Homs မြို့က အမျိုးသမီးနဲ့ကလေးတွေ ဆီးရီးယားအစိုးရ ထွက်ခွာခွင့်ပြု

ဆီးရီးယားအရေး ကြားဝင်ဆွေးနွေးပေးနေတဲ့ ကုလသမဂ္ဂ ဖြန်ဖြေရေးမှူး Lakhdar Brahimi

ဆီးရီးယားနိုင်ငံ Homs မြို့က ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို ချက်ချင်းပဲ ထွက်ခွာခွင့်ပေးဖို့ Switzerland နိုင်ငံ၊ ဂျနီဗာမြို့မှာ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက် နေတဲ့ အစိုးရအဖွဲ့ကိုယ်စားလှယ်တွေက သဘောတူခဲ့တယ်လို့ ဆီးရီးယားအရေး ကြားဝင်ဖြန်ဖြေပေးနေတဲ့ ကုလသမဂ္ဂသံတမန် Lakhdar Brahimi က ပြောပါတယ်။

Homs မြို့ဟာ ဆီးရီးယားနိုင်ငံက မြို့ကြီးတမြို့ဖြစ်ပြီး သူပုန်တွေထိမ်းချုပ်ထားတဲ့ နေရာကို ပြန်သိမ်းနိုင်ဖို့ အစိုးရက အပြင်းအထန် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ကြားဝင်ဖြန်ဖြေပေးနေတဲ့ ကုလသမဂ္ဂသံတမန်ဟာ ဆီးရီးယားအစိုးရ ဘက်ကရော အတိုက်အခံတွေဘက်ကပါ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ် တွေနဲ့ တနင်္ဂနွေနေ့မှာ ၂ ကြိမ်တိုင်တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ဂျနီဗာက အစောပိုင်းဆွေးနွေးမှုတွေမှာ ဆီးရီးယားအကျဉ်းထောင်တွေထဲမှာ ရှိတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို ပြန်ပြီးလွှတ်ပေးဖို့ အဓိကဆွေးနွေး ခဲ့ကြတာပါ။

အတိုက်အခံတွေဘက်ကလည်း သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးထားတဲ့ အကျဉ်းသားစာရင်းကို ထုတ်ပြန်ပေးဖို့ ဆီးရီးယားအစိုးရ တောင်းဆိုချက်ကို သဘောတူခဲ့တယ်လို့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘရာဟိမိကပြောပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာ နှစ်ဘက်စလုံးက သူနဲ့ မျက်နှာချင်းဆိုင်တွဲပြီး တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ အဲဒီအခါမှာ ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။