၀န်ကြီးအဖွဲ့ နှုတ်ထွက်မှု ဆီးရီးယား သမ္မတ လက်ခံ

၀န်ကြီးအဖွဲ့ နှုတ်ထွက်မှု ဆီးရီးယား သမ္မတ လက်ခံ

၀န်ကြီးအဖွဲ့ နှုတ်ထွက်မှု ဆီးရီးယား သမ္မတ လက်ခံ

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ သီတင်းတပတ်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဝန်ကြီးအဖွဲ့ နှုတ်ထွက်လွှာကို ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) က အင်္ဂါနေ့မှာ လက်ခံခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဟာမက် နာဂျီ အယ်လ် အော့ထရီ (Mohammed Naji Otari) ရဲ့ အစိုးရအဖွဲ့ အင်္ဂါနေ့က နှုတ်ထွက်ခဲ့ပြီးတဲ့နောက် နှုတ်ထွက်လွှာကို သမ္မတ အာဆတ်က လက်ခံခဲ့တဲ့အကြောင်း ဆီးရီးယား နိုင်ငံပိုင် သတင်းဌာနကနေ ကြေညာခဲ့တာပါ။ ဝန်ကြီးအဖွဲ့ အသစ်ကို မကြာခင်မှာ ကြေညာနိုင်မယ့် အနေအထား ရှိပါတယ်။

အင်္ဂါနေ့မှာပဲ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေရဲ့ သမ္မတ အာဆတ်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေဟာ ဆီးရီးယား နိုင်ငံတဝန်းမှာ ထွက်ပေါ်လာပြီးနောက် နိုင်ငံရေး အပြောင်းအလဲတွေဟာလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကျရင် သမ္မတ အာဆတ် တိုင်းပြည်ကို မိန့်ခွန်းပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ စဖြစ်ပြီးကတည်းက ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒါ့အပြင် အတိုက်အခံ ဆန္ဒပြပွဲတွေကို ကန့်သတ်ထားတဲ့ ဆီးရီးယားနိုင်ငံက နှစ်ပေါင်း ၅၀ ကြာ ကျင့်သုံးလာခဲ့တဲ့ အရေးပေါ် အုပ်ချုပ်ရေး ဥပဒေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဖျက်သိမ်းခဲ့တဲ့ ဒီဥပဒေဟာ ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုချက်တခု ဖြစ်ပါတယ်။

ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ တကယ့်ကျည်အစစ်တွေ အသုံးပြုပြီး ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အခုလို ဆန္ဒပြပွဲတွေ စတင်ကတည်းက အခုချိန်အထိဆိုရင် လူပေါင်း အနည်းဆုံး ၆၁ ယောက် သေဆုံးခဲ့ပြီးပြီလို့ ပြောဆိုခဲ့ပါတယ်။