အာလက်ပိုတိုက်ပွဲကြောင့် အရပ်သား ၂ သိန်း တိမ်းရှောင်

ဆီးရီးယားနိုင်ငံ အာလက်ပိုမြို့မှာ အစိုးရတပ်နဲ့ သူပုန်တွေအကြား လတ်တလော တိုက်ပွဲတွေကြောင့် ၂ ရက်အတွင်း မြို့ခံ ၂ သိန်းကျော် အနီးပတ်ဝန်းကျင်က ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ လူလူချင်းစာနာမှုရေးရာ ကုလသမဂ္ဂအကြီးအကဲ Valerie Amos က ပြောဆိုလိုက်ပါတယ်။ အာလက်ပိုက စစ်ပြေးဒုက္ခသည်တွေ ဟာ စာသင်ကျောင်းတွေ၊ အများပြည်သူ ဝင်ထွက်နိုင်တဲ့ အဆောက်အဦးတွေထဲမှာ ခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂ မဟာမင်းကြီး Valerie Amos က တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အဲဒီ ဒုက္ခသည်တွေအတွက် အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ အိပ်ယာ၊ စောင်၊ တကိုယ်ရေသန့်စင်ဖို့ လိုအပ်တဲ့ ယာယီသုံး ပစ္စည်းတွေနဲ့ သောက်သုံးရေ ပံ့ပိုး နိုင်ဖို့အတွက် ကုလနဲ့ တခြားအေဂျင်စီ ဝန်ထမ်းတွေဟာ တိုက်ပွဲတွေကြောင့် အခက်အခဲနဲ့ ကြုံနေရတယ်လို့ Valerie Amos ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆီးရီးယား လုံခြုံရေးတပ်တွေက အာလက်ပိုမြို့ သူပုန်တွေ ခြေကုတ်ယူရာ နေရာတွေကို တင့်ကားတွေ၊ အမြောက်တွေနဲ့ တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တာကြောင့် သူပုန်တွေက အနောက်တောင်ဘက်က salaheddine ခရိုင် အပါအဝင် အာလက်ပိုမြို့ တချို့ ရပ်ကွက်တွေကို ဒီရက်ပိုင်းအတွင်းမှာ ထိန်းချုပ်နိုင်ခဲ့ကြပြီလို့လည်း ဆီးရီးယား လှုပ်ရှားသူတွေက ပြောပါတယ်။ ဆီးရီးယားနိုင်ငံပိုင် သတင်းတွေကတော့ စစ်တပ်ကနေ Salaheddine က သူပုန်တွေကို မောင်းထုတ် နိုင်ခဲ့တယ်လို့ ကြေညာပေမဲ့ သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တော့ မကြားသိရသေးပါဘူး။

ဆီးရီးယားက တိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း တူရကီနိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၄၄,၀၀၀ ကျော် ရှိသွားပြီလို့ တူရကီက ပြောပါတယ်။