ဆီးရီးယားနိုင်ငံ ဒါးမတ်စကတ် (Damascus) မြို့တော်ရဲ့ လူကုံတန် ရပ်ကွက်မှာ အစိုးရတပ်ဖွဲ့တွေ နဲ့ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား သုံးဦး သေဆုံးခဲ့ရတယ် လို့ ဆီးရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန ကနေ ကြေငြာလိုက်ပါတယ်။ အစိုးရ စစ်သား တစ်ယောက်လည်း သေဆုံးခဲ့ ရတယ် လို့ ဆိုပါတယ်။လုံခြုံရေး တပ်ဖွဲ့တွေက အဲဒီ မာဇာ ရပ်ကွက် ထဲက တိုက်ခန်း တစ်ခုကို ဝင်ရောက် စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ဖြစ်ပွားခဲ့တာ လို့ နိုင်ငံပိုင် ဆာနား သတင်း အေဂျင်စီကလည်း ဖော်ပြပါတယ်။
အဲဒီ တိုက်ခန်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေ ခိုအောင်းနေတယ် လို့ ဆိုပါတယ်။ အဲဒီ အကြမ်းဖက် သမား တွေဟာ နိုင်ငံခြားကနေပြီးတော့ သမ္မတ အာဆတ် အစိုးရ ဖြုတ်ချရာဖို့ ကြံစဉ်ရာမှာ ပါဝင်ပြီး အခုလို တိုက်ခိုက်နေတာ လို့ ဆိုပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေကို အတိုက်အခံ အဖွဲ့တွေ က ဖွဲ့စည်းပေးထားတာ လို့ ဆီးရီးယား အာဏာပိုင်တွေ က ပြောပါတယ်။ လန်ဒန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အကဲခတ် အဖွဲ့ကတော့ ဒီကနေ့ တိုက်ပွဲမှာ အစိုးရ စစ်သား (၁၈) ယောက် ဒဏ်ရာ ရခဲ့တယ် လို့ ပြောပါတယ်။
လုံခြုံရေးတင်းကြပ်စွာချထားတဲ့ နိုင်ငံခြား သံရုံးတချို့ရှိရာ နဲ့ အစိုးရလုံခြုံရေးဋ္ဌာနတည်ရှိရာ ဒါးမတ်စကတ် (Damascus) မြို့ရဲ့ အယ် မာဇီ (Al Mezze) မြို့မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ မျက်မြင် နဲ့ အတိုက်အခံ လှုပ်ရှားသူတွေက အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒီတစ်ခါ ထိပ်တိုက် ရင်ဆိုင် ဖြစ်တဲ့ တိုက်ပွဲ ဟာ ဆီးရီးယားက တိုက်ခိုက်မှုတွေ ထဲမှာ အဆိုးရွားဆုံး ဖြစ်တယ် လို့လည်း ဆိုပါတယ်။ စက်သေနတ်သံ တွေ၊ RPG ခေါ် ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ မျက်မြင်တွေကပြောပါတယ်။