း အပြည့်အစုံကို စနေနေ့ မကုန်ခင်ပေးရမှာဖြစ်ပါတယ်။
ဆီးရီးယားသမ္မတကတော့ မနက်ဖြန်မှာတောင်ပေးဖို့ လိုလားတယ်လို့ဆိုပြီး
လက်နက်တွေ သိုလှောင်ထားတဲ့ နေရာတွေဆီကို ကျွမ်းကျင်သူတွေ
သွားခွင့်ပြုနိုင်ပါတယ်လို့ပြောပါတယ်။

August လ ၂၁ ရက်နေ့က အရပ်သားတွေ အပေါ် တိုက်ခိုက်မှုမှာ Sarin အဆိပ်ဓါတ်ငွေ့သုံးတယ်ဆိုတာ အတည်ပြုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကိုလဲ ဆီးရီးယားသမ္မတက ဝေဖန်ပါတယ်။ အစီရင်ခံစာပါ အချက်တွေဟာ အဓိပ္ပါယ်မရှိဘူးလို့ Mr. Assad က ဆိုပါတယ်။

Sarin အဆိပ်ဓါတ်ငွေ့ကို သူပုန်တွေရ သွားတာဖြစ်နိုင်တယ်လို့
သူ့အစိုးရပြောနေတဲ့အတိုင်း ထပ်ပြီးတော့ သူကထပ် ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သူ့အစိုးရက ပြည်တွင်းစစ်တိုက်နေတာ မဟုတ်ဘဲ
နိုင်ငံပေါင်း ၈၀ ကျော်ကနေ စိမ့်ဝင်လာနေတဲ့ အစ္စလာမ်မစ်သူပုန်တွေအပေါ်
စစ်ဆင်နေတာသာ ဖြစ်တယ်လို့လဲ ဆီးရီးယား သမ္မတက ဆိုပါတယ်။ ၂
နှစ်ကြာနေပြီဖြစ်တဲ့ စစ်ပွဲကနဦးက အကြမ်းဖက်သမားတွေမပါဘူးဆိုတာကို
အသိအမှတ်ပြုပေမဲ့ ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ တော်လှန်တိုက်ခိုက်နေတဲ့ သူပုန်အများစုဟာ အကြမ်းဖက် သမားတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုဆိုရင် သူပုန် 80% ကနေ 90% က
Al-Qaida နဲ့ သူ့ရဲ့ အဆွယ်အပွား အဖွဲ့တွေ ပါဝင်နေတယ်လို့ Fox သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဆီးရီးယားသမ္မတ Bashar al-Assad ကပြောကြားခဲ့ပါတယ်။