အလက်ပိုမြို့မှာလူ ၁ သန်းခွဲ သောက်သုံးရေပြတ်လပ်

Syria-strike

ဆီးရီးယားနိုင်ငံက အလက်ပိုမြို့က သူပုန်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာကြောင့်လူ ၁.၇၅ သန်းဟာ သောက်သုံးရေပြတ်လပ်တဲ့ ပြဿနာနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါဟာ ဆီးရီးယားစစ်ပွဲအတွင်းမှာ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ပွားနေတဲ့ ကာလတွေထဲကတခုလည်းဖြစ်ပါတယ်။

အလက်ပိုမြို့ကလူတွေကို အဓိကရေပေးဝေနေတဲ့ မြို့အရှေ့ဘက်အခြမ်းက ရေပေးဝေရေးစခန်းတခုလည်း လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်သွားခဲ့ပြီး တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနေတာကြောင့် ပြင်ဖို့အတွက်လည်း သွားလို့မရဘဲဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များရံပုံငွေအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် နောက်ထပ် ရေပေးဝေရေးစခန်းကိုလည်း ပိတ်ပစ်လိုက်တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂဘက်က အရေးပေါ်ရေပေးဝေနေတာတွေကို တိုးချဲ့လုပ်ကိုင်သွားမယ်လို့ UNICEF အဖွဲ့ကပြောပါတယ်။

ကလေးတွေ အသက်ရှင်ဖို့က အရေးကြီးတာကြောင့် ဒီပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံးအနေနဲ့ ရေပေးဝေရေးစခန်းတွေကို တိုက်ခိုက်တာတွေကို ရပ်တန့်ပြီး ဒါကို ပြင်ဖို့အတွက် ခွင့်ပြုပေးသင့်တယ်လို့ UNICEF အဖွဲ့က ပြောပါတယ်။

အလက်ပိုမြို့ကို စနေနေ့က တိုက်ခိုက်မှုအတွင်း အဆောက်အအုံတွေအများအပြား ပြိုကျပျက်စီးသွားခဲ့တဲ့အပြင့် ၂၅ ယောက်ထက်မနည်း စနေနေ့က သေဆုံးသွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီရီးယားလူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောပါတယ်။

Your browser doesn’t support HTML5

အလက်ပိုမြို့လူ ၁သန်းခွဲသောက်သုံးရေပြတ်လပ်